Friday, February 20, 2015

ကိုးကန့်ဒေသ တိုက်ပွဲများ တပ်မတော်မှ ထိန်းချုပ် နိုင်သည့် အခြေအနေရှိဟု ကာကွယ်ရေးဝန်ကြီး ပြော


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရက်သတ္တတစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့နောက်ဆုံး အခြေအနေအရ တပ်မတော်မှ ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။


လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်မှ တပ်မတော်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ဝန်ကြီးက ''ဖေဖော်ဝါရီ ၉ ရက် က စဖြစ်တယ်၊ အဲ့ဒီရက်ပိုင်းတွေကတော့ အပြင်းထန်ဆုံးပေါ့၊ အခု လက်ရှိမှာတော့ ထိန်းသွားနိုင်တဲ့ အနေအထားရှိတယ်'' ဟု မီဒီယာများကို ပြောသည်။

ဖေဖော်ဝါရီ ၂ဝ ရက် တွင် နေပြည်တော်ရှိ ကမ်ပါစကီးဟိုတယ်တွင် ကျင်းပသည့် မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံကာကွယ်ရေး ဝန်ကြီးများ၏ ထိပ်သီးအစည်းအဝေးအတွက် မလေးရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားသည့် အခမ်းအနားအပြီးတွင် ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောကြားခြင်း ဖြစ်သည်။ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၁၂ ရက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာခဲ့ပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထပ်မံထုတ်ပြန် ကြေညာခဲ့သည်။

တပ်မတော်ကို စစ်အုပ်ချုပ်ရေးအာဏာ ပေးအပ်ထားသော်လည်း အာဏာအရပ်ရပ်ကို ကိုင်တွယ်ဆုံးဖြတ် ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

ဝန်ကြီးက "အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူလိုက်တာပေါ့။ တာဝန်ယူလိုက်တဲ့ အခါကျတော့ အုပ်ချုပ်ရေးကိစ္စ တရားစီရင်ရေး ကိစ္စတို့ကို တာဝန်ယူတာပေါ့၊ ဥပဒေပြုရေး ကိစ္စမှာတော့ မပါဘူး" ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး အာဏာသည် သမ္မတ အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ ရက်ပေါင်း ၉ဝ အာဏာတည်ပြီး ဒေသဆိုင်ရာအုပ်ချုပ် ရေးအာဏာများ တည်ငြိမ်အောင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးက ယင်းကဲ့သို့ ဆိုသော်လည်း ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီထိ အစိုးရတပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု MNDAA ၏ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမကို ပြောသည်။

ဦးထွန်းမြတ်လင်းက ''တိုက်ပွဲအခြေ အနေကတော့ ပြင်းထန်တယ်။ သူတို့က အစက လက်နက်ကြီးနဲ့လှမ်း ထုတယ်'' ဟု ဖေဖော်ဝါရီ ၂ဝ ရက် ည ၆ နာရီခွဲတွင် ပြောသည်။

တိုက်ပွဲများမှာ ကိုးကန့်တပ်ဘက်က ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု တိုက်ပွဲဖြစ်ပွား စဉ်ကတည်းက အစိုးရ တပ်ဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း ''လုံးဝ မဟုတ်ရပါဘူးဗျာ'' ဟု ဦးထွန်းမြတ်လင်းက ငြင်းဆိုသည်။

ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရန် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းကလည်း ''မိမိကိုယ်တိုင်အနေဖြင့်၊ လွှတ်တော် ဥက္ကဋ္ဌ အနေဖြင့်၊ ပါတီအကြီးအကဲ တစ်ဦးအနေဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မှ ဒုက္ခသည်များကို ကယ်ဆယ်လာသည့် ကြက်ခြေနီ အလံပါ ယာဉ်တန်းတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ကို အမေရိကန် ပြည်ထောင်စုက ကန့်ကွက်ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး နှစ်ဘက်တပ်များ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ဒေသခံ လေးသောင်း ကျော်မှာလည်း တရုတ်-မြန်မာ နယ်စပ်မျဉ်းပေါ်တွင် ကိုယ်ထူကိုယ်ထ ယာယီတဲထိုးပြီး နေထိုင်နေကြရသည်ဟု လောက်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်က ဖေဖော်ဝါရီ ၁၉ ရက်က ပြောထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကိုးကန့်ဒေသအတွင်း ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးပြီး သေဒဏ်အထိ အမိန့်ချမှတ်မည့် စစ်အုပ်ချုပ်ရေး အမိန့်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်မှတ်ရေးထိုးကာ ဗိုလ်မှူးကြီး စောမြင့်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် တာဝန်ပေးအပ်ထားသည်

 မဇ္ဈိမ 


0 comments:

Post a Comment