Monday, May 18, 2015

KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ ဒေသခံလူငယ် ၂ ဦး အပြင်းအထန်ဒဏ်ရာရ


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် KIA အဖွဲ့မှ ထောင်ထားသောမိုင်းအား ဆိုင်ကယ်ဖြင့် နင်းမိ၍ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရ ရှိသည်။အဆိုပါဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဆားမှော်ကျေးရွာအနီး၊ ဆွတ်လျံဒေသရှိ နောင်ပုံအင်းမှ ငါးရှာပြန်လာသော ဒေသခံ ၂ ဦးသည် ဆားမှော်ကျေးရွာ၊ ကုက္ကိုကွင်း (ခ) ကျွဲခြံကွင်းနားတွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ ဂျိမ်းခနဲအသံကြားလို့ သွားကြည့်တော့ ရွာကကလေး ၂ ယောက် ဆိုင်ကယ်နဲ့လဲနေတာတွေ့တယ်၊ မိုင်းနင်းမိတာ လို့ပြောတယ်၊ ၂ ယောက်လုံး သွေးတွေနဲ့ ဒဏ်ရာက တော်တော်များတယ်၊ ရွာသားတွေသွား လာနေတဲ့ ရွာအနီးအနားမှာ လာထောင်ထားတယ်ဆိုတော့ ဒါတမင်သက်သက် ယုတ်မာတာဗျ၊ ခု ရွာသားတွေအကူအညီနဲ့ ဆားမှော်တိုက်နယ် ဆေးရုံကိုပို့လိုက်တယ်၊ ဒဏ်ရာကပြင်းတော့ အရေးပေါ်ဆေးကုနေတယ် ” ဟု ဆားမှော်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၂ ဦးမှာ ဆားမှော်ကျေးရွာ၊ အမှတ်(၃) ရပ်ကွက်နေ မောင်ဇော်လင်း ၂၄ နှစ် (ဘ) ဦးလှငွေနှင့် မောင်အောင်ဖြိုးဝင်း ၁၅ နှစ် (ဘ) ဦးဇော်ဝင်း တို့ဖြစ်ကြောင်း သိရသည်။ KIA အဖွဲ့သည် ဒေသခံပြည်သူများ အပေါ် အမြဲလိုလို ဆက်ကြေးကောက်ခြင်း၊ လူသစ် စုဆောင်းခြင်းနှင့် ယခုကဲ့သို့ မိုင်းထောင်ခြင်းတို့ကို မကြာခဏပြုလုပ်လျက်ရှိပြီး မိုင်းနင်းမိသူများကိုလည်း လျော်ကြေး တောင်းခံကြောင်း မိုးကောင်းမြို့နယ် ဆရာဝန်တစ်ဦးမှ ပြောကြားသွားသည်။

“KIA က ရွာတွေနားမှာ ခဏခဏ မိုင်းလာထောင်တော့ ရွာသားတွေ ခဏခဏ မိုင်းနင်းမိတယ်၊ ပြီးတော့ အမြဲလိုလို ဆက်ကြေးကောက်၊ လူသစ်စုတာတွေလည်း ကြားနေရတယ်၊ ခုမိုင်းထိတဲ့ ၂ ယောက်လည်း ဒဏ်ရာတော်တော်ပြင်းတယ်၊

တစ်ယောက်ဆိုရင် တစ်ကိုယ်လုံး မိုင်းစတွေဝင်နေတာ၊ ဒီလိုတွေဖြစ်နေတာကို KIA ခေါင်းဆောင်တွေကလည်း ဘယ်သူမှ တာဝန်မယူဘူး၊ အစိုးရက တာဝန်ရှိတဲ့သူတွေ ဒီကိစ္စတွေကို ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့တော့လိုတယ်” ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ဇော်ဦး
Kachin Daily News

0 comments:

Post a Comment