Tuesday, February 24, 2015

သေမင်းခံတွင်းဝမှာ ခြောက်နာရီကြာ

သတင်းထောက်၊ စစ်ပြေးဒုက္ခသည်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါသော ကြက်ခြေနီယာဉ်ကို ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က တိုက်ခိုက်ရာတွင် ဒဏ်ရာရရှိသွား၍ အကာအကွယ်ယူပုန်းအောင်းနေသည့် ယာဉ်မောင်း(ဓာတ်ပုံ - အောင်သစ်လွင်)

‘‘အုန်း’’ ဆိုသည့် အသံကြားလိုက်ရပြီးနောက် ‘‘ပစ်ပြီဟေ့’’ဟု အော်ဟစ်သံများ ပွက်လောရိုက်သွားသည်။

‘‘ပတောက် . . . ပတောက် . . .ရွှီး’’ဟု အသံများ တရစပ်ဆက်လက်ကြားရပြီး ကြက်ခြေနီအလံ ထင်ရှားစွာလွှင့်ထူထားသော ဖိုးဝှီးကားလေးမှာ လမ်းဘေးထိုးရပ်သွားသည်။

ယင်းနောက် သေနတ်၊ ပစ်ခတ်သံများ နားကွဲမတတ်ဖုံးလွှမ်းသွားပြီး အော်ဟစ်သံ၊ ကလေးငိုယိုသံများဖြင့် ၀န်းကျင်တစ်ခုလုံး ကမ္ဘာပျက်သွားသည်။ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်

ကြက်ခြေနီအလံလွှင့်ထူထားပြီး ကားရှေ့ဘောနက်အဖုံးတွင်လည်း ကြက်ခြေနီအမှတ်အသား ထင်ရှားစွာ ကပ်ထားသော ဖိုးဝှီးကားလေးမှ တိတ်ဆိတ်ခြောက်ကပ်နေသော လောက်ကိုင်မြို့မှ အရှိန်ပြင်းပြင်းထွက်ခွာလာသည်။ ယင်းကားပေါ်တွင် ကြက်ခြေနီနှစ်ဦး၊ သတင်းထောက်ငါးဦးနှင့် အရပ်သားယာဉ်မောင်းတစ်ဦး ပါဝင်သည်။ လောက်ကိုင်မြို့မှ ၃၈ မိုင်အကွာ ချင်းရွှေဟော်မြို့သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

လမ်းဘေးဝဲယာကြံခင်းများ၊ တောင်ကုန်းတောင်တန်းများကြားမှ မြွေလိမ်မြွေကောက်ဖောက်လုပ်ထားသော လမ်းလေးအတိုင်း နာရီဝက်နီးပါး မောင်းနှင်လာအပြီးတွင် လမ်းလျှောက်လာသော လူတစ်စုနှင့် ဆုံလိုက်ရသည်။ အထုပ်အပိုးကိုယ်စီဖြင့် နေပူကျဲတဲတွင် ခြေလျင်လျှောက်လာသော ယင်းလူစုမှာ တစ်ရာနီးပါးရှိပြီး အမျိုးသမီး၊ ကလေးငယ်များလည်း ပါဝင်သည်။

သူတို့မှာ ကြံခုတ်အလုပ်သမားများဖြစ်ပြီး တိုက်ပွဲများကြောင့် တရုတ်နယ်စပ် မိုင်တိုင် ၁၂၅ ဘက်မှ ချင်းရွှေဟော်အထိ ခြေလျင်လျှောက်လာခြင်းဖြစ်သည်။ ယင်းလူအုပ်ထဲမှ အချို့မှာ ကြက်ခြေနီကားနှင့် တွေ့ချိန်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည်။ ဖိုးဝှီးကားလေးမှာ လူဦးရေတစ်ရာခန့်ကို တင်ဆောင်ရန်မဖြစ်နိုင်သည့်အတွက် ဦးစားပေးငါးဦးကို ရွေးချယ်ခဲ့ကြသည်။ ကျန်နေသူများကိုတော့ ကြက်ခြေနီနှင့် သတင်းထောက်များက ဖြည်းဖြည်းလျှောက်လာကြရန်နှင့် ချင်းရွှေဟော်တွင် အားလုံးစီစဉ်ပေးထားမည်ဟု နှစ်သိမ့်အားပေးပြီး ကားလေးဆက်လက်ထွက်ခွာလာခဲ့သည်။

