Tuesday, February 17, 2015

ပင်မကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်ခရီးစဉ် သုံးသပ်မည်

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ညအိပ်ရပ်နားတဲ့ မင်းလှမြို့နယ်ကနေ လက်ပံတန်းမြို့ ကို ဒီမနက်ပိုင်းက ချီတက်လာပြီး လက်ပံတန်းမြို့မှာ ညအိပ်ရပ်နားရင် ခရီးစဉ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ကြဖွယ်ရှိပါတယ်။

မနေ့က လွှတ်တော်အစမှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို လွှတ်တော်ကို အရေးကြီး အဆိုအဖြစ် တင်သွင်းနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မှန်းဆချက်တွေ ပျက်ပြားခဲ့ရသလို ဒီကနေ့မှာလည်း ဆက်လက်စောင့်စားနေရဆဲဖြစ်ပါတယ်။



ဓာတ်ပုံ (ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ ဖေ့ဘွတ်ခ်)

ပြည်ထဲရေးဝန်ကြီးက ရန်ကုန်အတွင်း သပိတ်စစ်ကြောင်း အ၀င်မခံဘူးလို့ သတင်းထုတ်ပြန်ချက်နဲ့အတူ ပဲခူးတိုင်းအထွက် ရန်ကုန်တိုင်းအ၀င် မီးနင်းချောင်းတ၀ိုက်မှာ ရဲလုံခြုံရေး အများအပြား ချထားတာကြောင့် သပိတ်မှောက်စစ်ကြောင်းအတွက် စိုးရိမ်ပူပန်မှုတွေလည်း တနေ့ထက်တနေ့ မြင့်တက်လာနေပါတယ်။

ဒီညနေ လက်ပံတန်းမြို့မှာ ညအိပ်ရပ်နားတဲ့အခါ မန္တးတလေး-ရန်ကုန် ပင်မသပိတ်စစ်ကြောင်းရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ရှိပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက “အရင်က အစိုးရက ၅ မျဉ်းစောင်း ၂၀၁၅ မထုတ်ခင် ကျနော်တို့ ဗကသ ကြေညာချက်အရဆိုရင်တော့ ကျနော်တို့က တောင်းဆိုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရန်ကိုကတော့ သွားမယ်၊ တောင်းဆိုချက်က မရရင် တိုက်ပွဲပုံစံနဲ့ ရန်ကုန်မြို့ထဲဝင်မယ်။ တောင်းဆိုချက်ရတယ် ဆိုရင်တော့ အောင်ပွဲခံတဲ့သဘောမျိုးနဲ့ ရန်ကုန်မြို့ ထဲကိုဝင်မယ်ပေါ့။ ဒါပေမယ့် ဥပဒေကြမ်းရေးဆွဲပြီးတဲ့ မတိုင်ခင်အဆင့်တုန်းက ထုတ်ပြန်ခဲ့ တာဖြစ်တဲ့အခါကျတော့ ဥပဒေကြမ်းရေးဆွဲပြီး နောက်ပိုင်းမှာ ဘယ်လိုသွား မလဲဆိုတာကို ကျနော်တို့က လက်ပံတန်းကျမှ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ရမှာတွေရှိတော့ ခုလော လောဆယ်တော့ ကံသေကံမ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ပင်မကျောင်းသားသပိတ်စစ်ကြောင်းက ရန်ကုန်ထိ ချီတက်မယ်လို့ ပြောတဲ့နေ့ နာရီပိုင်း အကြာမှာပဲ ပြည်ထဲရေးဝန်ကြီးဌာနက ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ရန်ကုန်ဧရိယာ အတွင်း မ၀င်ဖို့နဲ့ ၀င်ရောက်လာရင် တားဆီးမယ်လို့ ကြေညာပြီး မြို့အ၀င်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတား အဆီးတွေ ပြင်ဆင်ခဲ့ပါတယ်။


ဓာတ်ပုံ (ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ ဖေ့ဘွတ်ခ်)

