Wednesday, February 18, 2015

ဖုန်ကြားရှင် နှင့် အချုပ်အခြာအာဏာ


ကိုးကန့်ဒေသ ဘာ့ကြောင့်၊ ဘယ်လို

ကိုးကန့်ဒေသ၏ ရာဇ၀င်ကို ပြန်လှန်ကြည့်လျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ သံလွင် အရှေ့ခြမ်း သိမ်းပိုက်ရေး စစ်ရေးမဟာဗျူဟာနှင့် စတင်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင်နှင့် ၄င်း၏ ကိုး ကန့်ကာကွယ်ရေးတပ်သည် ဗကပ၏ စစ်ရေးရည်မှန်းချက်အရ ကနဦးအခြေပြုရာ အရေးကြီးသော ပေါင်းကူးခြေကုတ် တစ်ခု ဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မုန်းကိုးဒေသကို တိုက်ခိုက်ခဲ့ပြီး ၁၉၇၁ ခုနှစ် တွင် ကွမ်းလုံသိမ်းပိုက်ရေး တိုက်ပွဲများဆင်နွှဲခဲ့ကာ ကွမ်းလုံရက်လေးဆယ်တိုက်ပွဲ ဟု ထင်ရှားကျော်ကြား ခဲ့သည်။ ကွမ်းလုံကို အမိအရသိမ်းပိုက်နိုင်ခဲ့လျှင် သံလွင်အရှေ့ခြမ်းတစ်ခုလုံး ဗကပတို့၏လက်ဝယ်သို့ ကျရောက်သွားတော့မည့် အခြေအနေတွင် တပ်မတော်က ခုခံကာကွယ်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဗကပတို့၏ ပြည်တွင်း-ပြည်ပ မြေပေါ်မြေအောက် နှစ်ဘက်ညှပ်ပိတ်သည့် မဟာဗျူဟာအရ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မိုင်းယန်းတိုက်ပွဲ ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က အာဏာရယူပြီးနောက် ဖုန်ကြားရှင်၏တပ်ဖွဲ့သည် ဗကပလက်အောက်မှ ခွဲထွက်၍ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ ယင်းနောက် ကိုးကန့်ဒေသကို ကိုးကန့် အထူး ဒေသ(၁) အဖြစ် သတ်မှတ်ခဲ့ပြီး ဖုန်ကြားရှင်၏ တပ်သည်လည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army(MNDAA) ဟူ၍ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ကိုးကန့်ခေါင်းဆောင်များအကြား “ဖုံ” မျိုးနွယ်နှင့် “ယန်” မျိုးနွယ်တို့အကြား ပြဿနာ ဖြစ်ပွားခဲ့ သော ၁၉၉၆ ခုနှစ်တွင်လည်းကောင်း၊ မုန်းကိုးပြဿနာ ဖြစ်ပွားခဲ့သော ၂၀၀၀ ပြည့်နှစ်တွင်လည်း ကောင်း တပ်မတော်က တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ၀င်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရ သည်။ MNDAA နှင့် အစိုးရတို့အကြား သဘောတူညီချက်များစွာ ထားရှိခဲ့သည့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးသည်လည်း အဓိကအချက်တစ်ချက် ဖြစ်ခဲ့သည်။ ထိုအချိန်က မိုင်းလားဒေသကို ဘိန်းကင်းစင် နယ်မြေအဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘိန်းမှရသောဝင်ငွေဖြင့် ရပ်တည်နေရသည်ကို ရေရှည်တွင် လျော့နည်းကျဆင်း စေရေး ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်လျက် ရှိသည့် ရဲ တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအထိ သေဆုံးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးရယူထားသည့် ကာလအတွင်း စစ်အင်အား တိုးချဲ့ခြင်းမပြုရန် ကတိက၀တ်များ ထားရှိခဲ့သော်လည်း ကိုးကန့်ဒေသအတွင်း စစ်လက်နက်စက်ရုံများ ထူထောင်သည် အထိ ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။ အဆိုပါလုပ်ဆောင်ချက်များသည် သဘောတူညီ ချက်များကို ချိုးဖောက်ရုံသာမက အုပ်ချုပ်ရေးအာဏာကို ဆန့်ကျင်လာခြင်း ဖြစ်၍ ၂၀၀၉ ခုနှစ်တွင် တပ်မတော်နှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရသည်။ ထိုတိုက်ပွဲတွင် ဖုန်ကြားရှင်နှင့် MNDAA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။ ဖုန်ကြားရှင်နှင့် MNDAA သည် ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန် သူများအား လူသတ်ကုန်းတွင် ခေါင်းဖြတ်သတ်၍ စီရင်သော အလေ့အထကို ဆက်လက်ကိုင်ဆွဲခဲ့ရာ တပ်မတော်က လူသတ်ကုန်းကို ဘုရားကုန်းသို့ ပြောင်းလဲခြင်း၊ ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်ခြင်းတို့ ဆောင်ရွက်လာနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ ထိုသို့ အချုပ်အခြာအာဏာ လွှမ်းခြုံမှုအတွင်း လိုက်ပါလာစေရန် အချိန်ပေး၍ ကြိုးပမ်းခဲ့သော်လည်း ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ဆက်လက် ကျူးလွန်ခဲ့သဖြင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ဖုန်ကြားရှင် မည်သည့် အတွက်ကြောင့် ထွက်ပြေးခဲ့ရသလဲ ဟူသော ရာဇ၀င်ကို အကျဉ်းချုပ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ သတင်းစာဆရာများနှင့် သံတမန်များကို လောက်ကိုင်ဒေသ သို့ လက်တွေ့လေ့လာစေခဲ့ပြီး လက်နက်စက်ရုံများ၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မျက်မြင် အဖြစ် ပြသ ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ကိုးကန့်များသာ အုပ်ချုပ်ခဲ့

