Monday, May 25, 2015

ကိုယ့်အကျိုးစီးပွားမပါရင် ဘာမှမလုပ်တဲ့ “ ၀ ” ခေါင်းဆောင်များ


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာရော ငြိမ်းချမ်းရေးနယ်ပယ်မှာပါ ဂယက်ထစေခဲ့တဲ့ ပန်ဆန်းညီလာခံရဲ့ အငွေ့ အသက်က ဒီနေ့အချိန်ထိ ပျောက်ကွယ်မသွားသေးပါဘူး။ အဲဒီ ပန်ဆန်းညီလာခံမှာ “ ၀ ” ခေါင်းဆောင်တွေရဲ့ ဆယ့်နှစ်ကြိုးကဝေမလို မှော်အတတ်နဲ့ ပြုစားခဲ့တဲ့ “ ၀ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှု ဟာလည်း အရှိန်မသေသေးဘဲ ဆက်သွားနေတုန်းပါပဲ။ “ ၀ ” အဖွဲ့ဟာ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် အရှက်တရားကင်းမဲ့စွာ မျက်နှာပြောင်တိုက်ဖို့လည်း ၀န်မလေးတတ်သူတွေ ဖြစ်ပါတယ်။ပန်ဆန်းညီလာခံကိုပဲ နမူနာကြည့်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ညီလာခံလက်ခံကျင်းပပေးခဲ့ တာ စေတနာရှိလို့ မဟုတ်ပါဘူး။ သူတို့အတွက် အကျိုးအမြတ်ရဖို့ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆွေးနွေးညှိနှိုင်းကြတာပါ။ ဒါကို “ ၀ ” အဖွဲ့က ငြိမ်းချမ်းရေးကို လိုလားချင်ယောင်ဆောင်ပြီး ပွဲလန့်တုန်းဖျာဝင်ခင်းတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၁၂ ယောက်ဆီ ကနေ သူတို့အဖွဲ့အတွက် အမြတ်ကြီးရဖို့ ကြံစည်တယ်။ အဲဒါက တော့ “ ၀ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆို ဖို့ကို ထောက်ခံခိုင်းတာဖြစ်ပါတယ်။

အဲဒီညီလာခံကို အနှစ်ချုပ်လိုက်ရင် “၀”အဖွဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကနေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုဖို့ ထောက်ခံမှုရသွားတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၁၂ ယောက်ကတော့ “၀”ပြည်နယ် တောင်းဆိုဖို့ ထောက်ခံပေးခဲ့ရရုံမှတစ်ပါး အခြားအကျိုးအမြတ်မရခဲ့ဘူးလို့ပဲ ဆိုနိုင်ပါ တယ်။ “၀” အဖွဲ့ရဲ့ လူလည်ကျပုံဟာ အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအတွက်တော့ မခံချိမခံသာ ဖြစ်စရာပါ။

“ ‘၀’ က တော်တော်လည်တယ်၊ ပန်ဆန်းမှာ ကျင်းပတာက စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားညီလာခံပါ။ ပထမအကြိမ်နဲ့ တတိယအကြိမ်က လိုင်ဇာ၊ ဒုတိယအကြိမ်က လော်ခီးလာမှာ လုပ်ခဲ့တာ။ အဲဒီသုံးကြိမ်လုံး “၀” ကိုဖိတ်တယ်၊ မတက်ဘူး။ သူတို့နဲ့ မဆိုင်သလို နေခဲ့တာ။ ပန်ဆန်းမှာ လုပ်ခွင့်ပေးတာ စေတနာကောင်းလို့ မဟုတ်ဘူး၊ သူတို့အတွက် အခွင့်အရေးရလို့ လုပ်ခွင့်ပြုခဲ့တာ ”ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ ၀ ” အဖွဲ့သည် ပန်ဆန်းညီလာခံကို ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးအဖြေရှာဖို့ လက်ခံကျင်းပပေးခဲ့သည်ဟု ခေါင်းစဉ်တပ်ခဲ့ပေမယ့် လော်ခီးလာမှာ ကျင်းပပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ သိရပါတယ်။ ဒါဟာ “ ၀ ” ခေါင်းဆောင်တွေအနေနဲ့ သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချမရတော့တဲ့အတွက် မတက်ခြင်းသာ ဖြစ်တယ်ဆိုပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လာပါတယ်။

KNU အဖွဲ့ရဲ့ နယ်မြေဖြစ်တဲ့ လော်ခီးလာဒေသမှာ ဇွန်၂ ရက်မှ ၆ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များတွေ့ဆုံပွဲကို UWSP/UWSA အဖွဲ့အနေနဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်ကိုယ်တိုင် မေ ၂၃ ရက်နေ့က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ NDAA (မိုင်းလား) အဖွဲ့ဟာလည်း “၀”အဖွဲ့နည်းတူ အဲဒီတွေ့ဆုံပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားသွားတာ ရှိပါတယ်။

“ အဲဒီ နှစ်ဖွဲ့က ဘယ်တက်မလဲ၊ ငြိမ်းချမ်းရေးကိစ္စဟာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး တောက်လျှောက်ပြောနေတာ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာတောင် သူတို့က လက်မှတ်မထိုးဘူးလို့ ငြင်းထား တယ်။ အစိုးရနဲ့ သူတို့အဖွဲ့ကြားမှာ တိုက်ပွဲတွေဖြစ်တာမရှိတဲ့အတွက် ထိုးစရာမလိုဘူးလို့ပြောတယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါမယ်ဆိုပြီး ပြောထားတယ်။ “၀” နဲ့ မိုင်းလားအဖွဲ့တွေဟာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပဲလေ၊ သူတို့လည်း အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးရမှာပေါ့ ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

“ ၀ ” ပြည်နယ်ရရှိရေးကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့ “ ၀ ”အဖွဲ့ဟာ ပန်ဆန်းညီလာခံမှာလည်းကောင်း၊ နိုင်ငံရေး ပါတီများနဲ့ သမ္မတကြီးတို့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော UWSP အထွေထွေအတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ် ကလည်းကောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ရရှိရေး တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ကိုယ်ပိုင်ပြည်နယ်ရရှိရေးကို ဦးတည်ကြိုးပမ်းလာတဲ့ “ ၀ ”အဖွဲ့အနေနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးဘူး ဆိုတဲ့ အချက်က စဉ်းစားစရာ ဖြစ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအတောင့် တင်းဆုံးဆိုပြီး စိတ်ကြီးဝင်လာတဲ့ “ ၀ ” တပ်မတော်အားကိုးနဲ့ ပြည်နယ်ရရှိရေး တရစပ်ဖိအားပေး တောင်းဆို လာနိုင်တဲ့အတွက် ကြိုတင်တားဆီးဖို့လည်း လိုပါတယ်။

“ သူတို့ တပ်မတော်က လက်နက်ကိုင်အဖွဲ့တွေထဲမှာ အတောင့်တင်းဆုံးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါအားကိုးနဲ့ လူမိုက်လာလုပ်ရင်တော့ အစိုးရက ဘယ်လက်ခံမလဲ၊ “ ၀ ” ပြည်နယ်ဆိုတာ ပြည်ထောင်စု ကနေ ခွဲထွက်တာပဲလေ။ ရှမ်းတွေက လက်မခံဘူး၊ ပြည်သူတွေကလည်း လက်မခံဘူး။ အစိုးရအနေနဲ့ကလည်း “၀”ကို ပြင်းပြင်းထန်ထန် သတိပေးဖို့လိုပါတယ်။ မပြောဘဲနေရင် ရပိုင်ခွင့်တစ်ခုအနေနဲ့ မပေးမချင်း တောင်းနေမှာ၊ ရှင်းရှင်းပြောရရင် “၀”တွေဟာ လူလည်တွေ၊ သူတို့ ကိုယ်ကျိုးစီးပွားမပါရင် ဘာမှမလုပ်ဘူး၊ အခု လော်ခီးလာမှာလုပ်မယ့် တွေ့ဆုံပွဲကို သူတို့ ဘာ့ကြောင့်မတက်သလဲ၊ သူတို့အတွက် အကျိုးအမြတ်မရ လို့ပေါ့ဗျာ ” ဟု ငြိမ်းချမ်းရေးလိုလားသော ခေတ်ပညာတတ် လူငယ်တစ်ဦးကလည်းပြောကြားသွားပါတယ်။

နိုင်လင်း
Today Myanmar

0 comments:

Post a Comment