နှစ်ဘက် တင်းမာလာဖွယ်အခြေအနေမှာ သီတဂူဆရာတော်ဘုရားကြီးက အစိုးရနဲ့ကျောင်းသားတွေကို ပန်ကြားတဲ့ စာနှစ်စောင်ကို သီးခြားစီ ခွဲထုတ်ပြန်ခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားများသို့ မေတ္တာရပ်ခံခြင်း စာမှာ အမျိုးသားပညာရေးဥပဒေအတွက် စားပွဲဝိုင်းမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဟာ ကောင်းမွန်မယ်လို့ ယုံကြည်ကြောင်းနဲ့ ကျောင်းသားတွေ အနေနဲ့ အောင်မြင်မှုကိုဂုဏ်ယူလျက် မိဘဆရာသမားရင်ခွင်ကို ပြန်ပြီး စာသင်ကြဖို့ အထူးမေတ္တာ ရပ်ခံထားပါတယ်။

ဆရာတော်ရဲ့တိုက်တွန်းစာဟာ ကျောင်းသားတွေကိုသာ တဖက်သတ် တိုက်တွန်းတယ်လို့ ဝေဖန်ခံ ခဲ့ရပါတယ်။ နောက်တနေ့မှာ ဆရာတော်က အစိုးရထံ မေတ္တာရပ်ခံစာတစောင် ထပ်မံ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အစိုးရသို့ မေတ္တာရပ်ခံခြင်းစာမှာ မိဘသဖွယ်ဖြစ်တဲ့ အစိုးရအနေနဲ့ ကျောင်းသားတွေနဲ့ ကျောင်းသူ ကျောင်းသားများအပေါ် သည်းခံခွင့်လွှတ်ပြီး အကောင်းဆုံး လိုက်လျောပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ကျောင်းသာသပိတ်စစ်ကြောင်းကို ကိုယ်တိုင်သွားရောက်အားပေးလှူဒါန်းခဲ့တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟက သပိတ်မှောက်ကျောင်းသားတွေ ဖြိုခွင်းနှိမ်နင်းမခံရအောင် ထေရ်ကြီးဝါကြီး ဆရာတော်ဘုရားကြီးတွေက ကြားဝင် သြ၀ါဒ မိန့်ကြားပေးဖို့ တောင်းဆိုပါ တယ်။


ဓာတ်ပုံ (ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ ဖေ့ဘွတ်ခ်)

ဦးပညာသီဟက “ကျုပ်တို့တိုင်းပြည် ကဗျာ ပြည်သူ့ဆန်စားပြီးတော့ သြဇာတိက္ကမ ကြီးမားတဲ့ ဒီအချိန်မှာ တိုင်းပြည်အတွက်တော့ဗျာ အသံလေးတော့ ထိုးကျွေးသင့်တာပေါ့ဗျ။ ပြည်သူ့ဆွမ်းကို တသက်လုံး စားလာပြီးတော့ အာပတ်လည်းမသင့်၊ အပြစ်လည်းမရှိဘဲနဲ့ ဘုရားဝါဒအတိုင်း ငြိမ်းချမ်းရေးဝါဒကို ကိုင်တွယ်ပြီးတော့ ကြားက ဖြန်ဖြေပေးသင့်တာပေါ့ဗျ။ ကျုပ်တို့ သားသမီးတွေလေဗျာ။ ဒီအချိန်လေးမှာ တိုင်းပြည်အတွက် မသေခင်လေးမှာ နှုတ်၏စောင်မခြင်းလေးနဲ့တော့ လုပ်ပေးသွားသင့်တာပေါ့ဗျ။” လို့ မိန့်ကြားပါတယ်။

