Monday, May 25, 2015

" မောင်ဖိုးချိုနှင့် သူ၏ကိုယ်စောင့်နတ် "


. . . . . ခေတ်ကာလသားသမီးဖြစ်သော မောင်ဖိုးချိုတွင်လည်း အများနည်းတူ လက်ကိုင်ဖုန်းတစ်လုံးရှိ၏။ အမှန်တွင် တစ်လုံးပင်မကချေ။ စကားပြောရန်အတွက် ပွတ်၍မရသော ခလုတ်ဖုန်းကတစ်လုံး ၊ ဓာတ်ပုံရိုက်ရန် အပြင်ထွက်ရန်အတွက် ဈေးကြီးပေးဝယ်ရသော 'အိုင်'ဟုခေါ်သည့်ဖုန်းက တစ်လုံး ၊ စာဖတ်ရန် အရုပ်ကြည့်ရန် စီအိုစီတိုက်ရန်အတွက် ဖက်ဘလက်ဟုခေါ်သည့် အရွယ်ကြီးကြီးဖုန်းကတစ်လုံး ၊ သုံးလုံးတိတိရှိလေသည်။ မိုးလင်းလျှင် အားသွင်းကြိုးတန်းလန်းနှင့်ဖုန်းများကို တစ်လုံးချင်း တောင်သူကြီးသစ်သီးဆွတ်သကဲ့သို့ ဖြုတ်ယူ၏။ ဖုန်းများကို ပွေ့ပိုက်ကာ အိပ်ယာမှထ၏။ မိုးချုပ်၍ အိပ်ယာသို့ဝင်သော် ဖုန်းများကိုပွေ့ပိုက်ကာဝင်ပြန်လေသည်။. . . . . အိမ်သာတက်လျှင်လည်း တော်ရုံနှင့်မပြီးတော့ပေ။ စီအိုစီက ကိုက် ၊ ဖေ့ဘုတ်နှင့် ခလုတ်တိုက် ဖန်များသော် လိပ်ခေါင်းရောဂါ စချင်ချင်ဖြစ်လာသည်။ လက်ဦးတွင် ရုတ်တရက်ဘာဖြစ်မှန်းမသိပဲ ဓာတ်ပုံရိုက်ပြီးဖေ့ဘုတ်တင်ကာ မေးရန်ကြံမိသေး၏။ ပြင်ပလောကနှင့် ကင်းကွာလာခြင်းအားဖြင့် မထော်ကန့်လန့်ကိစ္စများပိုပိုကြုံလာရသည်။ အိမ်သာထဲထိုင်ကာ မိတ်ဆွေတင်ထားသော "မင်္ဂလာနံနက်ခင်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းပါစေ ၊ ဒူဝေေ၀ " စသော ဘုရားပုံတော်နှင့် ပို့စ်ကို Like လုပ်ကာ အင်အင်းညှစ်ရင်း "သာဓု သာဓု" ဟု မှတ်ချက်ပေးရသေးသည်။

. . . . . တစ်ကိုယ်တည်းသမားမို့သာတော်တော့သည်၊ သူ၏သူငယ်ချင်း အိမ်ထောင်သည်များကား မလွယ်။ အချိန်နှင့် သုံးရသူရှိသည်၊ ဖုန်းဘေလ်နှင့် သတ်မှတ်ပြီးသုံးရသူရှိသည်၊ ညတိုင်းမိန်းမကို ဖုန်းအပ်ပြီး ကျောင်းသားစာအံသလို အစစ်ခံရသူရှိသည်၊ ပွတ်ရသောစမတ်ဖုန်းကိုင်ခွင့်မရသဖြင့် မိန်းမ မသိအောင် တိတ်တိတ်ခိုးကိုင်ရသူလည်း ရှိသည်။ မောင်ဖိုးချိုကား လွတ်လပ်စွ။ တားမည့်သူမရှိ၊ စစ်မည့်သူမရှိ . . လူပျိုကြီးဖြစ်သောကြောင့် ဆယ်လဖီ ရိုက်လည်းတင့်တယ်သည်။ ဆံပင်ဖြူလေးများတော့ ဖိဖိထားရတတ်သည်။ ပိုက်ဆံအကုန်ခံနိုင်သရွေ့၊ အိပ်ရေးပျက်ခံနိုင်သရွေ့ အွန်လိုင်းပေါ် ပျော်ပျော်ကြီးနေနိုင်သည်။

. . . . . မောင်ဖိုးချိုမှာ စိတ်ခက်ထန်မာကျောသူ မဟုတ်သဖြင့် ဖေ့ဘုတ်ပေါ်တွင် ငြင်းခုန်လေ့မရှိ။ . . . "ပိုက်ဆံအကုန်ခံပြီး အင်တာနက်သုံးတာ တန်အောင် လိုက်ခ်တွေပေးပလိုက်စမ်းပါကွာ၊ ကိုယ်က လိုက်ခ်နှိပ်လိုက်တော့ တဘက်က လူမှာ ပျော်တာပေါ့.. ကျေနပ်တာပေါ့၊ ငွေကုန်မှာချင်းအတူတူ ဘော်ဒါတွေပျော်ရအောင် တွေ့သမျှပို့စ်တွေ အကုန် လိုက်ခ်ပစ်ကွ" . . ဆိုသော သူငယ်ချင်းတစ်ယောက်စကား နားယောင်ကာ တက်လာသမျှပို့စ်အားလုံး လိုက်ခ်လုပ်တော့သည်။ မောင်ဖိုးချိုအလွန်ပျော်သည်၊ ငွေကုန်ရကျိုးနပ်လှသည်၊ ကိုယ်လည်းပျော် ကိုယ့်ဘော်ဒါများလည်းပျော် . . လိုင်းမကောင်း၍ ပုံမပေါ်လည်း လိုက်ခ်နှိပ်၏။ လိုက်ခ် အပိတ်ပင်ခံရလေ၏။ ကြာသော် ဝမ်းနည်းဖွယ်သတင်းများလဲ လိုက်ခ်၊ သူငယ်ချင်းနေမကောင်းလည်း လိုက်ခ်၊ လင်မယားကွဲလည်း လိုက်ခ်၊ porn site များလည်း လိုက်ခ် ဖြစ်လာရာ သူငယ်ချင်းတစ်ယောက်က ဆိုပြန်သည်။

. . "အားတိုင်းယားတိုင်း လိုက်ခ်တွေကို ပေါပေါသောသော လျှောက်မပေးရဘူးကွ၊ မင့်လိုက်ခ်ကို ဘယ်သူမှတန်ဘိုးမထားတော့ဘူးပေါ့၊ မောင်ဖိုးချိုရဲ့လိုက်ခ်ဆို ငပေါလိုက်ခ်ပဲ မှတ်တော့မပေါ့၊ ကိုယ့်ကြေးကိုယ်ချတယ်ဆိုတာ ဒါပေါ့၊ ငါ့ကိုကြည့် တော်ရုံ ဘယ်တော့မှ လိုက်ခ်မပေးဘူး၊ မတရားကြိုက်တော့မှသာ အင့် ဆို နှိပ်လိုက်တာ၊ ဒီလိုမျိုး . . . . . ဟ . ဟ . ဒါကတော့ မလိုက်ခ်လို့မရဘူး .. ငါ့အဖေပို့စ်ကွ .. ဟိုဒင်း အဲလိုလေးတွေတော့ ရှိတာပေါ့ကွာ" . . ။

. . . . . ထိုမှ စသော် မောင်ဖိုးချို မလိုက်ခ်တော့ပြန်ချေ။ ယခင်က ဦးသိန်းစိန်ပုံတွေ့လည်း နှိပ်၊ ဒေါ်စုပုံတွေ့လည်းနှိပ် ခဲ့သမျှ ယခု တုတ်တုတ်မလှုပ်ပေ၊ ရင့်ကျက်သော မောင်ဖိုးချို ပင်တည်း။ အလွန်တရာ နှစ်သက်မှသာ Like ခလုတ်ကို 'အင့်' ခနဲမြည်အောင် နှိပ်တော့သည်။ အကျိုးဆက်ကား ခင်မင်သူများက သို့လောသို့လောတွေးထင်လာခြင်းပင်။ မောင်ဖိုးချိုဟာ အရင်က ငါတို့လုပ်သမျှ တင်သမျှ ကြိုက်နေရာက ခု ဘာတွေများ စိတ်ခုသွားပါလိမ့်ဟု ထင်ကြတော့သည်။ အချို့က ဟီးဟီးဟားဟား ပြုပြီး စိတ်ပြေအောင်ကြံဆောင်ပါသော်လည်း မောင်ဖိုးချိုက ဂရုမထားချေ၊ မျက်နှာအတည်နှင့်သာ ဖုန်းကို စိုက်စိုက်ကြည့်တော့သည်။ ကြာသော် မိတ်ရင်းများကလည်း မောင်ဖိုးချိုကို စိမ်းကုန်၏။ အပြင်မှာ တွေ့လျှင်ပင် ခပ်စိမ်းစိမ်းဖြစ်ကုန်ကြ၏။