ဖုန်ကြားရှင် ထွက်ပြေးသွားပြီးသည့်နောက် ကိုးကန့်ဒေသကို ကိုးကန့်များသာ အုပ်ချုပ်စီမံစေခဲ့ ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ၄င်းနောက် လွှတ်တော်အရပ်ရပ်တွင် ကိုးကန့်ဒေသမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်တွင် လိုက်ပါနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ပေးခဲ့ပြီး ဒေသအုပ်ချုပ်ရေးအာဏာကို ဒေသဦးစီးအဖွဲ့က ရယူဆောင်ရွက်လျက် ရှိသည်။ ဖုန်ကြားရှင်၏ စွပ်စွဲပြောကြားချက်ဖြစ်သော လူမျိုးကြီးဝါဒီ ဟူသောအချက်မှာ တက်တက်စင်အောင် မှားယွင်းလျက် ရှိပြီး ကိုးကန့်ဒေသကို ကိုးကန့်များသာ အုပ်ချုပ်နေခြင်းသာ ဖြစ်သည်။

ထို့ပြင် “အကြောင်းမဲ့အပြစ်တင်၍ ကြမ်းတမ်းသော စစ်ရေးလှုပ်ရှားမှုဖြင့် နိုင်ငံတကာကို တုန်လှုပ် စေခဲ့သော ၈-၈-၂၀၀၉ ကိုးကန့်အရေးအခင်း” ဟူသော ဖုန်ကြားရှင်၏ စွပ်စွဲချက်မှာ လုံးဝ လွဲမှားနေပြီး ၄င်း၏ ကတိက၀တ် ချိုးဖောက်မှု၊ ဘိန်းဓါးပြဆန်ဆန် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် ဘိန်းထုတ်လုပ် ရေးကို မြှင့်တင် ဆောင်ရွက်ခဲ့မှု၊ လက်နက်စက်ရုံတည်ဆောက်၍ စစ်ဘုရင်ဝါဒ ထူထောင်ခဲ့မှုတို့ကြောင့် ဥပါဒ် ရောက်ခဲ့ရခြင်းသာ ဖြစ်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် The Global Time သတင်းစာမျက်နှာတွင် ဖုန်ကြားရှင်၏ တွေ့ဆုံမေးမြန်းခန်း ဖော်ပြပါရှိလာခဲ့ပြီး ကိုးကန့်ဒေသပြန်လည်သိမ်းပိုက်ရေးကို ကြွေး ကြော်ခဲ့သည်။ ၄င်းနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ အရုဏ်တက်တွင် အရုဏ်ဦးစစ်ဆင် ရေးဖြင့် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင်၏ MNDAA တပ်ဖွဲ့သည် လူ သူ၊ လက်နက် အင်အားစုဆောင်းပြီး အထောက်အပံ့ကောင်းမွန်စွာဖြင့် ကိုးကန့်ဒေသသိမ်းတိုက်ပွဲ ဆင်နွှဲ ခဲ့ခြင်းလည်း ဖြစ်သည်။ လောက်ကိုင်ရှိ ဦးစီးအဖွဲ့ကို တိုက်ခိုက်သိမ်းပိုက်ရေး ရည်မှန်းချက်သည် ကိုးကန့် ဒေသတစ်ခုလုံးကို ပြန်လည် ရယူနိုင်ရန် အားထုတ်လာခဲ့ခြင်း ဖြစ်သည်။