‘‘ကားနဲ့က ပိုစိတ်မချရဘူး။ လူအုပ်နဲ့ ဖြည်းဖြည်းလျှောက်လာတာ ပိုလုံခြုံတယ်’’ဟု သတင်းထောက်တစ်ဦးက ချွေးပြန်နေသော အမျိုးသမီးတစ်ဦးအား နှစ်သိမ့်ခဲ့သည်။

ယင်းနေရာနှင့် မလှမ်းမကမ်း ပါစင်ကြောကျေးရွာအနီးတွင် စစ်ဘေးရှောင်ပြည်သူနှင့် သတင်းထောက်များ ပါဝင်သော ကြက်ခြေနီယာဉ်တန်းကို ပြီးခဲ့သည့်ငါးရက်က ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

(၁)နှစ်သားအရွယ်နှင့် (၄)နှစ်အရွယ် ကလေးနှစ်ဦး၊ ၎င်းတို့၏ မိခင်စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး၊ ခြေချင်းဝတ်ရောင်ကိုင်းနေမှုကြောင့် လမ်းမလျှောက်နိုင်တော့သည့် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးကို ကျပ်ကျပ်တည်းတည်း ထပ်မံတင်ဆောင်၍ ကားလေးမှာ ချင်းရွှေဟော်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

၁၅ မိနစ်ခန့်မောင်းနှင်လာအပြီးတွင် ကြက်ခြေနီကားပေါ် လိုက်ပါလာသည့် လူ ၁၃ ဦးမှာ သွေးပျက်စရာဖြစ်ရပ်တစ်ခုကို ခြောက်နာရီခန့်အကြာ ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

‘‘အုန်း . . . ပတောက်တောက်’’ဟု လက်နက်ကြီး၊ ငယ်သံများနှင့်အတူ ကားလေးထိုးရပ်သွားသည်။ ‘‘ထိသွားပြီ . . .ဆင်း . . . တံခါးဖွင့်’’ဟု ယာဉ်မောင်း၏ အော်ပြောသံနှင့်အတူ ကားပေါ်လိုက်ပါလာသူများမှာ ၀ရုန်းသုန်းကားဖြစ်သွားခဲ့သည်။ ဘေးဝဲယာနှစ်ဖက်မှ အဆက်မပြတ်ပစ်ခတ်နေသော သေနတ်သံများကြားတွင် ကားပေါ်မှ တလိမ့်ခေါက်ကွေး ခုန်ဆင်းသူကဆင်း၊ လမ်းဘေးသို့ ဒိုင်ဗင်ထိုးဝပ်သူဝပ်ဖြင့် သွေးရူးသွေးတန်း ဘေးကင်းရာကို ရှာဖွေနေကြရသည်။

‘‘ကယ်ကြပါဦး၊ ကျွန်မတို့ကိုလည်း ကယ်ကြပါဦး’’ဟု ငိုယိုနေသော (၁)နှစ်သားအရွယ် ကလေးငယ်ကို တင်းကျပ်စွာပွေ့ချီရင်း စစ်ဘေးရှောင်ပြည်သူ မစန္ဒာဝင်းက အော်ဟစ်ပြောသည်။

လမ်းဘေးတွင် ပြားပြားဝပ်နေသော သတင်းထောက်တစ်ဦးက ကားပေါ်သို့လှမ်း၍ ‘‘အစ်မ ၀ပ်နေ၊ ၀ပ်နေ မဆင်းနဲ့’’ဟု ကတိုက်ကရိုက်အော်ပြောလိုက်သည်။