လူသိများတဲ့ လူငယ်အဖွဲ့အစည်းတခုဖြစ်တဲ့ Generation Wave အဖွဲ့ကလည်း သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းအစိုးရက ငြိမ်းချမ်းစွာချီတက်နိုင်အောင် ကာကွယ်စောင့်ရှောက်ဖို့နဲ့ အမျိုးသားပညာရေးဥပဒေ အသက်ဝင် တဲ့အခါ တာဝန်သိမှုနဲ့ ရဲရဲဝံ့ဝံ့ စွန့်စားတောင်းဆိုတဲ့ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ ကို ဂုဏ်ပြုချီးမြှင့်ဖို့ သမ္မတဦးသိန်းစိန်ကို စာရေးသားတိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးအရ အစိုးရိမ်လွန်ကဲပြီး ပိတ်ပင်တားဆီး၊ ဖမ်းဆီးအရေးယူမှသာ သပိတ်ကိုထောက်ခံ အားပေးတဲ့ ပြည်သူလူထုနဲ့ အစိုးရ ထိပ်တိုက်တွေ့ပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာမှာဖြစ်တယ် လို့လည်း သတိပေးထားပါတယ်။

ဆရာဆရာမများသမဂ္ဂက ဥက္ကဋ္ဌ ဦးသုတက အစိုးရအနေနဲ့ အပ်တိုတချောင်းမပါတဲ့ ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်သင့်ဘဲ နှစ်ဘက်ညှိနှိုင်းတာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

သူက “လက်ရှိအစိုးရက ဒီမိုကရေစီအစိုးရလို့ပြောရင် ဒီမိုကရေစီကျင့်စဉ်တွေ ကျင့်သုံးရမှာပါ။ အကြမ်းဖက်ဖြေရှင်းတယ်ဆိုတာ အဖြေမဟုတ်ပါဘူး။ ပြသနာကို ပိုပြီး ကြီးထွားစေပါတယ်။” လို့ ပြောပါတယ်။


ဓာတ်ပုံ (ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ ဖေ့ဘွတ်ခ်)

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု က်ာမတီက ဦးဆောင်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေဟာ နယ်တွေကနေ ရန်ကုန်အထိ မိုင်ရာချီချီတက်သပိတ် မှောက်ခဲ့ကြရာမှာ အစိုးရဘက်က သူတို့ရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး လေးပွင့် ဆိုင်ဆွေး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ၁၁ ချက်အနက် ၄ ချက်ကို အပြည့်သဘောတူပြီး ၇ ချက်ကို မူအားဖြင့်သဘောတူညီခဲ့ပါတယ်။

ဒီလ ၁၄ ရက်- ၁၅ ရက် နှစ်ရက်တာအတွင်း မူကြမ်းရေးဆွဲအပြီးသတ်နိုင်ခဲ့ပြီး ဥပဒေအသုံး အနှုန်းတွေ စိစစ်ဖို့ ရှေ့နေချုပ်ရုံးထံ ပညာရေးဝန်ကြီးဌာနက ပေးပို့ထားပြီး လွှတ်တော်ကို တင်ပြဆွေးနွေး အတည်ပြုကြဖို့ရှိပါတယ်။

လွှတ်တော်က အတည်ပြု၊ပြီး သမ္မတလက်မှတ်ရေးထိုး အတည်ပြုတဲ့အထိ ကျောင်းသားတွေဘက်က သပိတ်နဲ့ ဖိအားပေးတာကို အစိုးရဘက်က တားဆီးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဥပဒေမူကြမ်းကို အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြပြင်ပြောင်းလဲမှုကွန်ယက်နဲ့ ဒိမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီဝင် ကျောင်းသားတွေရဲ့ဒီလ (၁၄-၁၅) ရက် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ မြေလတ်-မုံရွာ၊ မော်လမြိုင်-ထားဝယ် ပူးပေါင်းသပိတ်စစ်ကြောင်းနဲ့ ဧရာဝတီသပိတ်စစ်ကြောင်းတွေကတော့ ရန်ကုန်ကို သွားရောက် မယ့် အစီအစဉ်ကို မနေ့တုန်းက ဖျက်သိမ်းခဲ့ကြပြီး သပိတ်ကို ခေတ္တရပ်နားခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment