Sunday, February 22, 2015

ကျောင်းသားသမဂ္ဂနှင့် အစွန်းတရားနှစ်ပါး - အောင်ဟိန်း

အမျိုးသားပညာရေးဥပဒေတွင် လူပြောအများဆုံး စကားလုံးကိုရွေးပါ ဆိုလျှင် ကျောင်းသား သမဂ္ဂစကား လုံးကိုပင် ရွေးရပါမည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တစ်လျှောက်မှ အစိုးရ အဆက်ဆက်ကလည်း ကျောင်းသားသမဂ္ဂ ဆိုသည်နှင့် လက်ဝဲသမားများ၊ ဗကပမြေပေါ်၊ မြေအောက်ယူဂျီများ အုပ်စီးထားသော တကသ၊ ဗကသ တို့ကို ပြေးမြင်ပြီး ထိုစကားလုံးကို နားခါးသည်။ ကျောင်း သားများအနေဖြင့်လည်း ကျောင်းသားသမဂ္ဂ ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ကိုဗဟိန်း စသည့် ကျောင်းသား ခေါင်းဆောင်များ၏ သမိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း နှင့် ဆက်စပ်လျက်ရှိသော သင်္ကေတဖြစ်သည်။ ယခု ပညာရေး ဥပဒေကို ရေးဆွဲချိန်တွင် ပညာရေးဝန်ကြီးဌာနက သမဂ္ဂဆိုသော စကားလုံးကို ရှောင် သည်။ ကျောင်းသားများက ထည့်ချင်သည်။ နောက်ဆုံး ပညာရေးဥပဒေကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ၏အစမှာ ကျောင်းသားသမဂ္ဂ စကားလုံးကို အငြင်းပွားရာမှ စသည်ဟုဆိုလျှင် မှားမည်မထင်။အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သည့် ကျောင်းသားများ၏ ဆန္ဒပြချီတက်မှု များ ပေါ်ပေါက်လာ ပြီးနောက် လေးပွင့်ဆိုင်ဆွေးနွေးမှုများ အပြီးတွင် NNERနှင့် သပိတ်မှောက် ချီတက်နေသည့် ကျောင်းသားကိုယ် စားလှယ်များက ရေးဆွဲသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်ကို တင်သွင်းရန် ပညာရေးဝန်ကြီးဌာနက သဘောတူခဲ့သည်။

သို့သော် အခြေခံဥပဒေအရ လွှတ်တော်ကို တင်သွင်းရန်အတွက် ပညာရေးဝန်ကြီးဌာန ကသာ တင်သွင်းရမည် ဖြစ်သည်။ တင်သွင်းမည့်ဌာနနှင့် ရေးဆွဲသူများအကြား ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ညှိနှိုင်းရာတွင် ကျောင်းသားများဘက်က တစ်လုံးတစ်ပါဒမှ အပြင်မခံဟု ကြားရသည်။ အစည်းအဝေးတက်သည့် ကျောင်းသားများ၊ ကွန်ရက်က ပညာရှင်များကလည်း ၎င်းအတိုင်းပင် ပြောခဲ့သည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနက သူတို့ဆွဲတာမဟုတ်ပါ၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနဲ့ ဦးအောင်မှိုင်းဆန်း တို့ ရေးဆွဲသော ဥပဒေကြမ်းအတိုင်း တင်ပါသည်ဆိုသည့် မှတ်ချက်နှင့် လွှတ်တော်ကို တင်သွင်းပြီး သတင်းစာများတွင် ဖော်ပြခဲ့သည်။

ထိုပြင်ဆင်ချက်ဥပဒေကြမ်းကို ကြည့်မည်ဆိုလျှင် ကျောင်းသားသမဂ္ဂဆိုသည့် စကားလုံးကို အစိုးရဘက်က အသုံးပြုရန် ငြင်းဆန်မှုကို မကျေနပ်သည့် ခံစားချက်များ လွှမ်းမိုးနေခြင်း ကိုတွေ့ရသည်။ ထိုခံစားချက်များ ကြောင့် ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍက ကျောင်းသား အခွင့်အရေးအတွက် ဆောင်ရွက်ရန်ထက် ကျော်လွန်ပြီး အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အပိုင်းများ တွင် ဝင်ပါနေခြင်းကို တွေ့ရမည်ဖြစ်သည်။ တချို့အချက်တွေက ရေးသူတွေမည် သို့ တွေးပြီးရေးသည်မသိ၊ လက်တွေ့နှင့် ကင်းကွာလွန်းလှသည်။

