Thursday, May 21, 2015

”Boat People ပြဿနာနဲ့ မြန်မာနိုင်ငံ”

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပင်လယ်ပြင်အတွင်း တရားမဝင် ရွှေ့ပြောင်း သွားလာသူများ ဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



ပင်လယ်ပြင်အတွင်း တရားမဝင်ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးရဲထွဋ်၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ကပ္ပလီပင်လယ်နှင့် မလက္ကာ ရေလက်ကြား တို့တွင် ဖြစ်ပေါ်လျက်ရှိသည့် ရွှေ့ပြောင်း အခြေချလိုသူများ၊ ပင်လယ်တွင်း လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ သတင်းများတွင် အကျယ်တဝင့် ဖော်ပြလျက်ရှိကြောင်း။

ထိုသတင်းများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

ထိုကဲ့သို့ တားဆီးနိုင်ရန်အတွက် မြန်မာ့ရေပိုင်နက်အတွင်း ပုံမှန်ကင်းလှည့်ခြင်း၊ ဘေးဒုက္ခရောက်သူများအား ရှာဖွေကယ်ဆယ်ခြင်းတို့ကို တပ်မတော်၏ ပင်လယ် ရေကြောင်း လုံခြုံရေးဆိုင်ရာ အဓိကတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုသတင်းဖြစ်ပေါ်နေသည့် ပင်လယ်တွင်း လှေစီး ဒုက္ခသည်များသည် လူမှောင်ခိုမှု၊ လူကုန်ကူးမှုများကို စီးပွားရေးလုပ်ငန်းကြီး တစ်ရပ်သဖွယ် ဆောင်ရွက်နေသည့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ၏ သားကောင်များသာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်များသည် နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်ပါကြောင်း။
အဆိုပါ ပင်လယ်တွင်း လှေစီးဒုက္ခသည်များသည် မြန်မာနိုင်ငံမှလာသည်ဟု စွပ်စွဲ ပြောဆို နေမှုများသည် မြန်မာနိုင်ငံမှ နည်းပါးသည့် အရေအတွက် ပါဝင်ကောင်း ပါဝင် နိုင်သော်လည်း အများစုမှာ မိမိတို့နိုင်ငံမှ မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံသား ဟုတ်မဟုတ် လိုအပ်သည့် ဇာစ်မြစ်ကို စိစစ်ခြင်း၊ နိုင်ငံတကာ ကောင်စစ်လုပ်ငန်းများနှင့်အညီ စိစစ်မှုများကို ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ပါက ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။
ယခုနှစ် မတ်လအတွင်းတွင် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ထိန်းသိမ်းထားသည့် တရားမဝင် မြန်မာအလုပ်သမား ၁၀၂ ဦးကို တပ်မတော် (ရေ) စစ်ရေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်နှင့် ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ဒုက္ခရောက်နေသည့် မြန်မာရေလုပ်သား ၅၀၀ ခန့် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ စတင်ခေါ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို ကြည့်ပါက မိမိတို့အစိုးရအနေဖြင့် မြန်မာ နိုင်ငံသားမှန်ကန်ပါက လူမျိုး၊ ဘာသာမခွဲခြားဘဲ လိုအပ်သော ကာကွယ် စောင့်ရှောက်မှု များ ပေးအပ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ယာယီသက်သေခံကတ်ပြား ပြန်လည်အပ်နှံခြင်းနှင့် နိုင်ငံသားစိစစ်မှုလုပ်ငန်းများကိုလည်း နိုင်ငံသားဥပဒေနှင့် အညီ အေးချမ်းစွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဤလုပ်ငန်းစဉ်တွင် လည်း လူမျိုးရေးခွဲခြားဆက်ဆံမှု အခြေခံခြင်းမဟုတ်ဘဲ နိုင်ငံသားစိစစ်မှု လုပ်ရိုးလုပ်စဉ် လုပ်ငန်းသာ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကြောင့် မိမိနိုင်ငံအား စွန့်ခွာသွားသူများ မရှိနိုင်ပါကြောင်း။

ရခိုင်ပြည်နယ် အခြေအနေသည် ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားသည့်အချိန်နှင့် များစွာ ကွာခြားနေပြီဖြစ်ကြောင်း၊ လူ့အသိုက်အဝန်းနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခြင်း မရှိသည့်အပြင် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသူများကို အမြဲတမ်းနေထိုင်ရမည့် နေရာများသို့ ရွှေ့ပြောင်းအခြေချ နိုင်ရေးအတွက် အိမ်ရာများ ဆောက်လုပ်ပေးနေသကဲ့သို့ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးလျက် ရှိပါကြောင်း၊ ပညာရေးအခွင့်အလမ်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်အောင် လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

အလားတူပင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများလည်း စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက သာမက နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ဖိနှိပ်မှုများ၊ ခွဲခြားဆက်ဆံမှုများကြောင့် ထွက်ပြေး လာသည် ဆိုသည့် မှန်းဆပြောဆိုချက်များသည် လက်ရှိအခြေအနေနှင့် ကွဲလွဲ နေပါကြောင်း၊ စီးပွားရေးအခြေအနေအရ ရွှေ့ပြောင်း အခြေချလိုသူ အချို့ရှိနိုင်သည့် အတွက် ပြည်နယ်အတွင်း လူမှောင်ခိုတားဆီးကာကွယ်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအသိုက်အဝန်းအား လူမှောင်ခိုကူးသူများက စည်းရုံး ဆွဲဆောင်မှု မပြုနိုင်ရေး၊ ပင်လယ်ပြင် တရားမဝင်ထွက်ခွာခြင်းဖြင့် စိတ်ကူးယဉ် မျှော်လင့်ချက်များထက် လက်တွေ့တွင် အသက်ဆုံးရှုံးသည် အထိ အန္တရာယ် ကြီးမားကြောင်း အသိပညာပေးရေး၊ ဘင်္ဂါလီစခန်းများတွင် ဘ၀လုံခြုံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် အနာဂတ်မျှော်လင့်ချက် ရှင်သန်စေရေးအတွက် ပိုမိုတိုးတက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံပိုင်နက်ရေပြင်အား ကြားစခန်းထောက်အဖြစ် အသုံးပြုသွားလာမှုများကိုလည်း ပင်လယ်ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြဲမပြတ်စောင့်ကြည့်ပြီး လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိလာသည့် ပင်လယ်တွင်း လှေစီးဒုက္ခသည်များကိုလည်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ကာ လူသားချင်း စာနာမှု အကူအညီများပေးပြီး မည်သည့်နိုင်ငံမှ အစပြုသည် ဖြစ်စေ လိုအပ်သော ကာကွယ်စောင့်ရှောက်မှု၊ စိစစ်မှုများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း များကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှု ပြဿနာများသည် ဒေသတွင်း၌ ဖြစ်ပွားနေသည့် ပြဿနာ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်သွားရန် ခက်ခဲပါကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အကြောင်း အရင်းများကို ဖယ်ရှားရန် ထိရောက်မြန်ဆန်သည့် အကောင်အထည်ဖော်မှုများ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း။

ပြဿနာကို လွဲမှားသည့် ရပ်တည်ချက်များ လက်တွေ့နှင့်ကင်းကွာသည့် ရပ်တည်ချက်၊ ရှုမြင်ချက်များနှင့် တရားသေဆုပ်ကိုင်ပြီး ဖြေရှင်းရန် ကြိုးပမ်းခြင်းသည် မှန်ကန်သည့်အဖြေ ဒေသတွင်း နိုင်ငံများ အားလုံးအတွက် အကျိုးဖြစ်မည့်ရလဒ်များနှင့် ဝေးကွာစေမည် ဖြစ်ပါကြောင်း၊ ယခုပြဿနာကို တစ်ယူသန်တံဆိပ်ကပ် စွပ်စွဲမှုများလုပ်ပြီး ချဉ်းကပ်ပါက ပူးပေါင်းဆောင်ရွက်မှု အားနည်းသွားစေနိုင်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အရှေ့တောင် အာရှ နိုင်ငံများသို့ သွားရောက်ရာမှ စက်ချွတ်ယွင်းပြီး မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား အရေးယူခဲ့မှု၊ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှု အခြေအနေများနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲရှိ စလူချိုင်ရွာ ပင်လယ်ကမ်းစပ် သို့ ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆၀ နှင့် ၂၀၁၂ ခုနှစ် မတ် ၇ ရက်တွင် ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့နယ်ခွဲရှိ ကွင်းဘတ်ကျေးရွာ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦးတို့ကို ဥပဒေနှင့်အညီ အရေးယူ ခဲ့ပါကြောင်း။