ထို့နောက် ‘‘အုန်း’’ဆိုသည့် အသံနှင့်အတူ သတင်းထောက်များ ခုန်ချသည့် လမ်းဘေးသို့ လက်နက်ကြီးကျည် ထပ်မံကျရောက်ခဲ့ပြီး မြေကြီးများ ဖွာထွက်သွားခဲ့သည်။ သတင်းထောက်များမှာ ရေမြောင်းသာသာနေရာလေးတွင် ကျပ်ကျပ်တည်းတည်း ၀ပ်ဆင်း၍ တုပ်တုပ်မျှမလှုပ်ရဲတော့ပေ။ တချို့မှာလည်း ကင်မရာ၊ ကျောပိုးအိတ်များ၊ ဖုန်းများမှာ တကွဲတပြားကျကျန်ခဲ့ကြသည်။ တစ်ယောက်ပေါင်ကြား တစ်ယောက်ခေါင်းအတင်းထိုးပြီး ဖုန်အလူးလူး၊ ခြေထောက်က အခြားတစ်ဦးခေါင်းပေါ် အပ်ထားသည်ကိုလည်း ဂရုမစိုက်နိုင်တော့ပါ။ ‘‘ရွှီ. . .’’ဆိုသည့် အသံများမှာ ခေါင်းပေါ်ဝဲနေပြီး မျက်နှာအနီးရှိ မြေကြီးများမှာလည်း ကျည်ဆန်ထိမှန်ဖွာထွက်သွားသည်။

‘‘အောင်ခိုင် ပေါင်ဖြဲ ပေါင်ဖြဲ’’ဟု Union Daily မှ ကိုနေထက်ဝေက 7Day သတင်းထောက်အားပြောရင်း ခေါင်းဝပ်၍ တိုးဝှေ့လာသည်။

လက်နက်ကြီးကျည်ထိမှန်ထားသော လောက်ကိုင်ခရိုင်ကြက်ခြေနီမှူးမှာ ကားအနီးတွင် ငြိမ်သက်နေပြီး သေနတ်သုံးချက်မှန်ထားသည့် ယာဉ်မောင်းမှာလည်း ကားလမ်းဘေးတွင် သွေးအလူးလူးဖြင့် လဲကျနေသည်။ ဘောလုံးကွင်းတစ်ကွင်း ဟိုဘက်ထိပ်၊ သည်ဘက်ထိပ်အကွာပင်မရှိသည့် လမ်းဘေးဝဲယာ တောင်ကုန်းများမှ နာရီဝက်ကြာအောင် စိမ်ပြေနပြေကျည်ဆန်မိုးများရွာသွန်းခဲ့ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားရအောင် ငြိမ်သက်သွားခဲ့သည်။

‘‘ကျွန်တော့်ကို ထိထားတယ်’’ဟု MRTV-4 သတင်းထောက် ကိုမြတ်သီဟမောင်က တိုးတိတ်စွာပြောလိုက်သည်။

အနီးရှိ သတင်းထောက်များက မြေကြီးတွင်ဝပ်ရင်း မလှုပ်ရဲဘဲ ‘‘အားတင်းထား၊ မလှုပ်နဲ့ ထပ်ပစ်လိမ့်မယ်’’ဟု ပြန်ပြောလိုက်သည်။ ယင်းအချိန်မှာပင် ကျည်ဆန်ထိမှန်ထားသည့် အနီးရှိအပင်မှ သစ်ရွက်တစ်ရွက်မြေကြီးပေါ် ‘‘ဖြောက်ခနဲ’’ကျလာရာ ၀ပ်နေသည့် သတင်းထောက်မှာ ဆတ်ခနဲတုန်သွားသည်။

လေတိုးသံမှလွဲ၍ မကြားရအောင် ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်တိတ်ဆိတ်နေချိန်တွင် ဘုရားရှိခိုးသံ၊ မေတ္တာပို့သံများ ပျံ့လွင့်လာသည်။

