Wednesday, May 6, 2015

တက်တူးဆိုတာ ကိုယ့်ခန္ဒာကိုယ်ပေါ်မှာ ကိုယ်ထိုးတာမို့ ဝေဖန်ခံရလည်း ဘာဖီလင်မှ မရှိဘူးလို့ ဆိုလိုက်တဲ့ ပိုပိုက ဒုတိယအခွေကို မေ ၂၉ မှာထွက်ဖို့ ကြိုးစားနေ



ချစ်ဖူးခဲ့သမျှ အခွေနဲ့ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ခဲ့သလို နေရာတစ်ခုလဲ ရရှိခဲ့တဲ့ ပိုပို့ကို ဒုတိယခွေ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုနဲ့ပတ်သက်ပြီး သိလိုသမျှမေးမြန်းခဲ့သလို အရမ်းကို အဆင်ပြေနေကြတဲ့ အချစ်ရေးအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ-လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။

ခုဒီနေ့က ဘာမှမလိုဘူး သီချင်းကို M plus ပုံစံနဲ့ ရိုက်ကူးရေး လုပ်နေပါတယ်။ နောက်ပြီး ဒီရက်ပိုင်းအတွင်း Second စီးရီးအတွက် Mixxing တွေ ထိုင်နေတယ်။ ပရိသတ်တွေကို လက်ဆောင်ထည့်ပေးမဲ့ အမ်တီဗီ ၃ ပုဒ်ကိုလဲ ရိုက်ဖြစ်နေတယ်။ ၂ပုဒ်ပြီးသွားပါပြီ။ ၈ ရက်နေ့ကျရင် တစ်ပုဒ် ထပ်ရိုက်ပါမယ်။ သီချင်းတွေက ဟိုးအရင်က ပိုပို အပြင်ကနေပြီး ဒီဗီဒီ အယ်ဘမ်တစ်ခု ထွက်ခဲ့တယ်။ လူသိပ်မသိတဲ့ သီချင်းပေါ့။ နာမည်လေးက ငါမုန်းတယ်။ နောက်တစ်ပုဒ်က စိုးကြီးနဲ့ဆိုထားတဲ့ ငါမုန်းမရဆိုတဲ့ သီချင်း ၊ နောက် ဒုတိယအခွေထဲက တစ်ပုဒ်ကို ထည့်ပေးထားတယ်။ Mixxing က ၅ ပုဒ်ပဲ ပြီးသေးလို့ အခွေထွက်တာ နောက်ကျမှာပေါ့နော်။ အစက ပိုပို့ မွေးနေ့ထွက်ဖို့လုပ်ထားတာ ခုတော့ ၂၉ ရက်နေ့လောက် ပြန်မှန်းထားပါတယ်။ နာမည်က အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုပါ။ ဒီထဲမှာ အလွမ်းသီချင်း ၊ ဟာသ သီချင်းလေးတွေ၊ နောက် ယောကျာ်းလေးဖက်က ခံစားပြီးရေးထားတာလေးတွေ လဲပါပါတယ်။ အားလုံးပေါင်း ၁၄ ပုဒ်မှာ ၁၃ ပုဒ်က ပိုပိုရေးတာပါ။ နောက်တစ်ပုဒ်က သူငယ်ချင်း ရန်နောင်ဆိုတာ ရေးပေးတာပါ။ Featuring က ယောကျာ်းလေးထဲမှာဆို ကိုစိုးကြီး၊ မိန်းကလေးထဲကဆို ဆုစန္ဒီထွန်း ၊ နောက်ရွယ်ရွယ် ရယ်။ နှစ်ယောက်ပါ။ ပထမခွေတုန်းက ပိုပိုတတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တယ်။ ဒီဒုတိယအခွေကျတော့ တတ်နိုင်တာထက် ပိုပြီးကောင်းအောင် လုပ်တယ်။ ပိုပြီးလဲ အားရတယ်။ Music ပိုင်းရော၊ ကွာလတီပိုင်းရောကောင်းအောင် လုပ်ထားတယ်။ ဒီအခွေလေးကို လုပ်တာ တစ်နှစ်နဲ့ ၄ လကြာပြီ။ ဒီအခွေလေးနဲ့ပတ်သက်တဲ့ ယုံကြည်မှုကတော့ ပရိသတ် ကိုယ့်ကိုချစ်တဲ့ အချစ်တွေနဲ့ ကျန်တာကတော့ ဘုရားပေးတဲ့အတိုင်းပါပဲ။

-ပိုပိုရေးတဲ့ သီချင်းတွေဆို များသောအားဖြင့် သံစဉ်လေးတွေ ထပ်တယ်လို့ခံစားမိတယ်။ အဲ့ဒီအပေါ်ရောဘယ်လိုမျိုးလေး ပြောပြချင်လဲ။

သံစဉ်ကတော့ လူတစ်ယောက်တည်းက ရေးတဲ့အတွက် သူ့ရဲ့ flow တစ်ခုတည်းကတော့ ခွဲထွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခွဲထွက်အောင်တော့ရေးထားပါတယ်။ လူတော်တော်များများ ကတော့ထင်ကြတယ်။ ပိုပိုပဲရေးတယ်။ ဒီပုံစံလေးတွေက ပိုပိုကပဲ ထွက်တယ်ဆိုတော့ သံစဉ်တွေ တူတယ်လို့ထင်ကြတယ်။ တကယ်တမ်း ပိုပိုထင်တာကတော့ အဲ့ဒီလိုတူတယ်လို့တော့ မထင်ဘူး။ ကိုယ်ရေးနေတာဆိုတော့ ကိုယ့်ဟာကို သိတယ်။ ရေးကတည်းက ထိန်းပြီးရေးဖြစ်တယ်။ တေးရေးတေးဆို တစ်ယောက်မဟုတ်ပဲနဲ့ တခြားတေးဆိုတဲ့ သူတွေကိုကြည့်မယ်ဆိုရင် ဒီပုံစံလောက်ပါပဲ။ ဥပမာ ကိုလေးဖြူဆိုရင်လဲ ကိုလေးဖြူစတိုင်ပဲ သူဆိုတာပေါ့နော်။ ကိုထူးအိမ်သင်ဆိုလဲ သူ့စတိုင်လေးနဲ့သူ၊ မချမ်းချမ်းတို့မဖြူတို့ဆိုရင်လဲ သူတို့ပုံစံနဲ့သူတို့ရှိကြတယ်။ သူတို့လဲ သူများရေးပေးတယ် ဆိုပေမဲ့ သူတို့ကြိုက်တဲ့ ပုံစံလေးတွေ ရေးခိုင်းပြီးဆိုတာဆိုတော့ ဒီအတိုင်းပါပဲ။ ပိုပိုကကျတော့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ဆိုတော့ သူရေးရင်တော့ ထပ်နေမှာပဲဆိုတဲ့ အစွဲတော့ ရှိပါလိမ့်မယ်။ တကယ်တမ်းက မထပ်ပါဘူး။ ပိုပိုကလဲ အဲ့ဒီလိုအထင်ခံရမှာ သိပ်ကြောက်တာဆိုတော့ သီချင်းရေးတဲ့အခါမှာ အမြဲတမ်းခွဲထွက်အောင်ရေးဖြစ်တယ်။

-တက်တူးနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်လေးကိုလဲ သိချင်ပါတယ်။

အဓိက ပိုပိုမှာချင်တာက တက်တူးထိုးပြီးရင် နောင်တ မရဖို့ပါပဲ။ သူများတွေက တက်တူးထိုးတဲ့ သူတွေကြီးလာရင်နောင်တရမယ်တဲ့။ သူတို့ပြောတာလဲဟုတ်ပါတယ်။ ဒါပေမဲ့ ပိုပိုကတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဘ၀ရဲ့မှတ်တိုင်လေးတွေရော၊ နောက်ပြီး ဂီတနဲ့ပတ်သက်တဲ့ ဟာတွေထိုးတာမျိုးဆိုတော့ နောင်တမရပါဘူး။ ပင်တိုင်ထိုးဖြစ်တာက ကိုဇေယျာကြီးပါ။ သူနဲ့ပဲထိုးဖြစ်တယ်။ တစ်ကိုယ်လုံးမှာဆိုရင် ၁၁ ခုလောက်တော့ ရှိမယ်။ ထိုးပြီးသွားရင်လဲ ပျော်တယ်။ ကျေနပ်တယ်။ မကောင်းဘူးလဲ မမြင်မိဘူး။ ဒါပေမဲ့ တက်တူးနဲ့ပတ်သက်ပြီးပြောချင်တာက နောက်ကလေးတွေကို အတုယူမှားမယ်ဆိုတဲ့ စကားမျိုးပေါ့။ အဲ့ဒီလိုမျိုးပြောတယ် ဆိုတော့ သူတို့ပြောတာလဲ ဟုတ်ပါတယ်။ ကိုယ်တောင်နိုင်ငံခြားအဆိုတော်တွေ ဘာလုပ်လုပ်လိုက် လုပ်ချင်တာဆိုတော့လေ။ ၁၀ ကျော်သက်ကလေးတွေကို မှာချင်တာက အသားအရေနဲ့ပတ်သက်ပြီး ပိုပို့လိုတော့ လိုက်မထိုးကြပါနဲ့လို့ပြောချင်ပါတယ် ။ အနုပညာသမားတက်တူးထိုးတာက ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အပြင်လူ တက်တူးထိုးတဲ့အခါ သိပ်တော့မကောင်းဘူး။ ထိုးချင်ရင် မမြင်တဲ့နေရာတွေ ထိုးပါလို့။ အသားအရေ နဲ့ပတ်သက်ပြီး ပိုပို့လို တက်တူးတွေ လိုက်မထိုးပဲ ၀တ်မှုန်ရွှေရည်ကိုကြည့်ပြီး အားကျ ကြပါလို့ပဲပြောချင်ပါတယ်။ ၀တ်မှုန်ရွှေရည်ဆို ဘာတက်တူးမှလဲ မရှိဘူး ။ ဖြူဖွေးနုဖတ်ပြီး အရမ်းချစ်ဖို့ကောင်းတယ်။ အဲ့ဒါကြောင့် အသားအရေနဲ့ပတ်သက်ပြီး ၀တ်မှုန်ရွှေရည်ကို အားကျကြပါ။ ကလေးတွေကို အတုယူမမှားစေချင်ပါဘူး။ ဒါပေမဲ့ တက်တူးကိုကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်ကို ဆုံးဖြတ်လို့မရဘူးလို့ပြောချင်တယ်။ လူတွေရဲ့အတွင်းစိတ်ကို တက်တူးကြည့်ပြီး ဆုံးဖြတ်ပေး လို့မရဘူး။ လူတိုင်းလူတိုင်းက ကိုယ့်ဘ၀နဲ့ကိုယ်ပဲလေ။ တက်တူးထိုးလို့ပရိသတ်ဝေဖန်တာ ရှိတယ်။ ၁၀၀ မှာ ၂၀ လောက်ပေါ့။ ပိုပိုကတော့ ဘာမှ သိပ်ဂရုမစိုက်တော့ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်။ သူများနစ်နာအောင် မလုပ်ဖို့အရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်ထိုးတာဆိုတော့ ဝေဖန်မှုနဲ့ပတ်သက်ပြီး သိပ် feel မရှိပါဘူး။


-အရမ်းကို အဆင်ပြေနေတဲ့ လက်ရှိသူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ။

အချစ်ရေးက အဆင်ပြေတာက အရင်တုန်းက အရမ်း တကျက်ကျက်နဲ့ရန်ဖြစ်တယ်။ သူနဲ့အဆင်မပြေရင် သီချင်းရေးဖြစ်တယ်။ အခုဆို သိပ်ရန်မဖြစ်တော့ တခါတလေ ငါသူနဲ့ရန်ဖြစ်ရင်ကောင်းမလားဆိုပြီး တွေးမိတယ်။ ပိုပိုက သိပ်ပြီး မထုတ်ပြတတ်ဘူးဆိုတော့ အချစ်သီချင်း သိပ်မထွက်ဘူး။ အလွမ်းသီချင်းကျတော့ ပိုအားသန်တယ်။ အရမ်းလဲတွေးတော့ သီချင်း တွေထွက်တယ်။ ဒုတိယခွေမှာပါမဲ့ မချစ်ရင်ဆိုတဲ့ သီချင်းဆို အဆင်မပြေတုန်းက ရေးထားတာပါ။ ပရိသတ်ကြိုက်မယ်လို့လဲထင်ပါတယ်။ ချစ်သူသက်တမ်း က ဒီ ၁၇ ဆို တစ်နှစ်နဲ့ ၄ လရှိပါပြီ။ အရင်ကတော့ facebook မှာသိပ်မတင်ဖြစ်ဘူး။ ခုနောက်ပိုင်းတင်ဖြစ်တာက ပိုပိုက အဆိုတော်တစ်ယောက်ထက် အပြင်က ၀တ်ရည်မိုးဆိုတဲ့ သာမန်လူတစ်ယောက် လိုနေထိုင်ချင်လို့တင်တာပါ။ ငါဒီလိုတင်လို့ ပရိသတ်မကြိုက်တော့မှာလဲ စိတ်မပူဘူး။ အရင်က ရန်အရမ်းဖြစ်တယ်။ ခုနောက်ပိုင်းက ညှိယူရတာပေါ့။ သူငယ်ချင်းတွေနဲ့ပေါင်းရင်လဲ မကြိုက်ဘူး။ ယောကျာ်းလေးဆို သ၀န်တိုတယ်။ ပိုပိုကလဲ အလုပ်တစ်ဖက်က ရှိတော့ စိတ် အပင်ပန်းမခံနိုင်ဘူး။ သူ့ကိုလဲချစ်တယ်။ နားပူလဲ မခံနိုင်တော့ သည်းညီးခံပြီး နင်စိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီး နားလည်ပေးလိုက်တယ်။ ပိုပိုကလဲ အရင်ကတည်းက ဥပက္ခာပြုတတ်တဲ့ မိန်းမမျိုးဆိုတော့ တခါတလေ သူစိတ်ဆိုးပြီဆို ကိုယ်ကရယ်ချင်နေတယ်။ သူစိတ်ဆိုးရင်ဘေးနားမှာ ထိုင်ရယ်နေတော့ သူက နင်က ငါစိတ်ဆိုးတာကို ထိုင်ရယ်နေတယ်ဆိုပြီး သူ့မှာ စိတ်မဆိုးနိုင်တော့ဘူး။ ခံရပါများတော့ ပိုပိုကလဲ တစ်ခုခု စိတ်ဆိုးပြီဆို ခံစားမနေတော့ဘူး။ တဖြည်းဖြည်းနဲ့အဆင်ပြေသွားရော။ စိတ်ဆိုး စိတ်ကောက်တာလဲ ခုနောက်ပိုင်းသိပ်မရှိတော့ဘူး။ ရှိရင်လဲ ခဏပါပဲ။ ညှိယူသွားလိုက်တယ်။ သူ့အပေါ်ကိုသည်းခံပြီး နားလည်ပေးတယ်ဆိုတာကလဲ ချစ်လို့ပါ။

ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment