Tuesday, May 26, 2015

ဗီဒီယို အကြိုခံစားခြင်း - တိုရှည်


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်း ညွှန်းပေးလိုက်ပါတယ်။ ရဲရင့်နောင်မှာ အရင်းနှီး ဆုံး သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ အရင်က သူငယ်ချင်းသုံးယောက် ပျော်ပျော်ရွှင်ရွှင်နေခဲ့ပေမယ့် မိုးမိုးသီဟဆိုတဲ့ ကောင်မလေးနဲ့ ပတ်သက်ပြီးချိန်မှာတော့ သူ့သူငယ်ချင်းနှစ်ယောက်စလုံး အသည်းကွဲပြီး အရက်ကို အဖော်ပြုသူတွေ ဖြစ်ကုန်ပါတယ်။ မိုးမိုးသီဟဆိုတဲ့ ကောင် မလေးက သူ့သူငယ်ချင်းနှစ်ယောက်စလုံးကို အဖြေပေးမယ်လို့ပြောတဲ့ နေ့တိုင်းမှာ အရူးလုပ်ခံရတာပါ။ အဲဒါကြောင့် ရဲရင့်နောင်ကို သူ့ရဲ့ သူငယ်ချင်းတွေက မိုးမိုးသီဟကို ကလဲ့စားချေပြီး အသည်းခွဲပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။မိုးမိုးသီဟကို ကိုယ်တိုင်သွားကြည့်ပြီးတဲ့ အချိန်မှာတော့ ရဲရင့်နောင်က သူ့သူငယ်ချင်းတွေရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့ပါတယ်။ အဲဒါကြောင့် မိုးမိုးသီဟရဲ့အနားကိုရောက်ဖို့ ဗျူဟာတွေ စခင်းခဲ့ပါတယ်။ မိုးမိုးသီဟက လမ်းသွားရင်း လက်ကိုင်ပ၀ါကို ပစ်ချပြီး သားကောင်ရှာတတ်ပါတယ်။ အဲဒီအကြောင်းကို သိထားတဲ့ ရဲရင့်နောင်က မိုးမိုးသီဟရဲ့ လှည့်ကွက်မှာ ပါချင်ယောင်ဆောင်ပြီး လက်ကိုင်ပ၀ါကို တက်နင်းသွားခဲ့ပါတယ်။

တစ်ရက်မှာလည်း ရေခဲမုန့်စားလာတဲ့ ရဲရင့်နောင်ကို မိုးမိုးသီဟက ခြေထိုးခံလိုက်ပါတယ်။ ရဲရင့်နောင် သတိရှိနေတာကြောင့် ချော်မလဲတဲ့အပြင် သူစားလာတဲ့ ရေခဲမုန့်ကို မိုးမိုးသီဟအပေါ် ဖိတ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

အမြဲတမ်း တခြားသူတွေကို အနိုင်ယူလာတဲ့ မိုးမိုးသီဟက သူ့ကိုပြန်ကျောသွားတဲ့ ရဲရင့်နောင်ကို မကျေနပ်ခဲ့ပါဘူး။ မိုးမိုးသီဟက ရဲရင့်နောင်ကို ဘယ်လိုပြန်ကလဲ့စားချေရမလဲလို့ တွေးနေတုန်း ရဲရင့်နောင်က သူ့ဆီကို တောင်းပန်စာနဲ့ နှင်းဆီတစ်ပွင့်ကို ပို့ပေးလိုက်ပါတယ်။ အဲဒါကြောင့် မိုးမိုးသီဟ ရဲရင့်နောင်ပေးတဲ့ ပန်းကိုပန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သိလိုက်ရတာက ပန်းထဲမှာ ပုရွက်ဆိတ်တွေ ပါလာတယ်ဆိုတာကိုပါ။ အဲဒီအချိန်ကစပြီး မိုးမိုးသီဟဟာ ရဲရင့်နောင်ကို ပြန်ပြီးကလဲ့စားချေဖို့ပဲ စဉ်းစားနေပါတယ်။ တစ်ရက်မှာတော့ ကန်တင်းမှာ ထိုင် နေတဲ့ ရဲရင့်နောင်မျက်နှာကို ကိတ်မုန့်နဲ့ မတော်တဆ ထိမိအောင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရဲရင့်နောင်က ဒေါသမထွက်ဘဲ မျက်နှာမှာပေနေတဲ့ ကိတ်မုန့်တွေကို ကော်စားခဲ့တာကြောင့် မိုးမိုးသီဟ စိတ်တိုင်းမကျခဲ့ပါဘူး။

အမြဲတမ်းယောက်ျားတွေကို ကစားစရာအနေနဲ့ သဘောထားတဲ့ မိုးမိုးသီဟနဲ့ သူငယ်ချင်းတွေအတွက် လက်စားချေပေးမယ့် ရဲရင့်နောင်တို့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်မှာလဲ။ အရာရာကို အနိုင်လိုချင်တဲ့ မိုးမိုးသီဟ ဘယ်အချိန်မှာ ရဲရင့်နောင်ကို အနိုင်ရမှာလဲဆိုတာတွေကိုတော့ မျက်ခြယ်ထုတ်လုပ်ရေးကနေ မကြာမီဖြန့်ချိပေးမယ့် ‘တိုရှည်’ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရဲရင့်နောင်အဖြစ် မြင့်မြတ်နဲ့ မိုးမိုးသီဟအဖြစ် ၀တ်မှုံရွှေရည်တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ လှိုင်မြတ်သွယ်ရဲ့ ဇာတ်လမ်းကို မင်းတခေတ် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာနေပိုင်က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ။

7Day Daily

0 comments:

Post a Comment