. . . . . မှတ်ချက်ရေးရာတွင်လည်း အတူပင်။ သဘောကောင်းသော မောင်ဖိုးချိုသည် သူငယ်ချင်းမိန်းကလေးများ၏ ပုံကိုတွေ့တိုင်း "လှသည်၊ ချောသည်" ဟုရေးမြဲပင်။ . . . "သူငယ်ချင်းကောင်းဆိုတာ အမှန်အတိုင်းပြောရတယ်ကွ၊ ခုတော့ မင်းက ဒီလောက်ရုပ်ဆိုးတဲ့ပုံကို လှပါတယ်ဆိုတော့ . . နံပါတ်၁_ မုသာဝါဒ ကျူးလွန်တာပဲ၊ သီလပျက်တယ်ခေါ်တယ်။ နံပါတ်၂_ သူငယ်ချင်းကောင်းမပီသဘူး၊ အဆင်းကို ဘီးတပ်ပေးတဲ့ ရန်သူပဲ၊ မိတ်ဆွေတု မိတ်ဆွေယောင်ပဲ၊ တကယ်ဆို နင်ဒါလေးတော့ မလှဘူး ဘယ်သို့ ဘယ်ပုံ အမှန်အတိုင်းထောက်ပြဝေဖန်ရမယ် မဟုတ်လား" . . .။ "ဟုတ်တယ်ကွ၊ မင်းပြောတာမှန်တယ်၊ ဒီနေ့ကစပြီး မိတ်ဆွေစစ် မိတ်ဆွေကောင်း အဖြစ်ပဲ နေတော့မယ်၊ မင်းလို မိန်းမပုံကို လှတယ်ပြောဖို့လည်းမရှိဘူးကွ၊ ဘယ်လောက်ကောင်းသလဲ၊ ဒါပဲ . . လူမှန် ဖိုးချိုကွ" . . ။

. . . . . လူမှန်ဖိုးချိုကား မည်သူ့မျှ မျက်နှာမလိုက်တော့ပေ။ အသားမည်းသည် ၊ သွားခေါသည် ၊ ဗိုက်ပူသည် ၊ ဖင်ပြားသည် ၊ အိုစာသည် ဟု မျက်စိထဲ အရှိအတိုင်း မှတ်ချက်များကို ဒိုင်ခံရေးကာတင်တော့သည်။ အကျိုးကား သူငယ်ချင်းမိန်းကလေးများ၏ ဘလော့ခြင်းခံရတော့သတည်း။ မိတ်ဆွေစစ် မိတ်ဆွေကောင်းအား တန်ဘိုးမထားတတ်သော မိန်းမလေးများပေ။

. . . . . ကြာသော် ဖေ့ဘုတ်လောကကြီးတွင် မောင်ဖိုးချိုမပျော်ပိုက်တော့ချေ။ စိတ်ထဲအရှိအတိုင်းပြောမိသဖြင့် မိတ်ပျက်ရပေါင်းလည်း များလေပြီ။ ဆယ်လဖီကလေးများ ခဏခဏ ရိုက်တင်ရသောအရွယ်လည်း မဟုတ်တော့သဖြင့် ပုံတင်ချင်တိုင်း အကြောင်းကို ရှာရ၏။ မိန်းမရှိသူများမှာ ပျင်းလျှင် မယားကလေးဖက်ရိုက်ပြီး တင်လိုက်ရုံသာ။ မိန်းကလေးများကလည်း ပျင်းလာလျှင် ဟင်းကလေးတစ်ခွက်ချက်ပြီး ပန်းကန်ကိုင်ကာရိုက်တင်လိုက်ရုံသာ။ အလွန်ဟန်ကျကြသည်။ ပန်းပင်ရေလောင်းနေသော ဖအေ ချော်လဲရာ ပုံတင်ချင်လှသော မောင်ဖိုးချိုကပြေးမထူမီ နှစ်ဦးသားပုံ ဆယ်လ်ဖီလေးဆွဲမိသဖြင့် အဖေ့ ဖနောင့်စာမိတော့သည်။

. . . . . ထိုသည်၏နောက်၌ ဖအေလုပ်သူက မျက်မုန်းကျိုးစပြုလေသည်။ မျက်တွင်းဟောက်ပက်နှင့် မောင်ဖိုးချိုအား စီအိုစီဖြတ်ရန် အမိန့်ချ၏။ ထမင်းစားချိန် ၊ တီဗွီကြည့်ချိန် ဖုန်းပိတ်ရမည် ဆို၏။ မိသားစုနှင့် အတူရှိချိန်တိုင်း ခလုတ်ဖုန်းသာ ကိုင်ရမည်ဟု အမိန့်ထုတ်၏။ မောင်ဖိုးချိုကား မကြီးမငယ်နှင့် ဂိမ်းကို အိပ်ယာထဲ ခိုးဆော့ရရှာ၏။ ရည်းစားပြတ်သူလို၊ ဆေးလိပ်ဖြတ်သူလို ယောင်လည်လည်နှင့်သာ နေတော့သည်။

. . . . . ညဘက်တွင် ဇွဲနပဲကြီးစွာ တိုက်ပွဲများဆင်နွှဲပြီး နေ့ခင်းဘက် ခိုးအိပ်ရသည်။ နေ့လယ်အိပ်မက် ကယောက်ကယက်ထဲတွင် သူ၏ကိုယ်စောင့်နတ်နှင့်တွေ့လေသည်။

. . " မင်းတရားလွန်လာလို့ ငါ ကိုယ်ထင်ပြရတာ "

. . " ခင်ဗျားက ကျွန်တော်ကိုယ့်စောင့်နတ်လား ၊ နာမည်ဘယ်နဲ့ ခေါ်တုန်း "

. . " မင့်ကိုယ်စောင့်နတ်ဆိုမှ မင်းနာမည်ပဲပေါ့ကွ၊ နတ်ဖိုးချိုတဲ့ "

. . " နတ်သမီးလေးတစ်ပါးလောက်နဲ့ နေရာချိန်းပါလားဗျာ ၊ နှစ်ယောက်လုံးဟန်ကျတာပေါ့ "

. . " မင်း မာမီဖြစ်သွားမှာပေါ့ ၊ ငါက တွမ်ဘွိုင်းလေးနဲ့ အဆင်ပြေတယ်နော် "

. . " တော်ပြီ နေပစေတော့ ၊ ခု ကျွန်တော်က ဘာတွေတရားလွန်လို့တုန်း "

. . " ကိုယ့်ဟာကိုယ်မသိဘူးလား ၊ မင်းဒီလောက် အတုအယောင်လောကကို စွဲလန်းနေတာ ၊ အွန်လိုင်းလောကထဲမှာပဲ အချိန်တွေကုန် ၊ ကျန်းမာရေးထိခိုက်ပြီး ၊ အစစ်အမှန်လောကထဲက ကိုယ်ရည်ကိုယ်သွေးတွေကျဆင်း ၊ မိသားစုတန်ဘိုးတွေပျောက်ဆုံး "

. . " အင်း . . ကျွန်တော် သတိထားပါ့မယ် ၊ ဒါပေမယ့် ကိုယ်ကျင့်တရား ပျက်ပြားတာမှ မဟုတ်တာ ၊ နတ်ဖိုးချိုကြီးနဲ့ ဘာဆိုင်လို့တုန်း "

. . " နတ်ဖိုးချိုကြီး လာမလုပ်နဲ့ ကိုရင် ၊ အသက်အတူတူပဲ။. . မှတ်ထား .. အားအားရှိ လက်ကိုင်ဖုန်းပဲ ပွတ်ပွတ်နေတတ်တဲ့လူတွေကို ကိုယ်စောင့်နတ်တွေက မချစ်တတ်ဘူး မောင်"

. . " ဘာလို့ "

. . " ဟ .. မနက်ဆိုလဲ အိပ်ယာနိုးတာနဲ့ မျက်နှာမသစ်နိုင်ပဲ ဒီဖုန်းပဲ ထိုင်ထိုင်ပွတ်နေတော့ နတ်သဘင်အစည်းအဝေး နောက်ကျတယ်ကွ။ မျက်နှာသစ်ပြီးမှ အစည်းအဝေးတက်လို့ရတာ။ . . နောက်ပြီး ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်လူကိုကိုယ် စောင့်ရှောက်ရတယ်ကွ။ ကောင်းတာလုပ်ရင်အားပေးရမယ်၊ မကောင်းတာလုပ်နေရင် တားရမယ်။ ခု မင်းတို့အင်တာနက်က တော်တော်ရှုပ်တယ်။ ကောင်းသလား ဆိုတော့လည်းမဟုတ် ၊ ဆိုးသလားဆိုတော့လည်းမဟုတ်။ တော်ကြာ ဘုရားပုံပေါ်လာလို့ ငါ့မှာလက်အုပ်ချီတုန်း ဗြုန်းဆို ညစ်တီးညစ်ပတ်ပုံတွေဖြစ်သွားလိုက် ၊ မင်္ဂလာသတင်းလေးဖတ်တုန်း ထဆဲလိုက်ကြ . . ဘယ့်နှယ်ဟာလဲကွာ။ တားပဲတားရမလို၊ အားပဲပေးရမလိုလို။ မင်းလည်းငါကြည့်နေတယ်၊ ခဏနေ တရားလေးဖွင့်နားထောင်လို့ အဟုတ်မှတ်ပါတယ် . .တော် တော်ကြာ လူလစ်ပြီဆိုတာနဲ့ အသံကိုပိတ်ပြီး ကြည့်လိုက်ရတဲ့ ဗွီဒီယို။ ခဏနေ ဖေ့ဘုတ်မှာ မင်းဒေါသတွေထွက်လို့ ငါ့မှာ အက်ရှင်ယူမယ်ကြံတုန်းရှိသေး . . ချက်ချင်း တဟီးဟီး တဟားဟား ဖြစ်ရပြန် ၊ ဘာတွေတုန်းကွာ မင်းဟာ . . . အရူးစောင့်ရတဲ့နတ်လိုပဲ "

. . " နောက်ပြီးတော့ ငါပျင်းတယ်ကွ။ ငါမှ မဟုတ်ဘူး လူငယ်ကိုယ်စောင့်နတ်တွေအားလုံး ပျင်းတယ် . . မင်းသိလား။ အရင်က အင်တာနက်မရှိခင် မင်းတို့သူငယ်ချင်းတွေ တွေ့ကြ ဆုံကြရင် ငါတို့ကိုယ်စောင့်နတ်ချင်းလည်းတွေ့ကြရတယ်။ မင်းတို့ ကောင်မလေးတွေနောက်လိုက်ရင် ငါတို့လည်း ရင်ခုန်ရ ၊ မင်းတို့ရန်ဖြစ်ရင် ငါတို့လည်း အလုပ်ရှုပ်။ မင်းတို့ ဟိုလုပ်ဒီလုပ်ဆို ငါတို့လည်း ဟိုလုပ်ဒီလုပ်ပေါ့။ ခုတော့ကွာ ငါတို့မှာ လုပ်စရာမရှိ ၊ နတ်အချင်းချင်းလည်းမတွေ့ရ ၊ ပျင်းလို့မှ ကိုယ့်လူကိုယ် စလို့နောက်လို့တောင်မရ ၊ အားအားရှိ ဒီအပြားနဲ့ပဲ မျက်နှာအပ်တာ။ မကောင်းတော့ဘူး ကိုရင် . . ငါ သိပ်ပျင်းလာရင် မင်းကိုဂရုစိုက်မှာ မဟုတ်တော့ဘူး။ ကိုယ်စောင့်နတ် စွန့်ပစ်ခံရတဲ့သူတွေဟာ ကိုယ့်ကိုကိုယ်သတ်သေတတ်ကြတာ သိတယ်မဟုတ်လား။ မင်းအင်တာနက်ထဲမှာပဲ တွေ့တယ်မဟုတ်လား။ သတိထား . . ဒါပဲ "

. . . . . အိပ်ယာမှနိုးသည်နှင့် မောင်ဖိုးချိုမှာ ဖုန်းကိုရှာ၏။ "အိပ်မက်ထဲမှာ ကိုယ်စောင့်နတ်နဲ့တွေ့တာ ရေးပြီး ဖေ့ဘုတ်တင်မှပဲ . . အဆန်းကြီးဆိုတော့ ကြိုက်ကြမှာ . . ဓာတ်ပုံမရိုက်လိုက်ရတာ နာတာပဲ" ဟု တစ်ကိုယ်တည်း ရေရွတ်လေသည်။

ယက္ခ။
Credit-Yekkha Ye Jee

0 comments:

Post a Comment