Friday, May 29, 2015

လှေစီးဒုက္ခသည်ပြဿနာဇာစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလစွပ်စွဲချက်ကို မြန်မာငြင်းဆို

နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားနေစဉ် (ဓာတ်ပုံ − အီးပီအေ)

အရှေ့တောင် အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇာစ်မြစ်သည် မြန်မာနိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စွပ်စွဲ ပြောကြားချက်ကို မြန်မာဘက်က ငြင်းဆိုလိုက်သည်။

မေလ၂၉ ရက်တွင် ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့၌ လှေစီး ဒုက္ခသည်များအရေး ဒေသတွင်း နိုင်ငံများ အစည်းအဝေးတစ်ရပ် ကျင်းပရာ ကုလသမဂ္ဂကိုယ်စား လှယ်က အဆိုပါ ဒုက္ခသည်များ နေရပ်ကို စွန့်ခွာလာခြင်းအ တွက် မြန်မာနိုင်ငံတွင် အဓိက တာဝန်ရှိကြောင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အဆင့်မြင့်လက်ထောက် ကော်မရှင်နာဗော်လ်ကာတာ့ခ်က ယခုဖြစ်ရပ်တွင် မြန်မာနိုင်ငံက အဓိကတာဝန်ရှိကြောင်း၊ နိုင်ငံမဲ့ဘင်္ဂါလီများကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် မသတ်မှတ်ခြင်း သည် ပြဿနာတစ်ခုလုံး၏ သော့ချက်ဖြစ်ကြောင်း အဆိုပါအ စည်းအဝေး၌ ပြောကြားခဲ့သည်။ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထူးကိုယ်စားလှယ်ဦးထင်လင်းက ယခုဖြစ်ရပ်ကို မြန်မာတစ်နိုင်ငံတည်းအပေါ် ပုံချနေခြင်းအား လက်ခံမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့ သည်။

‘‘UNHCR က ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးရတဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အခုထက် ပိုကောင်းတဲ့ သတင်းပေးမှုမျိုး လိုအပ်ပါ တယ်။ လက်ညှိုးထိုးခြင်းက အရာရာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလုပ်ရပ်ကနေ ဘာရလဒ်မှ ထွက်ပေါ်လာမှာ မဟုတ်ဘူး’’ဟု ၎င်းကပြောကြားခဲ့သည်။

တာ့ခ်က ဘင်္ဂါလီများကို ရိုဟင်ဂျာဟုပင် အမည်သတ်မှတ် သုံးစွဲခေါ်ဝေါ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ်ညှဉ်းပန်းမှုများ ကြုံနေရခြင်းကြောင့် အခြားနိုင်ငံများသို့ တိမ်းရှောင်ထွက်ပြေးရခြင်းဟု စွပ်စွဲခဲ့သော်လည်း မြန်မာကိုယ်စားလှယ်များဘက်က ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း အခိုင်အမာငြင်းချက်ထုတ်ခဲ့သည်။

တစ်ရက်ကြာ ကျင်းပသည့် အစည်းအဝေးတွင် အာဆီယံနိုင်ငံများအပြင် ဩစတြေးလျ၊ နယူးဇီလန်၊ အာဖဂန်နစ္စတန်၊ အီရန်နိုင်ငံများအပါအဝင် (၁၇)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကာ UNHCR၊ IOM အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် တာနာဆက်ပါတီမပ်ရာဂွန်က ယခုအစည်းအဝေးတွင် အဓိကရည်ရွယ်ချက်သုံးခုကို ဦးတည်အဖြေရှာမည်ဖြစ်ပြီး ယင်းတို့မှာ လက်ရှိ ပင်လယ်ထဲ မျောပါနေသည့် ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးရန်၊ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုများကို ကာကွယ်တားဆီးရန်နှင့် မူမှန်မဟုတ်သည့် ရွှေ့ပြောင်းမှုများအတွက် အရင်းအမြစ်ကို ရှာဖွေရန်တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

—Ref: CNN
7Day Daily

0 comments:

Post a Comment