Monday, May 25, 2015

မိုင်ဂျာယန်က ဖက်ဒရယ်ဥပဒေအကယ်ဒမီ ဘယ်ကိုဦးတည်နေသလဲ ?


၂၀၁၅ ခုနှစ် မေလ ၂၄ ရက်နေ့က ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနတွင် ဖော်ပြခဲ့သည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင်ဖွင့်လှစ်ထားသော ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်ကြီးဟုဆိုသူ ဦးအောင်ထူးနှင့် အဆိုပါ သတင်းဌာနတို့၏ အင်တာဗျုးအမေးအဖြေတွင် လူ့အခွင့်ရေးရှေ့နေဟုဆိုသော ဦးအောင်ထူး၏ ဖြေကြားမှုများနှင့် ပတ်သက်၍ နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ဥပဒေလောကတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။လက်ရှိမြန်မာ့နိုင်ငံရေးစနစ်သည် လူမျိုးကြီးဝါဒ ဖုံးလွှမ်းထားသော တစ်ပြည်ထောင်စုစနစ်ဖြစ်သည်ဟု ဦးအောင်ထူး က ဝေဖန်ပြောကြားခဲ့ပြီး အဆိုပါဝေဖန်မှုသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်သလို စစ်မှန်သည့်ဒီမိုကရေစီ စနစ်နှင့် တိုင်းရင်းသားအားလုံးတစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ရေးအတွက် အားလုံးလုပ်ဆောင်နေသည့်ကာလ တွင် ၎င်း၏စကားများသည် အထောက်အထားကင်းမဲ့စွာဖြင့် တိုင်းပြည်ပြိုကွဲရေးကိုဦးတည်နေကြောင်းကို ဥပဒေပညာရှင် တစ်ဦးကပြန် လည်သုံးသပ် ဝေဖန်ခဲ့သည်။

“ ဦးအောင်ထူးနဲ့ အမေးအဖြေကိုတော့ ဖတ်လိုက်ရပါတယ်၊ သူ့စကားတွေကို သုံးသပ်ကြည့်ရသလောက်ဆိုရင် ယေဘုယျ အားဖြင့်တော့ မှန်သလိုလိုရှိပေမယ့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီးပြောနေတဲ့ ပုံစံမျိုးဖြစ်နေတာတွေ့ရတာပေါ့၊ သူပြောတဲ့လက်ရှိ နိုင်ငံရေးစနစ်ဟာ တစ်ပြည်ထောင်စနစ်ဆိုတာမျိုးကဘာအထောက်အထား၊ ဥပဒေကိုး ကားမှုမှမပါဘဲ တိုင်းရင်းသားတွေ ကို ၀ါဒမှိုင်းတိုက်တဲ့သဘောနဲ့ တမင်ပြောသလိုဖြစ်နေတယ်၊ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက တိုင်းရင်း သားအားလုံးကို ပြည်သူအဖြစ်တစ်ပြေးတည်းထားရှိပြီး တန်းတူအခွင့်အရေးပေးထားတာပဲလေ၊ ဥပဒေဆိုတာကိုယ်ထင်ရာ ကိုယ်စွတ်ပြောလို့တော့ဘယ်ရမလဲ၊ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ဆိုတာကလည်း တိုင်းရင်းသားအားလုံးမှာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်ရှိဖို့လည်း လိုတာပေါ့၊ သူတစ်လူငါတစ်မင်းဖြစ်ချင်တဲ့စိတ်တော့ရှိလို့ဘယ်ရမလဲ” ဟု ဥပဒေ ပါမောက္ခ ဦးတင်ထွန်းနိုင်ကဆိုသည်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီ သည် KIO/KIA လွှမ်းမိုးအုပ်ချုပ်သည့်နေရာဒေသဖြစ်သော ကချင်ပြည်နယ်၊ မိုင်ဂျာယန်ခရိုင်၊ မိုင်ဂျာယန်မြို့နယ်တွင်တည်ရှိပြီး ဦးအောင်ထူးအပါအ၀င် အနောက်နိုင်ငံများမှ ဥပဒေပညာရှင်အချို့က ဥပဒေပညာရပ်များ ကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ ကျောင်းဝင်ကြေး ယွမ် ၂၀၀၀ သတ်မှတ်ထားပြီး အဆိုပါအကယ်ဒမီ ကျောင်းမှ ဥပဒေအကြောင်းအရ ကိုယ့်ပြည်နယ်ကိုယ်အုပ်ချုပ်နိုင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်စနစ်များ ဖော်ဆောင်နိုင်သည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍တည်ထောင်ထား ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ထူးကဆိုသည်။

ဦးအောင်ထူး၏ဖြေကြားချက်နှင့်ပတ်သက်၍

“အမှန်တကယ်သာ ရိုးရိုးသားသားနဲ့တည်ထောင်ထားတဲ့ အကယ်ဒမီကျောင်းဆိုရင်တော့အရမ်းကောင်းပါ တယ်။ ဒါပေမယ့် နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ၀ါဒမှိုင်းတိုက်နေတဲ့နေရာဆိုရင်တော့ တက်ရောက်နေတဲ့ တိုင်းရင်းသား လူငယ်တွေအတွက် အများကြီးထိခိုက်သွားနိုင်တယ်၊ ဥပဒေဆိုတာမျိုးက ကိုယ်လိုရာဆွဲပြီး ပြောလို့မရဘူးလေ၊ အခု ဖက်ဒရယ်အကယ်ဒမီဆိုတာကလည်း KIO နယ်မြေထဲမှာဆိုတော့ KIO ကဖွင့်လှစ် ထားတယ်လို့လဲ ဆိုလို့ရတာပဲ၊ ဒီနေရာ မှာ လူမျိုးရေးဝါဒတွေသွတ်သွင်းပြီး ထင်ရာတွေပြောနေမယ်ဆိုရင်တော့ တိုင်းပြည်အနာဂတ် အတွက်မကောင်းဘူးပေါ့” ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက ဝေဖန်သည်။

“တကယ်သာ တိုင်းရင်းသားလူငယ်တွေကို မြေတောင်မြှောက်ပေးစေချင်ရင် လုပ်လို့ရတဲ့ အပိုင်းတွေရှိတာပေါ့၊ အခု အကယ်ဒမီဆိုတာက အသိမှတ်ပြုကျောင်းမဟုတ်ဘူးလေ၊ ဒါကို အစိုးရအဖွဲ့တွေနဲ့ညှိနှိုင်းပြီး၊ သင်ရိုးတွေ အဆင့်မြှင့်မယ်၊ နိုင်ငံတကာအသိမှတ်ပြု ကျောင်းဖြစ်အောင်ဆောင်ရွက်ပြီး အမှန်တကယ် ဥပဒေပညာရှင် လောင်းတွေ ဖြစ်လာအောင် မွေးထုတ်ပေးနိုင်မယ်ဆိုရင် တိုင်းရင်းသားလူငယ်တွေအတွက် အများကြီးအကျိုးရှိ လာနိုင်တာပေါ့၊ အဲလိုမှမဟုတ်ဘဲ ပြည်ပအထောက်အပံ့ရယူလိုတာနဲ့ လူမျိုးရေးဝါဒမှိုင်းတိုက်ယုံ သက်သက် ဖွင့်ထားတာဆိုရင်တော့ ကျောင်းကို ပြစား တာကလွဲလို့ ဘာအကျိုး သက်ရောက်မှုမှရှိမလာနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဖက်ဒရယ်အကယ်ဒမီသည် KIO ၏ အစီအမံဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သလို အနောက်နိုင်ငံများမှလည်း ၎င်း အကယ်ဒမီကျောင်းအပေါ် ငွေကြေးအပါအ၀င် အဖက်ဖက်မှထောက်ပံ့မှုများရှိနေကြောင်းကိုလည်း သိရှိရသည်။

လက်ရှိအခြေအနေတွင် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်-မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးထားပြီးဖြစ်သလို သမ္မတဦးသိန်းစိန် ကလည်း ယခုနှစ်ပြည်ထောင်စုနေ့ မိန့်ခွန်းတွင် “ ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသား အားလုံး စုပေါင်းကြိုးပမ်းကြရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ယခုလို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် ၀ိုင်းဝန်းကြိုးပမ်းနေကြချိန်တွင် မိုင်ဂျာယန်မှ ဦးအောင်ထူး၏ အဖြေများက တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ရေးကိုထိခိုက်စေသည့်သဘော သက်ရောက်နေပါသောကြောင့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီ ကျောင်း၏ ရည်ရွယ်ချက်ကိုလည်း ပြန်လည်ဆန်းစစ်သင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်လာခဲ့ကြ သည်။

အောင်မင်းလွင်
Today Myanmar

0 comments:

Post a Comment