ဖုန်ကြားရှင်၏ ရည်ရွယ်ချက်များ

ကိုးကန့်သိမ်းပိုက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့သည့် အချိန်အခါ ရွေးချယ်မှုကို ကြည့်လျှင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်ပြီး ပြည်ထောင်စုနေ့တွင် ပင်လုံစိတ်ဓါတ်ကို အရင်းတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေမှုကို ထိခိုက်ပျက်ပြားစေရန်လည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ကို ဖြုတ်ချပြီး အာဏာရယူနိုင်ရန်လည်းကောင်း၊ ၄င်းတို့၏ နှစ်သစ်ကူးအခါသမာယတွင် အောင်ပွဲခံနိုင် ရန်လည်းကောင်း ကြိုတင်စီစဉ်သော တိုက်စစ်ကို ဆင်နွှဲခဲ့ခြင်းလည်း ဖြစ်သည်။ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းသာမက ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကိုပါ တိုက်ရိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အခွင့်ကောင်းယူ၍ လူ၊ လက်နက် အင်အား တည်ဆောက်လျက်ရှိသော တအောင်းတပ်ဖွဲ့ TNLA နှင့် အခြားအဖွဲ့အစည်း အချို့ကလည်း ဖုန်ကြား ရှင်နှင့် ပူးပေါင်း၍ တိုင်းရင်းသားအရေးကိစ္စအဖြစ် လိုသလို ပုံကြီးချဲ့ကာ တပ်မတော်ကို ပူးပေါင်း တိုက်ခိုက်မှုများ ဆောင်ရွက်လာခဲ့သည်။ ယင်းသို့ ကြိုတင်စီစဉ်သော တိုက်စစ်တွင် ကျောထောက် နောက်ခံ ကောင်းစွာ ရယူ၍ ခေတ်မီမော်တော်ယာဉ်များဖြင့် ၀င်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ ကိုးကန့်သောင်းကျန်းသူများသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပြစ်မဲ့ပြည်သူများကို တင်ဆောင်လာခဲ့သည့် ကြက်ခြေနီအလံလွှင်တင်ထားသော မော်တော်ယာဉ်များကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြက်ခြေနီဝတ်စုံ ၀တ်ဆင်ထားသည့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေသည် အထိ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခွဲဝေ ရယူကာ အုပ်ချုပ်လျက်ရှိသော အဖွဲ့ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသည်။ ဤသို့ တိုက်ခိုက်လာခြင်းသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးစော်ကား ခြင်း ဖြစ်၍ လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ဒဏ်ရာရရှိသော စစ်သည်များ အား နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေး ခြင်းများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အလားတူ ပြည်ထောင်စုလွှတ်တော်ကလည်း အချုပ်အခြာအာဏာ ကို ထိပါး၍ တိုက်ခိုက်မှုများကို ရှုတ်ချ၍ တပ်မတော်ကို ထောက်ခံမှုများ တစ်ခဲနက် ပြသခဲ့သည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း တရားသောစစ် ဆင်နွှဲလျက်ရှိသော တပ်မတော်အပေါ် ထောက်ခံမှုများ၊ အားပေးမှုများ၊ စိတ်ဓါတ်မြှင့်တင်မှုများ ဆောင်ရွက်လာခဲ့ကြသည်။

နယ်စပ်တည်ငြိမ်ရေး

ကိုးကန့်ဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက် ရှိသော ဒေသဖြစ်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာချိန်တွင် ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံသွားလာမှုများအရ ပြည်သူအများ ထွက်ပြေးတိမ်းရှောင်ခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။ ဒေသခံအရပ်သား အယောင်ဆောင်၍ ၀င် ရောက်ခဲ့သည့် ကိုးကန့်သောင်းကျန်းသူများ၊ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ဆင်၍ ၀င်ရောက် သူများ စသည်အားဖြင့် လောက်ကိုင်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြို့တွင်း ရှင်း လင်းခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ များ၏ ကိုယ်တွေ့ပြောကြားချက်များအရ နေ့ဘက်ဆိုလျှင် အလုပ်သမားအယောင်ဆောင်၍ ညဘက် ရောက်လျှင် ၀တ်စုံအမည်းများဝတ် လက်နက်များကိုင်ဆောင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်ကို လည်း တွေ့ရှိရသည်။ (ယင်းပြည်သူများ၏ ကိုယ်တွေ့ပြောကြားချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်သည်။)