ဥပမာ NNER နှင့် ပညာရေးဥပဒေကို ဆန့်ကျင် သည့် လှုပ်ရှားမှုကို ခေါင်းဆောင်နေ သည့် ကျောင်းသားများ၏ ပြင်ဆင်ချက်ဥပဒေအရ ကျောင်းအားလုံးတွင် ကျောင်းသားသမဂ္ဂ ရှိရမည် ဖြစ်သည်။ ရုတ်တရက် ဖတ်လိုက်လျှင် ဟုတ်သလိုလို ထင်ရသည်။ သို့သော် ပညာရေးဥပဒေက ကျောင်းများကို အဓိပ္ပာယ်ဖွင့်ဆိုထားရာတွင် ကျောင်းဆိုသည်မှာ မူကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့် ပညာ ရေးအတွက် သင်ကြားသင်ယူသည့်ဌာနဟု ဖော်ပြထား သည်။ ထို့ကြောင့် မူကြိုကျောင်းမှစပြီး ကျောင်းသား သမဂ္ဂ မဖြစ်မနေဖွဲ့ရမည့်အခြေအနေတွင် ရှိနေပေသည်။
ဤအချက်မှာ လက်တွေ့ကျ/ မကျ၊ အများရယ်စရာ ဖြစ်/မဖြစ် ရေးဆွဲသူများ သတိပြုမိဟန် မရှိပေ။

ထို့အတူ မူလအမျိုးသားပညာရေးဥပဒေတွင် ထူးခြားသည့် သဘာဝရှိသည့် သာသနာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့က ဖွင့်ထားသည့် ကျောင်းများကို ပညာရေးဥပဒေအရ စီမံခန့်ခွဲမှုမှ ကင်းလွတ် ခွင့်ပေးထား ခြင်းကိုလည်း ပယ်ဖျက်လိုက်သည်။ ထို့ကြောင့် ပရိယတ္တိ တက္ကသိုလ် များ၊ ခရစ်ယာန်ကျမ်းစာသင်ကျောင်းများ၊ အခြားဘာသာများ၏ ဘာသာရေး သင်တန်းကျောင်း များမှာလည်း ကျောင်းသားသမဂ္ဂများ ဖွဲ့ရတော့မည်လားဟု မေးခွန်း ထုတ်ရပါတော့မည်။

အလားတူပင် NNER နှင့် ပညာရေးဥပဒေကို ဆန့်ကျင်သည့် လှုပ်ရှားမှု ကို ခေါင်းဆောင်နေသော ကျောင်းသားများ၏ ပညာရေးဝန်ကြီးဌာနအပေါ် ထား ရှိသည့် မကျေလည်မှုကို အခြားပုဒ်မများတွင်လည်း တွေ့နိုင်သည်။ ယခုတင်ထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် လေ့လာ လျှင် ကျောင်း အုပ်ချုပ်ရေး အဖွဲ့၊ တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီအားလုံးတွင် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များပါဝင်သည်။ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်လည်း ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ ပါဝင်သည်။ ကျောင်း သားသမဂ္ဂကလက်ခံသည့် ကိုယ်စားလှယ်ငါးဦး၊ လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်သည့် ကိုယ်စားလှယ် နှစ်ဦး၊ ပညာရေး ဝန်ကြီးဌာနမှ ခန့်အပ်သည့် ကိုယ်စားလှယ်နှစ်ဦးဖြင့် အမျိုးသား သင်ရိုးညွှန်း တမ်း ရေး ဆွဲရေး ကော်မတီကို ဖွဲ့မည်ဟုဆိုရာတွင် ကျောင်းသားသမဂ္ဂက လက်ခံသည်ဆို သည့် စကားရပ်၏ ကျယ်ပြောလှသောအနက်အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် စိုးရိမ်စရာကောင်း လှသည်။

တစ်နိုင်ငံလုံးရှိ ကျောင်းများ( ယခုဥပဒေကြမ်းအရ ဆိုလျှင် မူကြိုမှ သာသနာရေးဆိုင်ရာ တက္ကသိုလ်အထိဟု နားလည်သည်။) က ထောင်သောင်းချီသည့် သမဂ္ဂတွေက မည်ကဲ့ သို့စနစ်နှင့် မည်သို့ရွေးမည်လဲ။ သင်ကြားခံရမည့်ကျောင်းသားက ကိုယ်သင်ရမည့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲမည့်သူကို ရွေးချယ်ပေးတဲ့စနစ် နိုင်ငံတကာမှာပါ ကျင့်သုံးမှုများရှိသလား။ လေ့လာရန်လိုပါမည်။ မိမိလက် လှမ်းမီသမျှ မတွေ့မိပါ။ ထို့အတူ ယခုပြင်ဆင်သည့် ဥပဒေကြမ်းမှာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆရာ၊ ဆရာမများ ခန့်ထားရာတွင်လည်း ကျောင်းသားသမဂ္ဂက ပါဝင် နေပြန်သည်။ ဆရာ၊ ဆရာမများ၏ အရည်အသွေးကို အကဲဖြတ်ခြင်း၊ရာထူးတိုးခြင်းများတွင်လည်း ပါဝင်နေပြန်သည်။ ထိုအချက်များကိုလည်း လက်တွေ့ကျ၊ မကျ အားလုံး ဝိုင်းစဉ်းစားသင့်ပါသည်။

လက်ရှိအခြေခံကျောင်းများ၊ တက္ကသိုလ်ကောလိပ် များသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရပ်တည်နေသော ကျောင်းများ ဖြစ်ပါသည်။ ဆရာ၊ ဆရာမများက နိုင်ငံ ဝန်ထမ်းများဖြစ် ပါသည်။ ထိုဝန်ထမ်းများခန့်ထားမှု၊ ရာထူးတိုးမြှင့်ပေးမှုများကို နိုင်ငံဝန်ထမ်း ဥပဒေအရ သာ ဆောင်ရွက်ရမည် ဖြစ်သည်။ အကယ်၍ ကျောင်းများက အစိုးရ အထောက်အပံ့ မယူဘဲ မိမိဘာသာ ရပ်တည်နိုင်မည် သို့မဟုတ် ပုဂ္ဂလိကပိုင်အဖြစ် ရပ်တည်နေနိုင်သည်ဟု ဆိုခဲ့ပါလျှင် NNER နှင့် သပိတ်မှောက်ကျောင်းသားများ ဖြစ်ချင်သည့် အတိုင်း ဖြစ်ကောင်း ဖြစ်နိုင်ပါမည်။

သို့သော် ယနေ့တက္ကသိုလ် ဘယ်နှခု၊ အခြေခံကျောင်း ဘယ်နှကျောင်းက အလှူငွေ၊ သုတေသနလုပ်ငန်းများမှ ရရှိငွေဖြင့် ရပ်တည်နေနိုင်သည်ဆိုတာကို စဉ်းစားရန်လိုပါသည်။

မိမိကိုယ်တိုင်လည်း တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသား၏ မိဘလည်းဖြစ်နေသဖြင့် ယနေ့ ပညာရေးစနစ်သည် ပြုပြင်ရန်လိုအပ်နေသည်ကို ယုံကြည် ပါသည်။ ထိုသို့ ပြင်ဆင်ခြင်းသည် အရည်အသွေးမြင့်မားရန်၊ မြို့ပြနှင့် ကျေးလက်အကြား ပညာရေးအဆင့်အတန်း ကွာခြားမှုကို လျှော့ချနိုင်ရန်၊ တက္ကသိုလ်များတွင် သင်ကြား ရေးကို လွတ်လပ်စွာစီမံခန့်ခွဲနိုင်ရန် အတွက်သာ ဖြစ်ရပါမည်။ မူလအမျိုးသား ပညာရေး ဥပဒေသည် အထက်ပါ ရည်ရွယ်ချက်များ အတွက် ရေးဆွဲထားခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ ပညာရေးလောကမှ ဆရာ၊ဆရာမကြီး များ၏ ရှင်းလင်းချက်များအရလည်း တိုင်းဒေ သကြီးနဲ့ ပြည်နယ် အဆင့်များတွင် ၊ ရန်ကုန်စိန်ရတုခန်းမတွင်၊ နေပြည်တော်တွင် ဆွေးနွေး ပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ NNER မှ ဒေါက်တာသိန်းလွင်တို့လည်း ပါသည် ဟုဆိုသည်။ သို့သော် မည်သည့်အရာမှ ပြီးပြည့်စုံမှု မရှိ သည့် လောကထုံးစံအတိုင်း လွှတ်တော်က အမျိုးသား ပညာရေးဥပဒေကို အတည်ပြုပြီးသည့်အချိန် တွင် ဝေဖန် ထောက်ပြမှု များ ပေါ်လာသည်။ ထိုဝေဖန်မှုများကပင် ပညာရေးဥပဒေကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်လာရခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်လိုသည့် ပုဂ္ဂိုလ် များတွင်လည်း ပညာရေးအဆင့် အတန်းမြင့်မားစေလို သည့် စေတနာရှိသည်ဟု ယုံကြည်ပါသည်။ သို့သော်ထိုဆန္ဒနှင့် စေတနာကို အကောင်အထည်ဖော်ရာတွင် ခံစားချက်များ၊ နိုင်ငံရေးအယူအဆများက လွှမ်းမိုးမသွားရန်လိုပါသည်။ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍကို လည်း မှန်မှန်ကန်ကန် နားလည်ရန်လိုပါသည်။

ကျောင်းသားသမဂ္ဂသည် တက္ကသိုလ်ကျောင်းသား များကို နိုင်ငံရေး၊ လူမှုရေး အသိပညာများ ဖွံ့ဖြိုးလာရန် ကျောင်းသားရေးရာများကို တက္ကသိုလ်ကောင်စီအပါအဝင် သင်ကြားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြပေးနိုင်ရန် ဆောင်ရွက်သော အဖွဲ့အစည်းဖြစ် သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့ရာ တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်ကို နမူနာယူခဲ့သည်ဟု လေ့လာဖူးပါသည်။ ဗိုလ်ချုပ်တို့ခေတ်က နိုင်ငံရေး ခေါင်းဆောင် အသီးသီးကိုဖိတ်ကြား၍ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စကားရည်လုပွဲများကျင်းပခြင်း၊ သမဂ္ဂ ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြုလုပ်ပေးခြင်းအားဖြင် နိုင်ငံရေးအသိပညာများ ပွင့်လင်း လာရန်၊ ဒီမိုကရေစီကျင့်စဉ်များနှင့် ရင်းနှီးလာအောင် လုပ်ဆောင်ပေးခဲ့ သည်ကို တွေ့နိုင်သည်။ မည်သည့်ပါတီ အတွက်မှ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။

ဗိုလ်ချုပ်ကိုယ်တိုင်ပင်လျှင် နိုင်ငံရေးလုပ်မည်ဟုဆုံးဖြတ်ပြီးချိန်တွင် ကျောင်းထွက်ပြီး ဒို့ဗမာအစည်း အရုံးကို ဝင်ရောက်ခဲ့သည်ကို တွေ့နိုင်ပါသည်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလနှင့် ဗကပများက ကျောင်းသား သမဂ္ဂကို အုပ်စီးနိုင်အောင် အပြန်အလှန် ကြိုးပမ်းမှုမှစ၍ ကျောင်းသားသမဂ္ဂ၏ အနှစ်သာရ ပျောက်ခဲ့ရခြင်း ဖြစ်သည်။ ယနေ့ ကျောင်းသားလူငယ်တို့ သမဂ္ဂတန်ဖိုးကို နားလည်မှု လွဲခဲ့ရခြင်းဖြစ်သည်။

ယခု လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ တင်သွင်းလိုက်သည့် ဥပဒေကြမ်းပါ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍကို ဖတ်ကြည့်ရာတွင် လည်းကောင်း၊ အင်တာနက်ပေါ်တွင် တွေ့နေရ သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ကျောင်းသား ကိုယ်စားလှယ်များက တစ်ဖက်မှ လွှတ်တော်ကိုယ်စား လှယ်များ၊ ပညာရှင်များကို လက်ညိုး ငေါက်ငေါက်ထိုးပြီး တင်းတင်းမာမာ ပြောနေမှုများကို မြင်ရချိန်တွင်လည်းကောင်း၊ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကာလ တွင် ကျောင်းသားကော်မတီများက တက္ကသိုလ်ဆရာ၊ ဆရာမများကို ဖောက်ပြန်ရေးသမားများအဖြစ် ဝေဖန်တိုက်ခိုက်ခြင်းများ၊ ကျောင်းသားကော်မတီများကချွန်ဖို့မလို၊ နီဖို့လိုတယ် ဆိုပြီး ကျောင်းဝင်ခွင့်များကို ပြင်ဆင်ခဲ့ခြင်းများ။ (ယခု ဥပဒေကြမ်းတွင်လည်း ကျောင်းသားများတက်ချင်သည့် ကျောင်းတက်ခွင့် ရရမည်ဟု ပါရှိသကဲ့သို့ မူလဥပဒေပါ ထူးချွန်ကျောင်းသား များကို ပညာသင်ဆုပေးနိုင် သည့် ပြဋ္ဌာန်း ချက်ကိုလည်း ပယ်ဖျက်ထားသည်။) ကို ပြန်ပြီးအမှတ်ရမိသည်။
ထိုအချိန်က တရုတ်နိုင်ငံ၏ပညာရေးစနစ် မည်သို့ဖြစ်သွားသည်ကို လေ့လာနိုင်ပါသည်။ တိန့်ရှောင်ဖိန် အာဏာရလာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ရချိန်တွင် လက်ဝဲစွန်းသမားများ ၏ ကျောင်းကော်မတီများကို ဖယ်ရှားပြီး အရည်အသွေးမြင့်မားရေးကို အများကြီး ပြန်လုပ်ခဲ့ရ သည်။

ကျောင်းသားသမဂ္ဂသည် ကျောင်းသားများ၏ ပညာရည်ဖွံ့ဖြိုးမှုတွင်အရေးကြီး သည်၊ ကျောင်းသားသမဂ္ဂ တစ်ခေတ်ဆန်းစေချင်သည် ဆိုလျှင် အစိုးရဘက်ကလည်း သမဂ္ဂဆိုသည့် စကားလုံးကို မကြောက်ဖို့လိုသည်။ ကျောင်းသားများဘက်ကလည်း သမဂ္ဂဟူသည် ကွန်မြူနစ်အယူအဆ မဟုတ်သည်ကို နားလည်ဖို့လို သည်။ ကွန်မြူနစ်များက တခြားနိုင်ငံက အစိုးရတွေကို တိုက်ခိုက်ရန်အတွက်သာ သမဂ္ဂဆိုသည့်စကားကို သုံးပြီး ကျောင်းသားများကို ခုတုံးလုပ်နေခြင်း ဖြစ်သည်။ မည်သည့် ကွန်မြူနစ်နိုင်ငံက တက္ကသိုလ်မှာမှ လွတ်လပ်သော ကျောင်းသားသမဂ္ဂ မရှိပါ။ ပါတီက ချုပ်ကိုင် ထားသော ကျောင်းသားအဖွဲ့အစည်းသာရှိသည်။ သို့သော် ယနေ့ ကျောင်းသား သမဂ္ဂသမိုင်းကို တွင်တွင်ပြောနေသူများ ကို ကြည့်လျှင် ကွန်မြူနစ်ဟောင်းများ၊ သူတို့ မျိုးဆက်များသာ ဖြစ်သည်ကိုတွေ့ရပါမည်။ သူတို့ကို တရုတ်နိုင်ငံက တက္ကသိုလ်များတွင် လွတ်လပ်သော သမဂ္ဂ ရှိသလားဟု ကြုံရင် မေးကြည့်ကြပါ။

သို့ဖြစ်၍ ကျောင်းသားသမဂ္ဂသည် ဒီမိုကရေစီ ရေခံမြေခံတွင်သာ ဖွံ့ဖြိုးသည့်အရာဖြစ်သည်။ ယခုအခါ အစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ ရလဒ်အဖြစ် ကျောင်းသား သမဂ္ဂဖွဲ့စည်းနိုင်ရေးကို ပြောနိုင်၊ တောင်းဆိုနိုင်ကြခြင်း ဖြစ်သည်။ ထိုစကားလုံးကို စိုးရိမ် သည့် အစိုးရပင်လျှင် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားသမဂ္ဂဆိုသော စကားလုံးကိုလက်ခံလာပြီ ဖြစ်သည်။

ထို့ကြောင့် အမျိုးသားပညာရေးဥပဒေတွင် စစ်မှန်သောကျောင်းသား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး ပြင်သင့်သည်များကို ပြင်စေလိုပါသည်။ ထို့နောက်တွင်မူ အမှန်တကယ် ကျောင်းတက်နေသော ကျောင်းသားများ ပါဝင် သည့်၊ ကျောင်းသားများကို အမှန်တကယ် ကိုယ်စားပြုသည့် ကျောင်းသား သမဂ္ဂ များ ပေါ်ပေါက်ရန်အတွက် ကျောင်းသားထုကြီး တစ်ရပ်လုံးက ကြိုးစားကြရန် တိုက်တွန်း လိုပါသည်။


MOI

0 comments:

Post a Comment