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့နယ်ခွဲရှိ ပန်းမှော် ကျေးရွာနှင့် အုန်းကျွန်းကြီးကျေးရွာကြား ပင်လယ်ပြင်တွင် ရောက်ရှိလာသည့် စက်လှေ တစ်စင်းအား တပ်မတော် စစ်ကြောင်းမှ တွေ့ရှိခဲ့သော ဘင်္ဂါလီအမျိုးသား ၁၇၉ ဦးအား လည်းကောင်း၊၂၀၁၃ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့နယ်ခွဲရှိ နံသာပုကျေးရွာမှ ကိုက်ငါးဆယ်ခန့်အကွာရှိ ပင်လယ်ရေပြင်တွင် စက်လှေပေါ်မှ ခုန်ချ ထွက်ပြေးလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၆ ဦးအား လည်းကောင်း၊ ၂၀၁၃ ခုနှစ် ­ ဒီဇင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သာစည်ကုန်းရွာမှ လေးဖာလုံ ခန့်အကွာရှိ ပင်လယ်ပြင်တွင်တွေ့ရှိခဲ့သော စက်လှေတစ်စင်းပေါ်မှ ဘင်္ဂါလီလူမျိုး ၁၆ ဦးအားလည်းကောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၅ ရက်တွင် မောင်တောမြို့နယ် အင်ဒင်ကျေးရွာ အုပ်စုရှိ အင်ဒင်အနောက်ရွာမှ ကိုက်နှစ်ရာခန့်ရှိ ပင်လယ်ပြင်အတွင်းတွေ့ရှိခဲ့သော စက်လှေတစ်စင်းပေါ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးအားလည်းကောင်း၊ ၂၀၁၅ ခုနှစ် မေ ၁၇ ရက်တွင် မောင်တောမြို့နယ် ဥဒေါင်းအနောက် (အနောက်ရွာ) အနီး ကန်ပူးချောင်း ပုစွန်ကန်ရှိ တဲအတွင်းမှတွေ့ရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးအား လည်းကောင်း လိုအပ်သော စိစစ်မှုများပြုလုပ်၍ အုပ်ချုပ်မှု ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဖြင့် ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က အရှေ့တောင်အာရှ နိုင်ငံအချို့တွင် လုပ်အားခ သက်သာသည့် အလုပ်သမားများ လိုအပ်နေခြင်းနှင့် စေခိုင်းမှုများ ရှိနေခြင်းတို့ကြောင့် ဒေသတွင်း လူမှောင်ခို ဈေးကွက်ဖြစ်ပေါ်ကာ ရေလမ်းကြောင်းမှ လူမှောင်ခိုကူးမှုသည် ကာလ ကြာမြင့်စွာကပင် ဖြစ်ပေါ်နေ ခဲ့ကြောင်း၊ တပ်မတော် (ရေ) အနေဖြင့် တရားမဝင်လူကုန်ကူးမှုကို တားဆီးနှိမ်နင်းလျက်ရှိပြီး ၂၀၁၂ ခုနှစ်အတွင်း လူမှောင်ခို လှေနှစ်စင်းအားလည်းကောင်း၊ ၂၀၁၃ ခုနှစ်အတွင်း လူမှောင်ခို လှေတစ်စင်းနှင့် လူမှောင်ခို သယ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပိုင်နက်ပင်လယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပငါးခိုလှေနှစ်စင်း စုစုပေါင်း သုံးစင်းအား လည်းကောင်း၊ ၂၀၁၄ ခုနှစ်အတွင်း လူမှောင်ခိုလှေငါးစင်းအားလည်းကောင်း၊ ၂၀၁၅ ခုနှစ် ပထမလေးလပတ်ကာလအတွင်း လူမှောင်ခိုသယ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပိုင်နက် ပင်လယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပ ငါးခိုး လှေတစ်စင်းအား လည်းကောင်း ဖမ်းဆီးနိုင်ခဲ့ကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ များတွင် ရောက်ရှိနေသည့် ပင်လယ်လှေစီး ဒုက္ခသည်များအနက်မှ မြန်မာနိုင်ငံသားများဟု ပြောဆိုနေသူများနှင့် ပတ်သက် ပြီး နိုင်ငံတကာ ကောင်စစ်လုပ်ငန်းများနှင့်အညီ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လူမှောင်ခိုမှု၊ လူကုန်ကူးမှုများကို ကာကွယ်တားဆီး နှိမ်နင်း နိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မေ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အစည်းအဝေး အစီအစဉ်၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး အိမ်ရှင်ထိုင်းနိုင်ငံနှင့် အသေးစိတ် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းဖြင့် ဆွေးနွေး တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးရဲထွဋ်နှင့် ဒုတိယဝန်ကြီးများက ပင်လယ်ပြင်အတွင်း တရားမဝင်ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲမှု အတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

www.president-office.gov.

0 comments:

Post a Comment