ဒဏ်ရာများရရှိထားသော ကြက်ခြေနီဦးစီးမှူးက အားလုံးဘေးအန္တရာယ်ကင်းရှင်း၍ လွတ်မြောက်နိုင်ရန် ဆုတောင်းမေတ္တာပို့နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့် မျက်နှာပေါ်ထိုးကျနေသောနေမှာ တဖြည်းဖြည်းစောင်း၍သွားပြီး အအေးဓာတ်မှာ စိမ့်တက်လာသည်။

ထပ်မံပစ်ခတ်မည်စိုးသောကြောင့် နှစ်နာရီကျော်ကြာ ၀ပ်နေကြသူအားလုံးမှာ မိမိကိုယ်မိမိ သေလူအဖြစ် သဘောထားလိုက်ကြသည်။

‘‘တပ်ကို ဖုန်းအဆက်အသွယ် လုပ်ကြပါဦးဟ’’ဟု အသံတစ်သံ ယဲ့ယဲ့ထွက်လာသည်။

သို့သော် ပါလာသည့်ဖုန်းအများစုမှာ ကားပေါ်မှာ ၀ရုန်းသုန်းကား ခုန်ဆင်းစဉ်ကျကျန်ခဲ့ပြီဖြစ်သည်။ ယာဉ်မောင်း၊ သတင်းထောက်တစ်ဦးနှင့်အတူရှိသည့် ဖုန်းနှစ်လုံးမှာလည်း လိုင်းမမိ။ သူတို့ထွက်မလာမီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နှင့် တပ်မ(၁၁)တာဝန်ရှိသူများထံ သတင်းပို့ခဲ့သည်။ ထိုအချက်ကို သူ့တို့မျှော်လင့်ချက်အဖြစ် ဆုပ်ကိုင်ထားကြသည်။

တပ်နှင့်အဆက်အသွယ်မရလျှင်တော့ မိုးချုပ်သွားချိန်တွင် လူစုကာ တောလမ်းခရီးမှဖြည့်စွက်၍ ချင်းရွှေဟော်ရောက်အောင်သွားရန် သူတို့ဆုံးဖြတ်ထားခြင်းဖြစ်သည်။

‘‘အချိန်တန်လို့ ပြန်မရောက်ရင် စစ်တပ်က ဆက်သွယ်မှာပါ။ အားတင်းထား’’ဟု အပြန်အလှန်နှစ်သိမ့်ခဲ့ကြသည်။

နာရီဝက်နီးပါးအကြာမှာတော့ Vivo ဖုန်းမှ ဖုန်းမြည်သံကို ဗြုန်းခနဲကြားလိုက်မှုကြောင့် ရုတ်တရက်ထိတ်လန့်သွားသော်လည်း သူတို့အားလုံး ၀မ်းသာသွားကြ သည်။ သို့သော် ယင်းဖုန်းမှာ မည်သည့်နေရာက မြည်မှန်းမသိ။ အဆိုပါဖုန်းမှာ 7Day သတင်းထောက်တစ်ဦး၏ ဖုန်းဖြစ်ပြီး ကားပေါ်မှ ခုန်အဆင်းတွင် လွင့်စဉ်ကျကျန်ခဲ့ခြင်းဖြစ်သည်။ ဖုန်းကို ကားပေါ်တွင် ၀ပ်နေသည့် စစ်ဘေးရှောင်ကလေးမိခင်တစ်ဦးက လူရှိနိုင်မည်နေရာကိုမှန်းဆပြီး ခဲရာခဲဆစ်ရှာဖွေ၍ ပစ်ချပေးလိုက်သည်။ ထိုဖုန်းကို တုတ်နှင့်ကလော်ထိုး၍ တစ်ဖုံ၊ ခြေထောက်နှင့်လှမ်းထိုး၍ တစ်နည်း၊ ၀ပ်တွားသွားကာ လက်ဖြင့်လှမ်း၍တစ်သွယ် ခဲရာခဲဆစ်အရယူနိုင်ခဲ့ပြီးနောက်တွင်တော့ မကြာမီကခေါ်ထားပြီး မကိုင်လိုက်ရသော ၁၃....နံပါတ်ဖြင့်စသည့် တရုတ်ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်သူမှာ တပ်မ(၁၁)မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး သူတို့တိုက်ခိုက်ခံရသည်နေရာနှင့် အခြေအနေတို့ကို မေးမြန်းကာ အရောက်ကယ်မည်ဟုဆိုလိုက်ချိန်တွင် သူတို့မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။ ဖုန်းပြောအပြီး ၁၅ မိနစ်မျှ ကြာပြီးနောက်....

‘‘ဟေး ရပ် ဟိုမှာ’’ဟု အသံနှင့်အတူ လက်နက်အပြည့်အစုံဖြင့် တပ်မတော်သားများ တင်ဆောင်လာသည့် ဖိုးဝှီးစစ်ကားမှာ အပစ်ခံထားရသည့် ကြက်ခြေနီကားကိုကျော်၍ ထိုးရပ်လိုက်သည်။ ဒဏ်ရာရသူများ၊ ပိတ်မိနေသူများကို ကယ်ထုတ်ရန် စစ်ကားသုံးစီးဖြင့် တပ်မတော်စစ်ကြောင်းများ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‘‘ပတောက်တောက်..ရွှီ’’ဟု အသံများပေါ်ထွက်လာပြီးနောက် တပ်မတော်စစ်ကြောင်းများ အကာအကွယ်ယူလိုက်ကြသည်။ ‘‘ဟေးဟိုးအပေါ်မှာ’’ဟု စစ်သည်တစ်ဦးက ကိုးကန့်အဖွဲ့ ချောင်းမြောင်းပစ်ခတ်နေသည့် တောင်ကုန်းပေါ် လက်ညှိုးထိုးပြလိုက်သည်။

‘‘ဒက် ဒက် ဒက် တောက် ၀ုန်း’’

ပတ်ဝန်းကျင်တစ်ခုလုံး ယမ်းငွေ့များ ဖုံးလွှမ်းသွားပြီး သေနတ်သံ၊ ပေါက်ကွဲသံများ ပွက်လောရိုက်သွားသည်။

တပ်မ(၁၁)စစ်ကြောင်းများက ကိုးကန့်လက်ကိုင်အဖွဲ့များရှိသည့် နေရာများကို လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

‘‘ဘာမှမပူနဲ့။ ဒီကောင်တွေပြေးပြီ’’ဟု MA4 စိန်ပြောင်းသေနတ်ကိုင်စစ်သည်က ၎င်းအနားတွင်ဝပ်နေသော သတင်းထောက်ကို ငုံ့ကြည့်ရင်းပြောလိုက်သည်။

ယင်းနေ့က ကိုးကန့်ခွဲထွက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ခဲ့မှုကြောင့် ကြက်ခြေနီတစ်ဦး၊ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၊ ယာဉ်မောင်းတစ်ဦးနှင့် သတင်းထောက်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လာရောက်ကယ်ဆယ်သည့် တပ်မ(၁၁)မှ တပ်ကြပ်ကြီးတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်။ ဒဏ်ရာရရှိခဲ့သော ကြက်ခြေနီယာဉ်မောင်းက ပစ်ခတ်သူများမှာ တရုတ်စကားဖြင့် အော်ဟစ်ဆဲဆိုခဲ့ကြောင်း နောက်ပိုင်းတွင် ပြောပြခဲ့သည်။ ၎င်းသည် ကိုးကန့်နှင့် တရုတ်စကားကို တတ်ကျွမ်းသူလည်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၆နာရီခွဲခန့်

တစ်ဦးနှင့်တစ်ဦး အလွယ်တကူခွဲခြားမသိနိုင်အောင် မိုးချုပ်သွားပြီဖြစ်သည်။ တစ်ခါတစ်ခါ တုန်တက်သွားသည်အထိ ရာသီဥတုအေးစိမ့်လာသည်။ ပိတ်မိနေသူအားလုံးကို အကာအကွယ်များတွင် ၀ပ်ခိုင်းထားပြီး ဒဏ်ရာရသူများကို ကယ်ယူနိုင်ရန် စစ်သည်များက ပုခက်များပြုလုပ်နေကြသည်။

