Thursday, May 21, 2015

မြေသိမ်းခံ တောင်သူတစ်ဦး မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့


ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရေပူကျေးရွာတွင် မေလ ၂၁ ရက် နံနက် ၇ နာရီက စိုက်ပျိုးထားသည့် တောင်ယာမြေများကို တပ်ပိုင်မြေအဖြစ် အဓမ္မ ဖယ်ရှားခံရသောကြောင့် အသက် ၆၃ နှစ်အရွယ်ရှိ မြေသိမ်းခံရသူ တောင်သူဦးမြင့်အောင်က မိမိကိုယ်ကိုယ် ဓာတ်ဆီ လောင်းမီးရှို့ကာ သေကြောင်းကြံစည်ခဲ့ကြောင်း ယင်းကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။ “တပ်ပိုင်မြေအဖြစ် သိမ်းထားတဲ့ မြေတွေကို တောင်သူတွေထံ ပြန်ပေးပါလို့ စာတစ်စောင်ရေးပြီး လမ်းပေါ်ထွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာ။ ရွာသားတွေက မီးဝိုင်းငြှိမ်းပြီး ဆေးရုံကို ပို့ခဲ့ပေမယ့် ခြေဖဝါးကလွဲပြီး တစ်ကိုယ်လုံးမီးလောင်ထားလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု မီးရှို့သတ်သေရန် ကြံစည်ခဲ့သူ ဦးမြင့်အောင်၏ တူမ မငယ်က ပြောကြားသည်။

ကွန်လုံကျေးရွာအုပ်စုနှင့် ကျောက်နီကျေးရွာအုပ်စု အတွင်းရှိ တောင်ယာမြေ ဧက ၅၀၀၀ ကို ၂၀၀၄ ခုနှစ်က ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၀ ခုနှစ်မှ စတင်ကာ တောင်သူများကို သီးစားခ ပေးဆောင်ခိုင်းပြီး တောင်ယာလုပ်ကိုင်ခွင့် ပြုခဲ့ရာမှ ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်သူများ စိုက်ပျိုးထားသည့် မြေနေရာတွင် အဆောက်အအုံ ငါးလုံးဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းများ လာရောက် ထားရှိခဲ့သည်ကို တောင်သူ ဦးရေ ၁၀၀ ကျော်က ကန့်ကွက်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ပြောင်းတွေစိုက်ထားတဲ့ စိုက်ခင်းတွေပေါ်မှာ စစ်တပ်လိုင်းခန်းတွဲ ဆောက်ဖို့ သစ်တွေ၊ သွပ်တွေ လာချတယ်။ ဒါကို ရွာသားတွေက လက်မခံဘဲ သွပ်တွေ သစ်တွေကို ကားလမ်းပေါ် ပြန်ရွှေ့တယ်။ တပ်သားတွေက ပြန်သယ်၊ ရွာသားတွေက ပြန်ရွှေ့လိုက်နဲ့ မနေ့က မိုးရေထဲမှာ တစ်နေကုန် အလုပ်ရှုပ်နေကြ တာ။ မိုးချုပ်တော့ ရွာသားတွေက စိုက်ခင်းတွေ ညဘက် ဝင်ဖျက်ဆီးခံရမှာ စိုးရိမ်ပြီး အိမ်မပြန်ဘဲ စိုက်ခင်းထဲမှာ ညအိပ် စောင့်နေခဲ့ကြတာ” ဟု ရေပူကျေးရွာသူ မငယ်က ပြောကြားသည်။

တပ်ပိုင်မြေအဖြစ် သိမ်းခံရသည့် တောင်ယာမြေများတွင် ရေပူကျေးရွာ အပြင် သရက်ပင်၊ ကျောက်နီနှင့် နောင်ခါး ကျေးရွာတို့မှ တောင်သူများ၏ တောင်ယာမြေများ ပါဝင်ကြောင်း၊ ယင်းမြေများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သကြားစက်ရုံ တည်ဆောက်ကာ တိုးနယားစိုက်ပျိုးရေးကုမ္ပဏီ အပါအ၀င် ကုမ္ပဏီငါးခုကို စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် မြေသိမ်းဆည်းခံရသူများကို သီးစားခ ပေးဆောင်ခိုင်းပြီး ပြန်လည်စိုက်ပျိုးခွင့် ပြုခဲ့ကြောင်း တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“၂၀၁၄ မှာ သီးစားခ မကောက်တော့ဘူး။ ဒါပေမဲ့ စိုက်ပျိုးခွင့်ပြုခဲ့တယ်။ ဒီနှစ်လည်း စိုက်ပျိုးခွင့်ပြုတယ် ထင်လို့ ရွာသားတွေက ပြောင်းတွေ စိုက်ပျိုးခဲ့တာ။ အခု မီးရှို့သတ်သေဖို့ ကြံစည်ခဲ့သူက ပြောင်းရှစ်ဧက စိုက်ပျိုးထားသူ” ဟု ရေပူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

အဆိုပါ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရသည့် မြေများကို ပြန်လည်ရရှိရန် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြေသိမ်းခံရ သူများက ဓားမဦးချ လုပ်ကိုင်ခဲ့သည့် မြေနေရာများ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် လေးကြိမ်တိုင် စာတင်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် နှစ်ကြိမ် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတိုးကြီးက ပြောကြားသည်။

“သိမ်းဆည်းထားတဲ့ မြေနေရာမှာ နှစ်ရှည်ပင်တွေ စိုက်ထားပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အဆောက်အအုံတွေ ဆောက်လုပ်ပြီး ဖြစ်တာကြောင့် ဒီမြေကို တောင်သူတွေထံ ပြန်လွှဲပေးဖို့ အဆင်မပြေနိုင်ဘူး။ တပ်ပိုင်မြေထဲမှာ ဝင်ရောက်စိုက်ပျိုး ထားသူတွေရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး တပ်က တာဝန်ရှိသူတွေ လတ်တလော နှစ်ဖက် ပြေလည်မှုရရှိအောင် ညှိနှိုင်းနေပါတယ်” ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

စိုက်ပျိုးထားသည့် မြေနေရာကို အဓမ္မဖယ်ရှားခံရသောကြောင့် တောင်သူ ဦးမြင့်အောင်က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေရန် ကြံစည်ခဲ့ပြီး မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သောကြောင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၎င်းကို အမှုဖွင့်အရေးယူရန် ရွှေညောင်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment