Wednesday, May 27, 2015

“၀”တပ်ဖွဲ့တွင် ကလေးစစ်သားများရှိ နေကြောင်း ၀န်ခံ


ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)တွင် ကလေးစစ်သားများ ရှိနေကြောင်းနှင့် အဆိုပါ ကလေးစစ်သားအရေးကို ရေရှည်နည်းလမ်းဖြင့်သာ ဖြေရှင်းသွားရမည် ဖြစ်ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က The Messenger Media သို့ပြောသည်။ ကလေးစစ်သားအရေးနှင့် ပတ်သက်၍ ယခုလ (၂၂) ရက်နေ့တွင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) နှင့်လည်း UWSA ဌာနချုပ်ရှိရာ ပန်ဆန်းတွင် ဆွေးနွေးခဲ့သေးကြောင်း UWSA ထံမှ သိရသည်။
Unicef က ပန်ဆန်းဒေသက တပ်ဖွဲ့ကိုလာ လေ့လာတယ်။ ကလေးစစ်သားကိစ္စက ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ (၁၈) နှစ်မပြည့်တဲ့ ကလေးစစ်သားတွေရှိ နေတယ်။ “၀” တပ်ဖွဲ့ထဲက ကလေးစစ်သားတွေကို ထုတ်ပယ်ဖို့ကိစ္စက တစ်မိနစ် နှစ်မိနစ်နဲ့ ဆွေးနွေးဖို့မလွယ်ဘူး။ ဒေသဖွံ့ဖြိုးရေးစီးပွားရေး မိသားစုတွေနေထိုင်တဲ့ ဘ၀တွေရှိနေတယ်။ ဒါကြောင့် ဒီကိစ္စကို လွယ်လွယ်နဲ့ တစ်ခွန်းနှစ်ခွန်းပြောပြီး ဖြေရှင်းရမယ့်ကိစ္စမဟုတ်ဘူးဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က The Messenger Media သို့ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဖြစ်စဉ်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ကလေးစစ်သား ပါဝင် နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးထားခြင်း မရှိသေးကြောင်း NCCT ထံမှသိရသည်။

“၀ တပ်ဖွဲ့ထဲမှာ ကလေးစစ်သားရှိတဲ့ ကိစ္စကတော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ ဥပဒေအရ အစိုးရဘက်က တပ်မှာကော တိုင်းရင်းသားတွေဘက်က တပ်မှာကော ကလေးစစ်သားဆိုတာ မရှိရပါဘူး။ ကျွန်တော်တို့ ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့လုပ်ထားတဲ့ နှစ်ဖက်တပ်များ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းမှာတော့ ထည့်သွင်း ထားတာရှိပါတယ်။ ကလေးစစ်သားကိစ္စကတော့ NCA လက်မှတ်ရေးထိုးပြီးမှပဲ လုပ်ဆောင် သွားမှာပါဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းဆားခေါင်က The Messenger Media သို့ပြောသည်။

UWSA သည် မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခန့်မှန်းအင်အား (၃၀၀၀၀)နှင့် အရံအင်အား (၁၀၀၀၀) ခန့်ရှိကြောင်း ၂၀၁၄ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ပုံဖော်ခြင်းလမ်းဩန် အကိုးအကားတွင်ဖော်ပြထားသည်။ UWSA သည် ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်ဒေသများတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ပြင် UWSA အပါအ၀င် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့တွင် ကလေးစစ်သားများရှိနေကြောင်း Unicef က သတင်းထုတ်ပြန်ထားသည်။

Messenger News Journal

0 comments:

Post a Comment