‘‘ဘာမှစိတ်မပူနဲ့ ညည်းတို့ကို ကယ်ထုတ်ဖို့ ငါတို့လာတာနော် စိတ်အေးအေးထား’’ဟု စစ်သည်တစ်ဦးက ကလေးငယ်ကိုပွေ့ချီ၍ တုန်လှုပ်ချောက်ချားနေသော မိခင်ဖြစ်သူ မစန်းမြင့်နိုင်ကို အားပေးနေသည်။

ည ၇နာရီခွဲဝန်းကျင်

တိတ်ဆိတ်နေသော အမှောင်ထုအောက်တွင် တောင်ကမ်းပါးနံရံကို အကာအကွယ်ယူ၍ တန်းစီထွက်ခွာလာခဲ့ကြသည်။ တပ်မ(၁၁)စစ်ကြောင်းက ဒဏ်ရာရရှိသူ အရပ်သားများကို ပုခက်ဖြင့်သယ်ယူ၍ ရွှေ့ကင်း၊ ကောကင်းများဖြင့် ပိတ်မိနေသူများကို ကယ်ထုတ်လာခြင်းဖြစ်သည်။ သတင်းထောက်အားလုံးနီးပါး ခြေဗလာဖြင့် ဖိနပ်များမပါရှိတော့။ ပြေးရင်း၊ ပုန်းရင်း ကျန်ရစ်ခဲ့ပြီဖြစ်သည်။

‘‘ကျွန်တော်မရှိရင် ခင်ဗျား ဒီအကြောင်းဖြစ်အောင်ရေး’’ဟု The Voice သတင်းထောက် ကိုဟိန်းသွင်ထက်က 7Day သတင်းထောက်အား ပြောသည်။ ကိုးကန့်အဖွဲ့မှ ချင်းရွှေဟော်သို့မရောက်မီ လမ်းခုလတ်တွင် အချိန်မရွေး ချောင်းမြောင်းပစ်ခတ်နိုင်သည်ကို စိုးရိမ်နေခဲ့ကြသည်။

၁၅ မိနစ်ခန့် ခြေလျင်လျှောက်ပြီးနောက် ကမ်းပါးနံရံအကာကွယ်ယူ၍ ကားလမ်းဘေးတွင် အမှောင်ထဲ ခေတ္တရပ်နားလိုက်သည်။ လာရောက်ခေါ်ဆောင်မည့် တပ်မတော်ယာဉ်များကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

‘‘ဒီကောင်တွေက စိတ်ကြွဆေးတွေသုံးပြီးပစ်တာ။ စစ်ကားတွေပစ်ပါလား။ အရပ်သားပြည်သူတွေ ဘာလို့ပစ်ရလဲ’’ဟု အတွေ့အကြုံကိုပြန်ပြောပြနေသော သတင်းထောက်ကို စစ်သည်တစ်ဦးက နှစ်သိမ့်ရင်းပြောသည်။

ထို့နောက် ဖိုးဝှီးစစ်ကားနှစ်စီးရောက်ရှိလာပြီး ဒဏ်ရာရသူများ၊ အရပ်သားများ၊ သတင်းထောက်များအား သယ်ဆောင်ပြီး ချင်းရွှေဟော်သို့ ထွက်ခွာလာခဲ့သည်။ အမိုးပေါ်တွင် သေနတ်ကိုဖြောင်းခနဲမြည်အောင်မောင်းတင်၍ အသင့်နေရာယူထားသော စစ်သည်နှစ်ဦးလိုက်ပါလာသည့် ကားနှစ်စီးမှာ တောင်ပေါ်လမ်းလေးမှ အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။

‘‘ဒီဖုန်းလေးက တကယ့်ကယ်တင်ရှင်။ ဒါပေမဲ့ အခုအင်္ဂါမစုံတော့ဘဲ အကောင်းအတိုင်းသုံးမရတော့တာ စိတ်မကောင်းဘူး’’ဟု 7Day သတင်းထောက်ကိုအောင်သစ်လွင်က တစ်ခါသေဖူး ပျဉ်ဖိုးနားလည် အတွေ့အကြုံကြောင့် ကားပေါ်တွင် ခေါင်းကိုဝပ်ရင်း ပြောသည်။

တပ်မ(၁၁)တပ်မမှူးကိုယ်တိုင် စောင့်ကြိုနေသော ချင်းရွှေဟော်မြို့တွင် ဆေးဝါးစောင့်ရှောက်မှုအချို့ပြုလုပ်၍ လုံခြုံရေးဖြင့် ထွက်ခွာလာခဲ့ရာ ည ၉နာရီကျော်တွင် ကွမ်းလုံဆေးရုံသို့ သူတို့ရောက်ရှိခဲ့ကြသည်။ ၇နာရီခန့်အကြာ သေတွင်းမှ လွတ်မြောက်လာခဲ့သူများကို ကွမ်းလုံမြို့က နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ကြက်ခြေနီ၊ သတင်းထောက်များပါဝင်သော ကယ်ဆယ်ရေးကားများကို ကိုးကန့်အဖွဲ့မှ ငါးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများအား စောင့်ရှောက်နေသော ကွမ်းလုံမြို့မှ ပရဟိတအဖွဲ့အစည်းများမှာ အံ့အားသင့်ခဲ့ရသည်။

ထို့အတူ ဆက်လက်လုပ်ကိုင်ရမည့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။ လောက်ကိုင်ဒေသအတွင်းမူ တိုက်ပွဲများကြောင့် ပိတ်မိနေသူများ ကျန်ရှိနေပါသေးသည်။ ၎င်းတို့၏ လုံခြုံရေးမှာလည်း စိုးရိမ်နေရဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်။ ။

ဖေဖော်ဝါရီ ၂၁ ရက် ကြက်ခြေနီယာဉ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အကျဉ်း

နေ့လယ် ၁ နာရီကျော် - လောက်ကိုင်မှ ကြက်ခြေနီကား စတင်ထွက်ခွာ။

၂နာရီဝန်းကျင် - ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့၏ နာရီဝက်ခန့်တိုက်ခိုက်မှုခံရ။

၂နာရီခွဲမှ ၄နာရီခွဲ - တိုက်ခိုက်မှုများ ရပ်တန့်သွားပြီး အဆက်အသွယ်ပြတ်တောက်နေ

၎နာရီ ၄၅မိနစ် - တပ်နှင့်အဆက်အသွယ်ရရှိ။

၅ နာရီဝန်းကျင် - တပ်မှ ကားသုံးစီးရောက်ရှိလာပြီး တပ်နှင့်ကိုးကန့်တပ်ဖွဲ့များ အပြန်အလှန်တိုက်ပွဲဖြစ်။

၅ နာရီ ၁၅ မှ ၅ နာရီခွဲ- တပ်မတော်သားများက ပစ်ခတ်ခံရသူများကို တစ်ဦးချင်းစစ်ဆေး၊ လူပြန်စု။

၅ နာရီခွဲ- ၁၅ မိနစ်ကြာ လမ်းလျှောက်။

၅ နာရီ ၄၅ မိနစ်- တပ်မတော်မှ ကားတစ်စီးကိုစောင့်ဆိုင်း။

၈ နာရီဝန်းကျင်- ချင်းရွှေဟော်မြို့သို့ ရောက်ရှိ။ တပ်မ(၁၁)တပ်ရင်းမှူးကိုယ်တိုင်ကြိုဆိုပြီး ဒဏ်ရာရရှိသူများကို ဆေးတပ်ဖွဲ့က ပြုစု။

၉ နာရီခွဲ- ကွမ်းလုံမြို့သို့ ပြန်လည်ရောက်ရှိ။

7Day Daily

0 comments:

Post a Comment