Monday, May 25, 2015

တပ်မတော်ကို ထောက်ခံရန် ဦးရွှေမန်း တိုက်တွန်း

ဒဏ်ရာရ စစ်သည်တဦးကို ကြည့်ရှုနေသည့် ဦးရွှေမန်း(ဓာတ်ပုံ – ပြည်သူ့ လွှတ်တော် ၀က်ဘ်ဆိုက်)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် တရားသောစစ် ဆင်နွှဲနေသည့် တပ်မတော်ကို ပြည်သူများအနေဖြင့် ထောက်ခံ အားပေးကြရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်း ပြောဆိုလိုက်သည်။စစ်အစိုးရ လက်ထက် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်ခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးတဦး ဖြစ်သူ ဦးရွှေမန်းက ကိုးကန့် ဒေသ၌ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တပ်မတော်သားများကို ယခုလ ၂၃ ရက်က လားရှိုးမြို့၌ သွားရောက်ဂုဏ်ပြုစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဦးရွှေမန်းက တပ်မတော်၏ နိုင်ငံကာကွယ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် တရားသောစစ်ပွဲ ဆောင်ရွက် ချက်များအပေါ် ပြည်သူအားလုံးက အမြဲထာဝရ ထောက်ခံ အားပေးသွားရန် လိုအပ်ကြောင်း၊ ဂုဏ်ပြုချီးကျူးထိုက်သူကို ချီးကျူး ဂုဏ်ပြုမည် ဖြစ်ကြောင်း၊ လောက်ကိုင် ဒေသတွင် တရားသော စစ်ကိုဆင်နွှဲရင်း ကျဆုံးသွားသော စစ်သည်များကို ဂုဏ်ပြု အလေးပြုကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းကစပြီး MNDAA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသ မတည်မငြိမ် ဖြစ်ခဲ့ရပြီး တပ်မတော်သားများ ကျဆုံး ခဲ့ရကြောင်း၊ ထို့အတူ ဒေသခံများလည်း စစ်ဘေးရှောင်အဖြစ် ပုန်းအောင် နေရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရကြောင်းနှင့် MNDAA သည် မတရားသဖြင့် အာဏာရယူလို၍ ၎င်းတို့ ကိုယ်ကျိုးအတွက် တိုင်းရင်းသားလူငယ်များကို တိုက်ခိုက်ရေးတွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။

အဆိုပါ အခမ်းအနားတွင် လောက်ကိုင် စစ်ဆင်ရေးတွင် ကျဆုံးသွားခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ ဂူဗိမာန်များကို လွမ်းသူ့ ပန်းခွေချပြီး အလေးပြုခဲ့ကြောင်း၊ ကျဆုံး စစ်သည်များ၏ မိသားစုဝင် များကိုလည်း နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်းဖြစ်သည့် ဦးရွှေမန်းသည် နိုင်ငံရေး ရည်းမှန်းချက်ရှိသူ ဖြစ်ပြီး ၂၀၁၅ အလွန်တွင် သမ္မတ ဖြစ်ရန် မျှော်မှန်းထားကြောင်း သတင်းများလည်း ထွက်ပေါ်ထားသည်။

သမ္မတ ဖြစ်ရန်အတွက် ရွေးကောက်ပွဲ အနိုင်ရရှိရန် လိုအပ်သကဲ့သို့ လွှတ်တော်တွင်းရှိ တပ်မတော်သားများ၏ ထောက်ခံမှုသည် လည်း အရေးကြီးကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းအပေါ် တရားသော စစ်ဆင်နွှဲနေခြင်း ဖြစ်ကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်မိသည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဧရာဝတီသို့ ပြော သည်။

ဦးထွန်းမြတ်လင်းက“ကျနော်တို့ဟာ ကိုးကန့် တိုင်းရင်းသားဆိုတာ နိုင်ငံတော်က တရားဝင် အသိအမှတ် ပြုထားတာ ဖြစ်ပါတယ်။ တိုင်းတပါး ကျုးကျော်စစ်လည်း မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား အပေါ်မှာ ထိုးစစ်ဆင်နေတာကို တရားသောစစ်လို့ သုံးတာ ကတော့ ဝမ်းနည်းစရာ ကောင်းပါတယ်။ လွှတ်တော်ဥက္ကဌ တဦးအနေနဲ့ ဒီလိုပြောဆိုလိုက်တဲ့ သူ့ရဲ့ သဘောထားဟာ ငြိမ်းချမ်းရေး ဆောင်ရွက်မှု အပေါ်မှာ ထင်ဟပ်စေပါတယ်။ တကယ် စိတ်မကောင်းစရာပါပဲ”ဟု ပြောဆိုသည်။

ကိုးကန့်ဒေသ၌ လတ်တလောတွင် MNDAA၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော်(AA)တို့ ပူးပေါင်း မဟာမိတ်တပ်များနှင့် အစိုးရ တပ်မတော် စစ်ကြောင်းများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုများလည်း ရှိနေသည်။

ကိုးကန့်ဒေသတွင် အဆိုပါ မဟာမိတ် တပ်ဖွဲ့ သုံးဖွဲ့နှင့် တပ်မတော်တို့ အကြား ဖေဖော်ဝါရီလ ၉ ရက်ကစ၍ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက် ကျဆုံးမှု အများအပြားရှိခဲ့ပြီး ဒေသခံများလည်း တရုတ်နိုင်ငံ နယ်စပ် အပါအဝင် စစ်ပွဲများနှင့် ဘေးကင်းရာ နေရာများသို့ သောင်းနှင့်ချီပြီး သွားရောက် ခိုလှုံနေကြရသည်။

ထို့အပြင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး စသည့် အခြေအနေများ မူလအခြေအနေကို ပြန်မရောက်သေးသဖြင့် အရေးပေါ် အခြေအနေကို တိုးမြှင့် သတ်မှတ်ကြောင်း သမ္မတ ဦးသိန်းစိန် က ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။

သမ္မတက အရေးပေါ် အခြေအနေကို ယင်းသို့ ထပ်မံတိုးမြှင့်လိုက်သဖြင့် ကိုးကန့်ဒေသသည် သြဂုတ် လ လယ်ပိုင်းအထိ စစ်အုပ်ချုပ်ရေး အောက်၌ ထပ်မံရှိနေဦးမည် ဖြစ်သည်။

တိုက်ပွဲများ စတင် ဖြစ်ပွားပြီး တပတ်အကြာ ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က ပထမ အကြိမ်အဖြစ် အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

0 comments:

Post a Comment