ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးရန် ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီ ၂ ရက်က ဆုံးဖြတ်ခဲ့ပြီး ရခိုင်ဒေသခံများနှင့် အဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဝှိုက်ကတ်ကိုင်ဆောင်သူ လူဦးရေ ၁ ဒသမ ငါးသန်းခန့်ရှိပြီး ၎င်းတို့အနက် ခုနစ်သိန်းကျော်မှာ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ် ဒေသခံများ၏ စိုးရိမ်မှုများကို ပြေလည်အောင် ဖြေရှင်းနိုင်ရေး အစီအစဉ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၏ သဘောထားကို မဇ္ဈိမ သတင်းဌာန သတင်းထောက် ကေဇူးက ဆက်သွယ်မေးမြန်းထားသည်။
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အမေး။ ။ အဖြူကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ကို ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဝန်ကြီးချုပ်ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။
အဖြေ။ ။ ကျွန်တော့် အနေနဲ့ကတော့ နိုင်ငံတော်က လုပ်တဲ့ကိစ္စဖြစ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက အတည်ပြုပေးတဲ့ကိစ္စဖြစ်လို့ ဘာမှ အထွေအထူး ပြောစရာ မရှိပါဘူး။အမေး။ ။ ရခိုင်ဒေသခံတွေ အနေနဲ့ ဒီကိစ္စကို လုံးဝကန့်ကွက်သွားမယ်လို့ ခံယူထားတဲ့အပေါ် ဝန်ကြီးချုပ် အနေနဲ့ ဘယ်လိုညှိနှိုင်းပေးဖို့ ရှိပါသလဲ။
အဖြေ။ ။ ကျွန်တော်တို့ တိုင်းရင်းသားမိဘပြည်သူတွေအနေနဲ့ ဒီကိစ္စကို စိတ်တိုင်းမကျ ဖြစ်နေတဲ့အပေါ် ကျွန်တော့် အနေနဲ့ ဘယ်လိုပြောမလဲ။ အစိုးရနဲ့ ပြည်သူကြားမှာ သမာသမတ်ကျကျနဲ့ ဆက်လက်ဖြေရှင်းသွားရဖို့ပဲ ရှိပါတယ်။
အမေး။ ။ နိုင်ငံတကာနဲ့ ရခိုင်ဒေသခံတွေကြားမှာ ဝန်ကြီးချုပ်က ဖြေရှင်းနိုင်ခဲ့တာတွေရှိခဲ့တယ်။ အစိုးရနဲ့ ရခိုင်ဒေသခံတွေကြားက ကိစ္စကိုကျတော့ ဖြေရှင်းဖို့ လွယ်ကူပါ့မလား။
အဖြေ။ ။ ဒီ ဝှိုက်ကတ် ကိစ္စမှာတော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောလိုပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံတော်က ဆုံးဖြတ်တဲ့ ကိစ္စဖြစ်နေတာရယ်။ ပြည်ထောင်စုလွှတ်တော်ဆိုတာလည်း ပြည်သူတွေ ရွေး ကောက်တင်မြှောက်ထားတဲ့ သူတွေဖြစ်တဲ့အတွက် ဒါဟာ ပြည်သူတွေရဲ့သဘောဆန္ဒနဲ့လို့ပဲပြောရင် လည်း မမှားပါဘူး။ ရခိုင်ပြည်သူတွေကြားမှာတော့ ပြဿနာတစ်ခုက ဖြေရှင်းလို့မပြီးသေးခင် နောက်ပြသနာ တစ်ခုရောက်လာတယ်လို့ပြောရမှာပေါ့ဗျ။ ကျွန်တော့်အနေနဲ့ ရခိုင်ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ ဒါကို သမာသမတ်ကျကျ ဖြေရှင်းရမှာပေါ့။
အမေး။ ။ ရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာတာ ခြောက်လကြာပြီဆိုတော့ ရခိုင်ပြည်နယ်ရဲ့ ဘယ်လို ပြဿနာတွေ ဖြေရှင်းပေးနိုင်ပြီလို့ ယူဆလဲ။
အဖြေ။ ။ ဒါကတော့ဗျာ၊ ဒီက ဒေသခံတွေကိုပဲ မေးတာပိုကောင်းပါတယ်။ ကျွန်တော်ကပြောရင် ကြွားသလိုဖြစ်မှာ ပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတော် အစိုးရကပါ လက်ခံမထားတဲ့ 'ရိုဟင်ဂျာ'ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ မစ္စယန်ဟီလီ၊ နောက်အမေရိကန် သန်းကြွယ်သူဌေးဂျော့ဆိုးရော့ တို့ကအစ ကျွန်တော် ကန့်ကွက်ခဲ့တယ်။ အိတ်ဖွင့်စာတွေ ပေးခဲ့တယ်။ နိုင်ငံခြား ခရီးစဉ်တွေမှာလည်း ကျွန်တော် ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားမှုကို စာနာဖို့ပြောခဲ့တယ်။ စစ်တွေမြို့ကြီးဆိုရင် ပြင်ပမှာ လှပတင့်တယ်လာသလို ဒေသခံတွေရဲ့ အတွေးအခေါ်တွေကအစ အရင်ကနဲ့ မတူတော့ ပါဘူးခင်ဗျ။
အမေး။ ။ ၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို စိစစ်တဲ့နေရာမှာ ရခိုင်ပြည်နယ်ကို သီးခြားအစီအစဉ်နဲ့ စိစစ် တာမဟုတ်ဘဲ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ရိုးလုပ်စဉ် ပုံစံမျိုးနဲ့သာ သွားတော့မယ်လို့ သိရတယ်။ ဒီလိုစိစစ်မယ်ဆိုရင် သိန်းနဲ့ချီပြီးရှိနေတဲ့ နိုင်ငံသား မဖြစ် သေးသူတွေကို စိစစ်မှုက အောင်မြင်ပါ့မလား။
အဖြေ။ ။ ရခိုင်ပြည်နယ်မှာ အနှစ်က ပိုင်းလော့ပရောဂျက် ပေါ့နော်၊ မြေပုံမြို့မှာ လုပ်ခဲ့တယ်။ ဒီနှစ်မှာ ပြန်စတော့ အဲဒီလို မလုပ်တော့ဘူး။ နိုင်ငံသားဖြစ်ချင်တဲ့ သူတွေက ဘင်္ဂါလီလို့လာလျှောက်တဲ့ သူရှိရင် စစ်ပေးမယ်။ လာမလျှောက်ရင်တော့ ကျွန်တော့တို့လည်း စစ်လို့မရဘူးပေါ့ဗျာ။
အမေး။ ။ ၂ဝ၁၅ မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ဆက်လက်ရွေးကောက်ခံဖို့ရှိပါသလား။
အဖြေ။ ။ ကျွန်တော် ဒီတာဝန်ကို ထမ်းဆောင်တယ်ဆိုတာ နိုင်ငံတော်ကပေးတဲ့ တာဝန်ကို ရိုးရိုးသားသား ထမ်း ဆောင်တာပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်က စစ်သား တစ်ယောက်ဖြစ်တယ်။ စစ်သားဖြစ်တဲ့ အတွက် နိုင်ငံတော်ကပေးတဲ့အမိန့်ကို လိုက်နာရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကသော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း ကျွန်တော့်ကို တာဝန်ပေးတယ်ဆိုရင် ထမ်းဆောင်ရမှာပါ။

Mizzima
0 comments:
Post a Comment