Wednesday, February 18, 2015

လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏



သို့
ဆရာနေထွန်းနိုင်
ဆရာခင်ဗျား။
တပ်မတော်ရဲ့မဟာဗျူဟာပြောင်းလဲဖို့ဆိုရင်... ဆိုတဲ့ဆောင်းပါးမှာ ဆရာ့အရေးအသားနှင့်ဆရာ့ တွေးအားများသည် ဆွန်ဇုနှင့် ကလော့စ်ဝိတ်ခ်တို့နှစ်ယောက်ပေါင်းဝင်စားထားသလား အောက်မေ့ ရအောင်ပင် ရင်သပ်ရှုမော အံ့သြဖွယ်ကောင်းလှပါ သည်။ ကမ္ဘာကျော် စစ်ပါရဂူများ၊ စစ်ရေးသုတေသီ များတုန်လှုပ်ချောက်ချား လက်ဖျားခါရလောက် အောင် မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ အပ်ကျ မတ်ကျ ထောက်ပြနိုင်သည်ကား ဆရာ့လိုပုဂ်္ဂိုလ် မျိုးမှတစ်ပါးအခြားမရှိပါပြီ။ ဆရာ့ဂုဏ်တော်များ ကို ချီးမွမ်းဟိမ၀န္တာဖွင့်ခန်း ဤတွင်နိဋ္ဌိတံ၍ ဆရာ့စာ များကို ဆက်ပါမည်။

ဆရာအား တင်ပြပါဆောင်းပါးမတိုင်မီကပင် သတိထားမိခဲ့ပါသည်။ ဆရာသည် အစိုးရနှင့် တပ်မတော်တို့အပေါ်တွင် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်အတိုင်းလိုအပ်ချက်မှန်သမျှကို ဆရာစား မချန် အိတ်သွန်ဖာမှောက် ပြင်းထန်စွာဝေဖန် ထောက်ပြတတ်ကြောင်းကို ကောင်းစွာသိမြင်ပြီးကမ်္ဘာကျော်နိုဘယ်လ်ဆုရှင်ကြီးကိုကား ဖော်တန် ဖော်၊ ဖားတန်ဖားတတ်သည်ကို သိမြင်ထားပါသည်။ ယခုဆောင်းပါးကိုလည်း ခေါင်းစဉ်မြင်ကတည်းက တို့ဆရာ... အားပေးစကားပြောလေရှာပြီဟု အား တက်သရော် ပြူးပြဲဖတ်ကြည့်မိပါသည်။ အပိုဒ် (၁၄)ပိုဒ်ပါဝင်ကာ တပ်မတော်ဦးစီးချုပ်မှအစ အောက်ခြေစစ်သားအဆုံးဗျူဟစက္ကိနှင့်နန်္ဒိသေနပျို့ တို့ရှုံးအောင် နာနာကြင်ကြင်အပြစ်မြင်တိုင်း ၀မ်း တွင်းမသို ဟုတ်တိုင်းဆိုထားသည်ကိုလည်း လေး စားငါးတိုက်ဖွယ်တွေ့လိုက်ရပါသည်။


ဆရာ့ဆောင်းပါးတွင် ပညာဉဏ်ရည်တို့ ကလော်တိုင်းထွက်သည့်နှယ် လိုက်နာပြုပြင်ဖွယ်တို့ များစွာပါဝင်နေသော်လည်း အဓိကအနေဖြင့် တပ်မတော်ရဲ့တိုက်ခိုက်နိုင်မှုစွမ်းရည် (Hardware) ပိုင်း ပြင်ဆင်မှုအတွက် လိုအပ်ချက်နှင့် လက်ရှိ တပ်မတော်ခေါင်းဆောင်တွေ အပါအ၀င် စစ်သည် အားလုံးရဲ့ အမူအကျင့်၊စိတ်ဓာတ်ပိုင်းဆိုင်ရာ (Software) ပိုင်းကို ပြင်ဆင်ရန်လိုအပ်ချက်ဟူ၍ အပိုင်း ကြီး ၂ပိုင်း၊ အချက်ကြီး ၂ချက်ဖြင့် လွှမ်းခြုံထောက်ပြ ထားသည်ဟု ရှုမြင်မိပါသည်။ဆရာ့စာ ဆရာ့စကား များကို ပြည့်စုံလောက်ငစွာ ဖော်ပြခြင်းမတတ် နိုင်ရကား လိုသလောက်အချက်များကို ထုတ်နုတ်၍ တင်ပြသွားပါမည်။ အထူးသဖြင့်ကလောင်နှင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် စာရေးဆရာ တစ်ယောက်က လက်နက်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသည့် တပ်မတော်သားတို့အပေါ်သမားဂုဏ်ပြကာ ခလုတ်လာတိုက်သည့် စစ်ပညာ ပိုင်းဆိုင်ရာများကို ဦးစားပေးတင်ပြသွားပါမည်။

ဆရာခင်ဗျာ...စစ်ပညာကို ဘယ်သို့ယူဆပါ သလဲခင်ဗျာ။ ငယ်စဉ်က ကစားခဲ့ကြသည့် ၁။နေရာယူ၊ ၂။ အဆင်သင့်ပြင်၊ ၃။ ကျည်ဆန်ထည့်၊ ၄။ မောင်းတင်၊ ၅။နေရာယူ၊ ၆။ဝပ်၊ ၇။ပစ်နိုင် ပြီ...ဆိုတဲ့ သဘောများ ဆရာလက်ကိုင်ပြုထား ပါသလားခင်ဗျား။ သို့မဟုတ်ပါက ကုန်းပေါ်ကျ ထင်းရ၊ ရေထဲကျငါးရ...ယူဆထားပါသလားခင်ဗျား။ စစ်နည်းဗျူဟာတွင် အခြေခံအပိုင်းကြီး ဘယ်နှပိုင်းရှိ၍ ထိုအပိုင်းကြီးများပေါ်တွင် အခြေ ပြုသည့် ဥပဒေသ ဘယ်မျှရှိသည်ဟု နားလည်သမှု ရှိထားပြီးတိုက်ပွဲသုံးသပ်ချက် ဘယ်နှစောင် ပြုစု ဖူးပါသလဲခင်ဗျာ။ ကိုယ်တိုင်စစ်မြေပြင်၊ တိုက်ပွဲ ဖြစ်ရာနေရာသို့ သွားရောက်၍ ဘယ်နှခါများ လေ့လာ သုံးသပ်ဖူးပါသလဲခင်ဗျာ။ ခုတင်ပေါ်က တိုက်ပွဲများကိုတော့ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ပြုစုခဲ့ဖူးသည်ဟုတော့ ရယ်သွမ်းမသွေးလိုက်ပါနဲ့ ဆရာ။
ဆရာ့စကားဆက်ရရင် တပ်မတော်အထိနာခဲ့ရ ခြင်းအကြောင်းက တိုက်ခိုက်နိုင်မှုစွမ်းရည် ကျဆင်း နေတာက အဓိကအချက်ပါ။ စစ်လက်နက်ခဲယမ်းတွေပိုင်ထားပေမဲ့ အလွယ်တကူရွှေ့ပြောင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ လေကြောင်းပစ်ကူ သုံးခဲ့ပေမဲ့ မြေပြင် ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။သတင်းအချက်အလက်ရရှိမှုအားနည်းတယ်၊ သတင်း ထုတ်ပြန်မှုပါ အားနည်းခဲ့ပါတယ်။ ၀င်တိုက်မယ်လို့ ကြိုတင်ပြောထားလျက်နဲ့ ကြိုတင်ကာကွယ်နိုင်စွမ်းအားနည်းခဲ့ပါတယ်။ ဒီအတွက် ကျဆုံးသူများခဲ့တယ်။ တပ်မတော်က အာရုံစိုက်နေတယ်လို့ ယူဆရတဲ့ ဒေသမှာရှိတဲ့ စစ်ဌာနချုပ်တစ်ခု တိုက်ခိုက်ခံရတာ ဟာတပ်မတော်အဖို့ အရှက်ရစရာ ဖြစ်ပါတယ်။ ပိုစိုးရိမ်စရာ ကောင်းတာက အခုလို ကျဆင်းနေတဲ့ တိုက်ခိုက်နိုင်မှု စွမ်းရည်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုဘယ်လိုကာကွယ်မလဲ။ ကျူးကျော် ၀င်ရောက်လာသူတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်...လို့ ကောက် ချက်ချထားတာတွေ့ရပါတယ်။

ဆရာပြောတဲ့ Hardware အပိုင်းကို ကျွန်တော် ကတော့ ဒီလိုမြင်ပါတယ်
ဆရာ...
တပ်မတော်ဘက်မှ ဖေဖော်ဝါရီ၁၂ရက်နေ့မှာ အရာရှိ ငါးဦး၊ စစ်သည် ၄၂ ဦးကျဆုံးကာ အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦးဒဏ်ရာရလို့ ဒီလို သတင်းထုတ်ပြန်ပါတယ်ဆရာ။ ဒါနဲ့ပတ်သက်ပြီးကျဆုံး ဒဏ်ရာရစစ်သည်များထဲမှာ ခမရ(၅၂၂)က ထိခိုက် ဒဏ်ရာရမှုတွေများခဲ့လို့အဆုံးရှုံးစာရင်းမှာ ဒီလောက် များသွားတာလို့ ပထမဆုံး တင်ပြပါရစေဆရာ။ ဆရာ့စကားတွေကို တစ်ချက်ချင်း ထောက်ပြရရင် ၀င်တိုက်မယ်လို့ ပြောထားလျက်နဲ့ ကြိုတင်ကာကွယ် နိုင်စွမ်း အားနည်းခဲ့တယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဖုန်ကြားရှင်တပ်တွေ ဒီလောက်အင်အား အလုံးအရင်သုံးပြီး စခန်းကုန်း တွေကို အလစ်ဝင်လုံးတာတောင်မှ မော်ထိုက်စခန်း တစ်ခုပဲကျပါတယ်။ ဒကစ(လောက်ကိုင်)လက် အောက်ခံ ခြေလျင်၊ ခြေမြန်တပ်ရင်းတစ်ရင်းမှ မကျ တာကို ဆရာမကြားမိလေရော့သလားဗျာ။ တိုက်ပွဲ အနိုင်အရှုံးကို လူအင်အားနဲ့ဆုံးဖြတ်တဲ့ခေတ်က Long Long Ago က ကျန်ခဲ့ပါပြီဆရာ၊ အမေရိကန်- ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်တွေ သန်းချီသေခဲ့ပေမဲ့ စစ်နိုင်တယ်လို့ သတ်မှတ်ခြင်းခံရတာဟာ ဗီယက်နမ် ပါ။ ဆရာနားလည်အောင် အချက်အချာ (Critical) က တစ်ခါတလေလူအင်အားဖြစ်သလို၊ တစ်ခါတလေ မြေ(သို့မဟုတ်) အဆောက်အအုံ၊ တစ်ခါကျပြန် တော့ စစ်လက်နက်ပစ်္စည်း၊ နောက်တစ်မျိုးကျတော့ စိတ်ဓာတ်ဖြစ်တတ်ပါတယ်။ နောက်ဆုံး ခု ကိုးကန့် ဖုန်ကြားရှင်အဖွဲ့က သမ်္မတကြီးထံ အိတ်ဖွင့်ပေးစာ ဘယ်လိုရေးထားလဲဆိုတာ ဖတ်ကြည့်ရင် အနိုင်အရှုံး ကို ဆရာသိတော့မှာပါ။ အချုပ်အခြာအာဏာကို ထိလာရင် ဘယ်လိုလက်တုံ့ပြန်တယ်ဆိုတဲ့ စိတ်ဓာတ် ကိုလည်း ကမ္ဘာက သိသွားမှာပါ။ ဒါဟာ ချီ-တိုက်-ခံ-ခွာဆိုတဲ့ စစ်ကဏ္ဍကြီးလေးရပ်က ခံစစ်ကို မကျိုးပေါက်အောင် ထိန်းနိုင်တယ်ဆိုတာ ပြသ တာမဟုတ်ပါလားဆရာ။ ဗကပလူလှိုင်း စစ်ဆင်ရေး ကို စစ်ကူရောက်မလာခင်အထိ တစ်နေ့နဲ့တစ်ည ကြံ့ကြံ့ခံထားနိုင်ဆိုတာ နည်းတဲ့စွမ်းရည်လားဆရာ။ ဆရာပြောတဲ့ စစ်ဌာနချုပ်တစ်ခုကို တိုက်ခိုက်ခံရတာ အရှက်ရစရာဆိုပေမဲ့ ဒကစမှာ ဘာမှပစ်္စည်း ဆုံးရှုံးမှုမဖြစ်သလို ဒကစရဲ့ ဘယ်ဘန်ကာကိုမှ ရန်သူမသိမ်းနိုင်ခဲ့ပါဘူးဆရာ။ ဆရာပြောသလိုသာ ပြောကြစတမ်းဆိုရင် အစ္စရေးမှာ အိုင်းရွန်းဒုန်း ကာကွယ်ရေးလို ဒေါ်လာသန်းထောင်ချီတန်တဲ့ ကာကွယ်ပေးရေး စနစ်ကိုချိုးဖောက်ပြီး တဲအဗစ်ထိ ပစ်နိုင်တဲ့လက်နက်တွေ ဟစ်စဘိုလာတို့၊ ဟားမတ်စ် တို့မှာရှိနေတာ ခင်ဗျားတို့ သောက်သုံးမကျလိုက် တာလို့ နေတန်ရာဟုကိုပြောပေးစမ်းပါဆရာ။ ကမ်္ဘာ့ အချမ်းသာဆုံးနဲ့ စစ်ရေးအတောင့်တင်းဆုံး အမေရိ ကန်ကို တာလီဘန်လိုငမြောက်ငခြောက်က လေယာဉ် နဲ့ ပေါက်သတ်တာ ခင်ဗျားတို့ ညံ့လွန်းတယ်ဗျာ၊ အမေရိကန်ရေပိုင်နက်ထဲ ၀င်ရောက်ထောက်လှမ်း နေတဲ့ ရုရှားရေငုပ်သင်္ဘောကို တစ်လတိတိကြာမှ သိရတာ ညံ့ဖျင်းလွန်းတယ်ဗျာလို့ ဒီတစ်ခါအိုဘားမား လာရင် လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်စမ်း ပါဆရာ။ စစ်လက်နက်ပစ်္စည်းနဲ့ နည်းပညာဆိုတာ (ရန်သူ။မိမိ) အချိန်နဲ့အမျှ ပြောင်းလဲနေသလို အကန့် အသတ်လည်း ရှိတယ်ဆရာ။

ကျဆုံးမှုအပိုင်းကိုဆက်ပါ့မယ်ဆရာ။ မရိုးသီး၊ မရိုးတံကို လောက်လေးနဲ့ပစ်တာတို့ ၀ါးတံမှာအစို့ရှင်တပ် ပြီး ဗောင်ဗောင်ပစ်တာတို့ ဆရာငယ်ငယ်ကပစ်ဖူး ခတ်ဖူး ခဲ့မှာပေါ့။ မစပ်ဖူး၊ မနာဖူးလားဆရာ။မပစ်ဖူးမခတ်ဖူး ရင်လည်းစပ်တယ်၊ နာတယ်လို့ မှတ်လိုက်ပါဆရာ။ နောက် ဓာတ်ရှင်တွေထဲမှာလည်း ၀ုန်းခနဲ ဂျိမ်းခနဲ၊ ဒိုင်းခနဲ ဒက်ခနဲ ပစ်ကြခတ်ကြတာ ကျွန်တော့်ထက်ပိုပြီး ကြည့်ဖူး ပါလိမ့် မယ်ဆရာ။အဲသလိုပါပဲဆရာ။တိုက်ပွဲဆိုတာ တစ်ယောက် နဲ့ တစ်ယောက် ပန်းနဲ့ပေါက်တာမဟုတ်တော့ နာတတ် တာပေါ့ဆရာ။ ပြီးတော့ သေလည်းသေတတ်၊ ပြတ်လည်း ပြတ်တတ်၊ ကန်းလည်း ကန်းတတ်ပါတယ် ဆရာရယ်။မယုံရင်သေနတ်ပြောင်းဝတဲ့တဲ့ ရင်ကော့ရပ်ပေးပါ။ ကျွန် တော်ပစ်ပြပါ့မယ်ဆရာ။ ဆက်ရရင် ကျည်ဆန်တစ် ထောင်ရဲ့ ထိရောက်မှုအကွာအဝေး၊ လက်ပစ်ဗုံးတစ်လုံးရဲ့ ပေါက်ကွဲမှုစွမ်းအားကို သိပါ သလားဆရာ။ ဗုံးထဲမှာပါတဲ့ စပန်နာစတွေရဲ့ ပေါက်ကွဲလွင့်စဉ်မှုတွေရော မြင်ဖူးတွေ့ဖူး သလားဆရာ။ အဲဒီအစသေးသေးလေးက ခေါင်းပေါ်ကျ ရင်၊ နားထင်စိုက်ရင်၊ ၀မ်းဗိုက်မှန်ရင် သေတတ်တယ် ဆရာ။ ဒါတောင် လက်ပစ်ဗုံး၊ ၁၀၅ မမဆိုတဲ့ အမြောက်နဲ့ ဗုံးအကြောင်းကိုတော့လိုက်ဇာဆရာများ ကောင်းကောင်း သိပါတယ်ဆရာ။ဆရာလည်း ဆက် ပြောရရင်ဆရာ... ဟိုအတန်းရောက်ရင် အဟွာတွေ လှိုင်လှိုင်သုံးသလို ရန်သူက လက်ပစ်ဗုံးတွေ လှိုင်လှိုင်သုံး၊ ပစ်ကူပစ်အားတွေ လှိုင်လှိုင်သုံးပြီး အင်အားအနည်းဆုံးထင်တဲ့ကုန်းတွေကို တက်လုံးတာ အကျအဆုံးတော့ ရှိမှာပေါ့ဆရာ။ ကျဆုံး အင် အားထဲမှာ ၅၂၂ ကျချက်ကတော့ နာတယ်ဆရာ။ဒါကလည်း ဒီလိုရှိပြီး ဟိုဟာကတော့ ဟိုလိုရှိပါတယ် ဆရာ။ စစ်သဘောမှာ မြေကိုပိုင်ရင် စစ်နိုင်တယ်လို့ အဆိုရှိပါတယ်။ မျှော်လင့်မထားတဲ့အင်အားနဲ့ မျှော် လင့်မထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး ရုတ် ချည်းတိုက်လာတဲ့အခါ မြေအနေအထားအရသူတို့ အသာစီးရသွားပါတယ်။ အဲဒီချိန်မှာပဲ ၅၂၂က စစ်ကူ လိုက်လာပါတယ်။ လမ်းကြောင်းအနေအထားအရ ကား လမ်းမှတစ်ပါး ရွေးစရာမရှိသလို ကိုယ့်တပ်တွေကို ကူလို ဇောနဲ့ လျင်မြန်မှုကို ဦးစားပေးပြီး စစ်ကူလိုက်လာတာ ဖြစ်တဲ့အတွက် လုံခြုံမှုကို အဓိကမထားနိုင်တော့ပါဘူး ဆရာ။ဖဲဝိုင်းမှာ ရဲလိုက်ဖမ်းရင်လျင်မြန်မှုကို ဦးစားပေးရ တယ်ဆရာ။ အဲဒီအချိန်မှာ ဒီတစ်လမ်းကသာ အမြန်ဆုံး ရောက်မှာမို့ ဒီတစ် လမ်းကိုပဲသုံးပြီး ဒုန်းစိုင်းမောင်းလာတဲ့ ယာဉ်တန်းကို ကားမိုင်းထောင်ပြီး ကုန်းနှစ်ကုန်းကြားက စောင့်ပစ်ရတာ ဆရာနွှာနေကြ ငှက်ပျောသီးအခွံနွှာစားရ တာ ထက်လွယ်ပါတယ်ဆရာ။ အမြင့်စီးကနေ စုပြုံပစ် ခတ်တာခံလိုက်ရတော့မသေဘဲဘယ်နေမလဲဆရာ။ မကျ ဘယ်ရှိမလဲဆရာ။ စစ်ဝေါဟာရနဲ့ပြောရရင် ရန်သူက ယာယီခံစစ်ယူထားတဲ့နေရာကို ကိုယ်က ထိုးဖောက်တိုက် စစ်ဆင်ရတာဖြစ်ပါတယ်။ ဒါတောင် တပ်ရင်းတစ်ရင်းလုံး ဖရိုဖရဲတပ်ပျက်မသွားပါဘူးဆရာ။ အကုန်လုံးကိုလည်း မချေမှုန်းနိုင်ပါဘူး။ဒီနေရာမှာ ဒီလိုအခြေအနေ ဒီလိုပုံစံ မျိုးနဲ့ကြုံရရင် အမေရိကန်စစ်သားဆိုလည်း ကားမှာပါ ဆရာ။ယိုးဒယားစစ်သားဆိုလည်း ကားမှာပါဆရာ။အာဖ ဂန်၊ အီရတ်တို့မှာ အမေရိကန်နဲ့ မဟာမိတ် စစ်သားတွေ သောင်းချီသေတာ ဒီသဘောပါဆရာ။

ဆရာက တပ်မတော်တိုက်စွမ်းရည်မရှိဘူးလို့ ဝေဖန် တဲ့သဘောမှာ တပ်မတော်ဘက်က လက်ရှိ စာရင်းအရ အကျများနေတာကိုဆိုလိုပြီး သူပုန်ကြီးတို့ရဲ့ “ဒီနေ့ ၀တို့ တစ်ယောက်ကျလယ်”ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို ဘုရားဟောလို မှီငြမ်းတာလို့ ယူဆပါတယ်။ Mi35 တစ် စင်းရဲ့ပစ်အားကို မြင်ဖူးပါ သလားဆရာ။ MiG29 မှာပါတဲ့ ဗုံးရဲ့ပေါက်ကွဲအား နဲ့သက်ရောက်မှုအကွာအဝေးကို သိပါ သလားဆရာ။ သိချင်ဝယ်ဖတ်ပါ။ မြင်ချင်ရင် မြ၀တီတီဗွီ ပြန်ရှာပါ။ဒါ့ထက် အနီးစပ်ဆုံးသိချင်တယ်ဆိုရင်တော့ ဆယ်ပေါင်တုနဲ့ ငယ်ထိပ်ကို ထုခိုင်းလိုက်ပါဆရာ။သူတို့ လည်း သောက်သောက်လဲ သေမှာပေါ့ဆရာ။အလောင်း တောင် ကောက်မရတဲ့အပိုင်းပိုင်း အစစတွေ ဗရပွနေမှာ ပေါ့ဆရာ။ ဒီလောက်ဖိအားပေးပစ်ခတ်နေတာကိုမှ ငါမ သေဘူး ရေကူးတတ်တယ်ဆိုရင်တော့ ဒီအင်အားမက တော့ လို့ပေါ့ဆရာ။စစ်ကူ ထပ်ရောက်လာလို့ပေါ့ ဆရာ။ ကျဆုံးတဲ့စာရင်းကို အမှန်မပြောလို့ပေါ့ဆရာ။ ဒီလောက် ကလေးကတော့ လေးတန်းကလေးတောင် တွေးနိုင်ပါ တယ်ဆရာရယ်။ ဒါကို ဆရာတို့တွေက ကိုးကားနေတယ် ဆိုရင် တော့ သူပုန်လက်ကိုင်တုတ်၊ သူပုန်မီဒီယာ၊ သူပုန် စာရေးဆရာလို့ ယိုးစွပ်ကြလိမ့်မယ်ဆရာ။ သတိ ပေးတာ ပါ။ ခုလည်း လောက်ကိုင်ပိုင်ဝန်းကျင်ကို တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီဆိုတာ ဆရာရင်နင့်စရာကြား မိပါ လိမ့်မယ်။

နောက်စစ်လက်နက်ပစ်္စည်းတွေနဲ့ ပတ်သက်တဲ့ အပိုင်းပါ။ အဓိကဆရာဆိုလိုချင်တာကတော့ တရုတ် လုပ်စစ်လက်နက်ပစ်္စည်းတွေအများဆုံး ပိုင် ဆိုင်ထားပြီး ဒီပြင်နိုင်ငံတွေမဆိုထားနဲ့ တိုင်းရင်း သားလက်နက် ကိုင်တွေကိုတောင် ယှဉ်နိုင်စရာမရှိ ဘူးဆိုတဲ့သ ဘောပြောထားတာနဲ့ ပတ်သက်လို့ပါ။တပ်မတော်အ နေနဲ့ စစ်ရေးပြအခမ်းအနားတွေမှာ ထုတ်သုံးတဲ့ စစ်လက်နက်ပစ်္စည်းတွေကိုဒါအကုန် ပဲလို့ယူဆထား တာလားဆရာ။ ဒါမှမဟုတ် အတု တွေထုတ်ပြတာလို့ ယူဆနေတာလားဆရာ။ဆရာ သိအောင် ရိပ်ဖမ်းသံဖမ်းပြောရရင် ဒေသတွင်းမှာ မြန်မာ့တပ်မ တော် ရဲ့စစ်အင်အားနဲ့ စစ်လက်နက် ပစ္စည်းဟာခန့်မှန်းရအခက်ဆုံးပါ။ ဘယ်လောက် တောင်ခက်သတုန်းဆိုရင် တချို့လက်နက်ပစ်္စည်း စက်ရုံတွေဟာ တိုင်းမှူးတောင်ဘာမှန်းမသိတာ၊ တိုင်းမှူးတောင် စစ်ဆေးခွင့်မရှိတာတွေ ရှိနေပါသ တဲ့ဆရာ။ ဒါကိုမှဆရာတို့က နားရွက်ကို ခေါင်း ပတ်ကိုင်သလို နိုင်ငံတကာ စစ်ရေးသုတေသီတွေ ဆောင်းပါးကိုကိုးကား ပြီး ရေးသားတင်ဆက်နေတာ တပ်မတော်ဦးစီးချုပ်သာသိရင် ကျိတ်ရယ်နေလိမ့် မယ်ဆရာ။ နောက် သူပုန်တွေအကြောက်ကြီးခဲ့တဲ့G3 နောက်ပိုင်းမှာ သုံးစွဲလာတဲ့ မြန်မာ့တပ်မတော်ရဲ့ MA Series စစ် လက်နက်ပစ္စည်း အားလုံးဟာ ပြည် တွင်းမှာထုတ်နေ တာပါဆရာ။ သူတို့ကလည်း လူမ ဆန်တဲ့ စစ်လက်နက်တွေဆိုတာ အဲဒါတွေကြောင့် သေသွားတဲ့သူပုန်တွေသေရာကနှိုးပြီး မေးစမ်းကြည့် ပါဦးဆရာ။ နောက်ကီလို ၈၀၀ အကွာရောက်နိုင်တဲ့ တာလတ်ပစ်တွေကိုတောင် ထုတ်နိုင်ပြီဆိုလား။ ရေတပ်ကလည်း ပြည်တွင်းထုတ် Missile တစ်ခုကို ပစ်ပြသွားတာ ကုလားတောင် လန့်ဖျား ဖျားသွား တယ်ဆိုတာ မသိလိုက်ဘူးလားဆရာ။ လေတပ်နဲ့ ပတ်သက်ပြီးတော့လည်း ထို့အတူပါပဲ။ နောက်ပြီး နိုင်ငံကြီးတချို့နဲ့ စစ်လက်နက်ပစ္စည်းဆိုင်ရာသ ဘောတူ စာချုပ်တွေ ရာဂဏန်းနီးပါး ချုပ်ဆိုထား တယ်ဆိုတာမကြားမိဘူးလားဆရာ။ Myanmar Military website တွေ ဘာတွေလည်း ရှာဖတ် ကြည့်ပါဦးဆရာ။

နောက် ဘတ်ဂျက်ပိုင်းနဲ့ပတ်သက်လို့ပါ။ ဆရာ ပြောတာက...နှစ် ၂၀ ကျော်ကာလမှာ တိုင်းပြည် ရဲ့ ဘတ်ဂျက် ပျှမ်းမျှရာခိုင်နှုန်း ၃၀ ကနေ ရာခိုင်နှုန်း ၄၀ အထိ ကာကွယ်ရေးစရိတ်မှာ သုံးခဲ့ပေမယ့် ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ ပျှမ်းမျှ နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။
အာဆီယံနိုင်ငံတွေအပါအ၀င် အိမ်နီးချင်းနိုင်ငံ တွေနဲ့နှိုင်းယှဉ်ရင် နိုင်ငံတစ်ခုချင်းစီရဲ့ ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်အများဆုံးက မြန်မာနိုင်ငံ ဖြစ်နေပါတယ်။
ဥပမာ-ထိုင်းနိုင်ငံရဲ့ ဘတ်ဂျက်ခွဲဝေမှုကိုပဲ ကြည့်ပါ။ ထိုင်းနိုင်ငံမှာ တိုင်းပြည်ဘတ်ဂျက်ရဲ့ ၂၀ ဒသမ ၆ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးပါ တယ်။ စစ်ရေး အသုံးစရိတ်က ၇ ဒသမ ၅ ရာခိုင် နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာလည်း အတူတူ ပါပဲ။ ကာကွယ်ရေးအတွက်အသုံးပြုမှုဟာ ပညာရေး နဲ့ကျန်းမာရေးအသုံးပြုမှုကို ကျော်လွန်ခြင်းမရှိပါဘူး။
ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ ငွေတွေကို ကာကွယ်ရေးမှာ အများဆုံး သုံးခဲ့ပေမဲ့ မြန်မာ့တပ်မတော်ရဲ့ အရည်အသွေးပိုင်း တိုးတက် မလာသလို အားရစရာလည်း မရှိပါဘူး။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလည်း ဆိုးရွားစွာကျဆင်း သွားပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှု ဖြစ်လာတာ၊ ပညာရေး ဘတ်ဂျက် တိုးဖို့ တောင်းဆိုမှုဖြစ်လာတာ မဆန်းပါဘူး။ ဆင်းရဲ နွမ်းပါးတဲ့ တိုင်းပြည်က ပညာရေး၊ ကျန်းမာရေး ကဏ္ဍမှာ အနစ်နာခံပြီး စစ်ရေးအသုံးစရိတ်အတွက် ပိုပေးခဲ့ကြပါတယ်။ တိုးတက်မလာတဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တဖြည်းဖြည်းချင်း လျှော့ချရမယ့်ပုံစံ ဖြစ်လာပါတယ်။ ဟုတ်တယ်နော် ဆရာ။
ဆရာက ဘတ်ဂျတ်ကို တင်ပြရာမှာ ဆရာစား ချန်ပြီး လိုသလို ဖြတ်ညှပ်ကပ် တင်ပြလေသလား လို့ပါ။ ဆရာပြောတဲ့ နေရာမှာ တိုင်းပြည်ရဲ့GDP မပါပါဘူး။ ဆရာနှိုင်းပြတဲ့ ထိုင်းရဲ့၂၀၁၄ခုနှစ်GDP က ၆၄၅.၂၀US$ ကျပ် ရှိပါတယ်။ ကာကွယ်ရေး အသုံးစရိတ်က ၅.၃၉၀ ရှိပါတယ်။ ဒါကိုတည်ပြီး ကာကွယ်ရေးအသုံးစရိတ်ကို အချိုးချမှ မျှတတော့ မပေါ့ဆရာ။ ဆင်တစ်တောင်နဲ့ ကြွက်တစ်တောင် မက ကွာပါတယ်။ ဒါကြောင့်လည်း ပြန်ကြားရေး ၀န်ကြီးက ဆရာတို့ရဲ့ဖြတ်ညှပ်ကပ် မီဒီယာ အတတ် ပညာဆိုတာကြီးကို သရော်တာနေမှာ။ စင်ကာပူ ကြည့်ဦးမလား။GDP ၃၂၃၊ ကာကွယ် ရေး ၉.၇၊ အင်ဒိုကြည့်ဦးမလားGDP ၁၂၀၄၊ ကာကွယ်ရေး ၉.၇၀၀၊ ဗီယက်နမ်GDP ၃၃၆.၂၀၊ ကာကွယ်ရေး ၃.၃၆၅။ ဒေသတွင်း မှာ အများဆုံးပါလို့ ဆရာဆို ထားတဲ့ မြန်မာ ကGDP ၆၀.၀၀၊ ကာကွယ်ရေး ၂.၃၀၀ပါ ဆရာ။ ရာခိုင်နှုန်းများချင် များပေမယ့် ငွေမများပါဘူး ဆရာရယ်။ ဒီပြင်နိုင်ငံတွေနဲ့ယှဉ် ကြည့်ရင် နာမည်ကြီးထမင်းငတ်၊ ဆင့်ပါးစပ် နှမ်းပက် ပါဆရာ။ ဆရာက ဒါကိုသာသာထိုးထိုးနဲ့ ပြည်သူ တွေအငတ်ခံပြီးဖြည့်တင်းပေးနေသလိုလို ဘာလိုလို။ ဆိုရက်ပါပေ့ဆရာ။ ဆရာပြောတဲ့ တပ်မတော်မှာ ပြင်ဆင်ဖို့လိုတဲ့ Hardware ပိုင်းဆိုတာပါ။ ကျွန်တော် ပြောချင်တာတွေကတော့ အများကြီးပါ။ ဆရာ ပြောထားတာတွေကလည်း အများကြီးဆို တော့ တစ်ချက်ချင်းပြန်မချေပချင်ပါဘူး။ Software ပိုင်း ဆိုတာတွေလည်း ပေမရှည်ချင်တော့ပါဘူး။

နောက်ဆုံး...မေးစမ်းပါရစေဦးဆရာ။ တိုင်း ရင်းသားတစ်ဦးဖြစ်တဲ့အတွက် တချို့သော အစွန်း ရောက်တိုင်းရင်းသားများလို တစ်သက်လုံး အရိုးစွဲ လာတဲ့ ဗမာကြောက်အမုန်းတရားတွေကို အခြေခံ ပြီး အငုံ့စိတ်နဲ့ ရေးသားတာလား ဆိုတာလေးပါ။ယူသင့်ယူထိုက်တာလေးတွေပါပေမဲ့ ခုလိုအရေး ကြုံနေချိန်မှာ ဘယ်ရှုထောင့်ကတွေးတွေး ဆရာရေး တာတွေက ရှေ့တန်းရောက် စစ်သည်တွေအတွက် ဆေးမဟုတ်ပါဘူး။ ဘေးပါ။ သွေးရဲတာမဟုတ်ပါ ဘူး။ သွေးခွဲတာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကစပြီး တပ်မတော်တစ်ရပ်လုံးကို ဇလုပ်တိုက် နှိမ့်ချလိုက်တာပါ။ ပြည်သူတွေတစ်ခဲနက်ထောက်ခံ ကြတာကို ယုံကြည်မှုလျော့ပါးအောင် အာရုံလွှဲလိုက် တာပါ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။တပ်မ တော်သားတွေ အားလုံးကလည်း ဒီလိုပဲ တွေးမှာပါ။ တပ်မတော်သားတွေက လူမိုက်တစ်သောင်း ကဲ့ရဲ့ ရှောင်းလည်း လူကောင်းတစ်ယောက် ချီးမွမ်းပျောက် ၏...လို့မှတ်ယူပြီး ဆေးစက်ကျရာ အရုပ်ထင်နေ မှာပါ။ ဒါပေမဲ့ ကိုယ်တိုင် သေနတ်တစ်ချက် မဖောက်ဖူးဘဲ တိုင်းပြည်အတွက် ချွေးတစ်စက်၊ သွေးတစ်စက်မကျဘူးဘဲ နေရိပ်ထဲမှာ ထိုင်ပြီး ကီးဘုတ်ကိုင်နေသူက မိကျောင်းမင်းရေခင်းပြလို့ ပြ၊ဘုန်းကြီး စာဝါချလို့ချနဲ့ ...ဆိုတော့ စစ်သား ရင့်မကြီးတွေက ရှိခိုးရမှာလား...။

အောင်ဇေ
hotnewsweekly.com

0 comments:

Post a Comment