Tuesday, February 17, 2015

‘‘ဘုန်းဘုန်းတို့ကတော့ တကယ့်အဓိကမေတ္တာနဲ့ စေတနာနဲ့ထားတော့ အားလုံးလုံခြုံပြီးသားပဲ’’

မန်ဆူရှမ်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ လားရှိုးမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာနန္ဒနှင့်တွေ့ဆုံခြင်း


မန်ဆူရှမ်းကျောင်းဆရာတော်နှင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)

လောက်ကိုင်မြို့အနီး ၀န်းကျင်တွင် ဖေဖော်ဝါရီ ၉ ရက် မှစတင်ကာ အစိုးရတပ်မတော် နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲများ တစ်စတစ်စပိုမိုပြင်းထန်လာပြီး နောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် အရေအတွက် သောင်းဂဏန်းရှိ သော စစ်ဘေးရှောင်ဒုက္ခသည်များ လားရှိုးမြို့သို့ ရောက်လာကြသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့သို့ရောက်လာသော စစ်ရှောင်ဒုက္ခသည်များအား မြို့ခံအလှူရှင်များ ဦးဆောင်ကာ အထိရောက်ဆုံးကူညီခဲ့သူ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ လားရှိုးမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာနန္ဒအား 7Day Daily က သွားရောက်မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဒီနေ့အထိ ရောက်လာတဲ့ စစ်ရှောင်တဲ့ သူပေါင်း ဘယ်နှယောက်ရှိပါပြီလဲ ဘုရား။

ဒီနေ့အထိ သုံးထောင်ကျော်သွားပြီ။ ဘုန်းဘုန်းတို့ ဒီနေရာက အများဆုံးပေါ့။ ကျန်တဲ့နေရာက တော့ ကြိုးကြားကြိုးကြားပေါ့။ ကားကြီးဝင်းဂိတ်မှာတော့ စာရင်းအရ လေးထောင်ကျော်တယ်ပေါ့။ တချို့က တစ်ညနား။ တချို့လည်း ကားအဆင်ပြေရင် ချက်ချင်းပို့ပေးတယ်။

စစ်ရှောင်တဲ့သူတွေဆီက ဘာတွေများ ပြန်ကြားရပါသလဲဘုရား။

သူတို့ကတော့ ဒီလိုပဲပေါ့။ အလုပ်လုပ်နေတဲ့ သူတွေဆိုတော့ ဟိုမှာစစ်ဖြစ်နေတယ်။ ထွက်ပြေး လာတယ်ပေါ့။ ဒါပဲ ပြောပါတယ်။ ကျန်တဲ့ဟာကတော့ အသေးစိတ်သူတို့မပြောပါဘူး။

သူတို့တွေ ရောက်လာမှာ ကြိုသိလား ဘုရား။

မသိဘူး။ ၁၁ ရက်နေ့က စလာ တာ အကုန်လုံး ကိုးရာကျော်တယ်။ လာပြီး တစ်ခါတည်း ကျောင်းဝင်း ထဲပြည့်သွားတာပဲ။ သူတို့လာမယ်မှန်းကြိုမသိထားတော့ ဘာမှမစားလိုက်ရဘူးပေါ့။ ဖြစ်ချင်တော့ လည်း ဘုန်းဘုန်းက ခရီးထွက်နေ တယ်။ မနက်ကျတော့ သူတို့တွေ ကားကြီးဝင်းမှာ ကားသွားရှာတဲ့ အချိန်မှာပဲ လူတွေဒီလောက်များ တာပဲဆိုပြီး လန့်ကြတာလေ။ အဲဒီတော့မှ အားလုံးဝိုင်းပြီး စားဖို့၊ သောက်ဖို့၊ ဆေးကအစပေါ့ အုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်တာ။ နီး စပ်ရာကူညီကြတာပေါ့။

စစ်ရှောင်တွေနဲ့ ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘုန်းဘုန်းကို ဘာများပြောသွားသေးပါလဲဘုရား။

သူက လာပြီးတော့ ဆန် အိတ်တစ်ရာ၊ အလှူငွေ သိန်းတစ် ရာထောက်ပံ့သွားတာပေါ့။ လို အပ်တာတွေ၊ ခရီးစရိတ်တွေ အ ခက်အခဲမရှိအောင် လာကူညီတာ ပေါ့။ နောက်ပြီး အေးချမ်းသွားပြီ။ ဘာမှပူပင်စရာမရှိတော့ဘူးပေါ့။ ဒီမှာ နားနားနေနေ နေချင်လည်း နေ၊ ပြန်ချင်ကြရင်လည်း ပြန်ပေါ့။ ဒါပဲ ပြောပါတယ်။

အရင်တစ်ခါ လားရှိုးပဋိပက္ခမှာလည်း အခုလိုကူညီခဲ့ဖူးတော့ အခုတစ်ခါကြုံတာနဲ့ ဘာတွေကွာခြားပါလဲ ဘုရား။

အဲဒီအချိန်တုန်းက ဒုက္ခသည်တွေက ဘယ်မှ မသွားဘူးလေ။ ဒါကတော့ တစ်ထောက်နားကြတာပေါ့။ တစ်ထောက်နားတဲ့အချိန်မှာ ဘုန်းဘုန်းတို့က စားစရာ၊ ၀တ်စရာမပြည့်စုံမှာစိုးလို့ တချို့လည်း ပြေးလာတာ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ ပါလာတာလေ။ အနွေးထည်တွေ ဘာတွေ ဘုန်းဘုန်းက ဦးဆောင်ဝယ်ပေးပေါ့လေ။ ဆေးကုပေးပေါ့။ တချို့လည်း ရောက်ရောက်ချင်း ကားချိန်ပြန်ဖို့ စီစဉ်ကြတာပေါ့။ မဟုတ်ရင် ဘုန်းဘုန်းတို့ ဒီနေရာမှာ လျှံသွားမှာ။

စစ်ရှောင်သူတွေအတွက် နေ့စဉ်ဘယ်လောက်သုံးရလဲ ဘုရား။

အလှူရှင်ပေါ်ရင်ပေါ်သလို ပေါ့။ စစချင်းနေ့ သိန်းတစ်ရာ ကျော်လောက် သုံးလိုက်တယ်။ နောက်ရက်တွေ နည်းနည်းလျော့ သွားတာပေါ့။ အခုက ကားသမား ကလည်း ပိုက်ဆံသိပ်မယူတော့ ဘူး။ ပထမကားဆရာတွေနဲ့ အ ချိတ်အဆက်မရှိတော့ တစ်စီး တစ်စီးကို သိန်းကျော်ပေးခဲ့ရတယ်။ ကားကြီးရင် ကြီးသလို နောက်ပိုင်း သူတို့လည်း ဈေးလျှော့ယူတယ်။ ဒုက္ခသည်တွေကိုလည်း ငွေကြေး ထောက်ပံ့ပေးတာပေါ့။ တစ် ယောက်ကို မနက်ပိုင်းလာတဲ့သူ ငါးထောင်၊ ညနေပိုင်းလာတဲ့သူ သုံးထောင်နှုန်းနဲ့ တစ်ရက် တစ် ရက်ကို သူတို့ကိုပေးတာ သိန်း ၅၀ ကျော်တယ်။ သွားတာလာတာမှာ ခရီးစရိတ်ရော စားစရာပါ မရှိကြ တော့လေ။ တစ်နေ့ကို သိန်း ၅၀၊ ၆၀ လောက်ရှိတယ်။ ကားစင်းလုံး ငှားပြီးတော့ ပေးလိုက်တာလည်း ရှိတယ်။

စစ်ရှောင်သူတွေကို အနီးကပ်ကူညီနေသူတစ်ဦးအနေနဲ့ လက်ရှိအခြေအနေအပေါ် သုံးသပ်ပေးပါဦး ဘုရား။

လက်ရှိဖြစ်နေတဲ့ အခြေအ နေအရတော့ အေးချမ်းသွားရင် တော့ ကောင်းတာပေါ့။ အေးချမ်း သွားပြီဆို ဒုက္ခသည်တွေလည်း သူ့ဘာသာသူပြန်သွားလည်းရမယ်ဆိုရင် အဆင်ပြေသွားတာ ပေါ့။ တခြားတော့ ပြောစရာမရှိပါ ဘူး။ ဒီကိုရောက်လာတဲ့ လူမျိုးမ ရွေး၊ ဘာသာမရွေးပေါ့။ အခက် အခဲရှိရင်တော့ ဘုန်းဘုန်းတို့ လည်း ကြိုလည်း ဖိတ်မထားဘူး။ ကြိုလည်း မနှင်ဘူး။ သူတို့ဘာသာသူတို့လာမယ်ဆိုရင်တော့ စောင့် ရှောက်ထားပေးမှာပေါ့နော်။

ရဲအရာရှိတစ်ယောက်နဲ့ စကားပြောဖြစ်တော့ ဒီစစ်ရှောင်သူတွေထဲမှာ ရန်သူဘက်ကလူပါလာနိုင်လို့ သူတို့အနေနဲ့ လုံခြုံရေး စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတဲ့အပေါ် ဘုန်းဘုန်းဘာများမိန့်ချင်ပါလဲ။

ဖြေ - ဒီမှာ ဘုန်းဘုန်းတို့ကတော့ တကယ့်အဓိကမေတ္တာနဲ့ စေတနာနဲ့ထားတော့ အားလုံးလုံခြုံပြီးသား ပဲ။ သူ့ဘာသာသူမသမာမှု၊ သူ့ ဘာသာသူ အကြံအဖန်လာလုပ် ရင်လည်း ကြာရင်တော့ လုပ်လို့ မရပါဘူး။ ဒီလောက်ဒုက္ခကြားထဲ ကနေ မကောင်းတဲ့ စိတ်ရှိရင် တော့ ဒါ သူ့စိတ်နဲ့သူ သွားမှာပဲ လေ။

ကျေးဇူးတင်ပါတယ်ဘုရား။

7Day Daily

0 comments:

Post a Comment