Monday, February 16, 2015

ဗကသခေါင်းဆောင် ကျော်ကိုကို လုံခြုံရေးအရ သပိတ်စစ်ကြောင်းနှင့် မလိုက်ပါနိုင်ဟုဆို


ကျောင်းသားသပိတ် ပင်မသပိတ်စစ်ကြောင်းကို ဦးဆောင်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုသည် ပြည်ထဲရေး ဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက လိုက်လံရှာဖွေနေသောကြောင့် လုံခြုံရေး အခြေအနေအရ သပိတ်စစ်ကြောင်းနှင့် မလိုက်ပါနိုင်ကြောင်း ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုအောင်သောင်းက The Voice သို့ ပြောကြားသည်။ဖေဖော်ဝါရီလ ၁၄ ရက် လေးပွင့်ဆိုင်တွေ့ဆုံပွဲ ဆွေးနွေးပွဲမကျင်းပမီ ယခုကဲ့သို့ ရှောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကိုကျော်ကိုကို တည်းခိုမည့်နေရာကို လုံခြုံရေးအရ မပြောနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျော်ကိုကို ရှိလားဆိုပြီး ဘယ်ကမှန်းမသိတဲ့ ဖုန်းတွေလာတယ်။ သူတစ်ယောက်တည်းကို လိုက်ရှာတာ မဟုတ်ဘဲ သပိတ်မှာပါတဲ့ သူအားလုံး စောင့်ကြည့်ခံနေရတယ်” ဟု ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်က ဆိုသည်။

သို့သော် ကိုကျော်ကိုကိုသည် ထွက်ပြေးတိမ်းရှောင်နေခြင်း မဟုတ်ဘဲ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် အားလုံးနှင့် အဆက်အသွယ် ရှိနေကြောင်း ၎င်းက အတည်ပြုဖြေကြားသည်။

“သပိတ်စစ်ကြောင်းမှာပါတဲ့ ကျောင်းသားတွေကို မြို့နယ်အသီးသီးက ထောက်လှမ်းရေးတွေ လိုက်စုံစမ်းနေတယ်လို့ အိမ်တွေက ပြောတယ်။ သူတစ်ယောက်တည်းကို စသုံးလုံးက လိုက်ရှာနေတယ်တော့ မကြားမိဘူး” ဟု ဗကသများအဖွဲ့ချုပ်မှ အဖွဲ့ဝင် ကိုမင်းသွေးသစ်က ဆက်လက်ရှင်းလင်းပြောဆိုသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သော ဆွေးနွေးချက် မူဘောင်ကိုးချက်တွင် ကျောင်းသားသပိတ်အဖွဲ့နှင့် လိုက်ပါသူများကို အရေးမယူရန် အချက်ပါဝင်ခဲ့ပြီး အဆိုပါအချက်ကို အစိုးရအဖွဲ့ တာဝန်ရှိသူများကလည်း သဘောတူ လက်ခံထားသည်။

The Voice Weekly

0 comments:

Post a Comment