ထိစပ်လျက် ရှိသော နယ်စပ်ဒေသများ ဖြစ်သည့်အတွက် မကွဲပြားသည့်အခြေအနေများတွင် ကိုးကန့်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက်သည့်အခါတွင် တရုတ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မှုများ အခိုင်အမာ ရရှိရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိပိုင်နက်နယ်မြေကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများကို ဒုက္ခပေးသော မည်သည့်သောင်းကျန်းသူအဖွဲ့အစည်းကိုမှ လက်ခံ မည် မဟုတ်သော မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အလားတူ တိုက်ပွဲများ ဖြစ်ပွားလာခြင်းတွင် အခြေပြုရာ အရပ်ဒေသ၊ ကျောထောက်နောက်ခံပံ့ပိုးကူညီမှုများ၊ ကိုးကန့်ဒေသသိမ်းတိုက်ပွဲ ဆင်နွှဲရေး အတွင် စစ်ဆင်မှုကို ကွပ်ကဲလျက်ရှိသော သောင်းကျန်းသူများ၏ ဌာနချုပ်နေရာများ စသည်တို့ကို မိမိတို့ နယ်မြေအတွင်း မရှိစေရန် အိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် အထူးအရေးကြီးလှ ပေသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက နံနက်ပိုင်းတွင်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေ့လည်ပိုင်းတွင်လည်းကောင်း ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပြီး ဖြစ်သည်။ ဖေဖော် ၀ါရီလ ၁၇ ရက်နေ့တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ် လင်းအုန်းအား ခေါ်ယူတွေ့ဆုံခဲ့ရာ အခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။ အဓိက အားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရာ၌ တရုတ်နိုင်ငံ ပိုင်နက်နယ်မြေကို အခြေပြု ကျောထောက်နောက်ခံယူ၍ မြန်မာနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးအတွင် နှစ်နိုင်ငံ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသော လက်နက်ကိုင်ဆေင်ထားသည့် တရုတ်နိုင်ငံ သားလား၊ ကိုးကန့်လား မကွဲမပြားဖြစ်နေသူများ၏ လက်ရှိဆောင်ရွက်မှုများကိုလည်း အမြင်မှန်မှန်ဖြင့် ကြည့်မြင်သုံးသပ်ရန် လိုအပ်ပေသည်။ အမျိုးသားရေး ဟူသည် သူ့ဘက်ကိုယ့်ဘက် ရှိတတ်ကြရာ နှစ် ဦးနှစ်ဘက် သံသယကင်းရှင်းစေရန် ခိုင်မာပြတ်သားသော မူဝါဒများအတိုင်း၊ နှစ်နိုင်ငံသဘောတူညီထား သော မဟာဗျူဟာမြောက်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ကတိက၀တ်များအတိုင်း ပူးပေါင်းဆောင်ရွက် ကြရန် အထူးပင် လိုအပ်နေပြီ ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တင်ပြပါ အတိုင်း ထိပါးစော်ကား တိုက်ခိုက်မှုများ ပြုလုပ်နေသော အကြမ်းဖက်သောင်းကျန်းသူများကို နယ်စပ် ဒေသရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပံ့ပိုးကူညီမှု၊ အားပေးထောက်ခံမှုများ မရှိစေရေး အောက်ခြေ အဆင့်အထိ သိရှိဆောင်ရွက်နိုင်ရန် အထူး အရေးကြီးပေသည်။

အထူးသဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် အပြန်အလှန်လိုအပ်ချက်နှင့် အပြန် အလှန် အကျိုးစီးပွားများ ဖြစ်နေလေရာ ဖုန်ကြားရှင်ကို ပံ့ပိုးကူညီနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း များကို ရှာဖွေဖော်ထုတ်ရန်၊ ထိုသို့ ဖော်ထုတ်နိုင်ရေးအတွက် အပြုသဘောဖြင့် နားလည်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့၏ ကျိုးကြောင်းဆင်ခြင်မဲ့ လုပ်ရပ်များ ကြောင့် နှစ်နိုင်ငံအထင်အမြင် လွဲမှားစေနိုင်သည်အထိ ဖြစ်စေနိုင်သည်ကို နှစ်ဦးနှစ်ဖက် နားလည် ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးသည်။ ပြန်၍ချုပ်ကြည့်လျှင် ဖုန်ကြားရှင်နှင့် MNDAA သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေရန်၊ စိုးရိမ်ပူပန်မှု ဖြစ်လာ စေရန် ဆောင်ရွက်ခဲ့သော တရားခံလည်း ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။ ဖုန်ကြားရှင်ကြောင့် သံသယ များ၊ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြားထဲမှ ခလောက်ဆန်နေခြင်းကို အမြန်ဆုံး တားဆီးနိုင်ရန် လိုအပ်နေသည်။

“အကယ်၍ ဖုန်ကြားရှင်နှင့် အပေါင်းအပါများ တရုတ်နိုင်ငံ အတွင်း ရောက်ရှိလာခဲ့ပါက ဖမ်းဆီးထိန်းသိမ်း၍ မြန်မာအစိုးရလက်ဝယ်သို့ လွှဲပြောင်းအပ်နှံလိုက်ခြင်း” အားဖြင့် တရုတ်အစိုးရ စိုးရိမ်ပူပန်လျက်ရှိသော နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အမြန်ဆုံး ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများကလည်း တစ်ခဲနက် ကျေးဇူးတင် ၀မ်း မြောက်ကြမည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

(မှူးဇော်)
[Democracy Today, 19 Feb 2015]

0 comments:

Post a Comment