Wednesday, May 20, 2015

“၀“ မူးယစ်ရာဇာ အိုက်ပန်းကို ဖမ်းဆီးခဲ့စဉ်က (ကိုယ်တွေ့ဖြစ်ရပ်)

 

မူးယစ်ရာဇာ ဂိုဏ်းချုပ်တွေ ထောင်ထဲက ပြန်လွတ်လာပြီးနောက်ပိုင်း
မြန်မာပြည်နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်သားတွေကို လွှတ်ပေးပြီးပြန်တော့လဲ ရန်ကုန်မြို့ လူစည်းကားရာ မြို့လယ်ခေါင်မှာ နိုင်ငံခြား Action ဇာတ်လမ်းရုပ်ရှင်တွေ ထဲကလို လူသတ်မှုတွေ ဖြစ်လာတယ်၊ တစ်ခါ ရန်ကင်းမှာ နေ့ခင်းကြောင်တောင် ဓားနဲ့ဝိုင်းခုတ်မှုကို ပထမဆုံး အကြိမ် ကြားရတယ်။ မိုးကုတ်နဲ့ မန္တလေးမှာ ရွှေဆိုင်တွေကို ဓားပြတိုက်မှုတွေ ဖြစ်လာပြီး အဲဒီအမှုတွေဟာ အရင်က မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေနဲ့ ကြီးပွားလာတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ် ဆိုပြီး ရဲသတင်းတွေမှာ ဖတ်ရတယ်။ အဲဒီလို မကြုံစဖူး အကြောင်းထူးနေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို ဖတ်ရင်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို သတိရမိပါတယ်။ကျွန်တော်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ရတဲ့ မူးယစ်ရာဇာတစ်ယောက်ကို ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် တစ်ခုလို့ ဆိုရပါမယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကျော် ကာလမှတ်မှတ်ရရပြောရရင် ၂၀၀၅ ခုနှစ် ၀န်းကျင်က ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်လည်း ရဲအရာရှိငယ်ရာထူးသာ ရှိပါသေးတယ်။ ကျွန်တော့်ကို လုပ်ငန်းကျွမ်းကျင်အောင် ပြောဆိုသင်ပြပေးခဲ့တဲ့ ဆရာသမားက ပြည်နယ် ရဲမှူးကြီး ဦးဘကြည် ဖြစ်ပြီး ကျိုင်းတုံမှာ ဆရာနဲ့အတူ တာဝန် ထမ်းဆောင်နေချိန်လည်း ဖြစ်ပါတယ်။ ကျွန်တော် ရဲအရာရှိ သက်တမ်းတစ်လျှောက်မှာ ရွှေတြိဂံဒေသလောက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမှုအခင်းများတဲ့ နေရာမတွေ့ဖူးဘူးလို့ ပြောချင်ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေမှာ ဗမာနဲ့ ရှမ်း တိုင်းရင်းသား က နည်းပြီး တရုတ်၊ “၀” နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဓိကပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။
တပ်မတော်က လက်ရှိ တပ်ချုပ်ကြီးဟာ အဲဒီအချိန်တုန်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်နေပါတယ်။ ရောက်တာတော့ မကြာသေးပါဘူး ၂ လ ၃ လနောက်ဘဲ ရှိပါအုံးမယ်။ စည်းကမ်းတိကျပြီး အလုပ်ကို ပြတ်ပြတ်သားသား ဆောင်ရွက်တာကြောင့် သူတိုင်းမှူး ဖြစ်လာပြီး နောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုတွေကို ထိထိရောက်ရောက်အရေးယူခဲ့ပါတယ်။ နောက်ဆုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကအစ စနစ်တကျဖြစ်အောင် ကိုင်တွယ်ခဲ့ပါတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာကိုလည်း ကန့်သတ်ထားပြီး တိတိကျကျအရေးယူတဲ့အတွက် ကျွန်တော်တို့ တိုင်းထဲသွားရင်တောင် ကွမ်းစားလို့မရ၊ ဆေးလိပ်သောက်မရတာကြောင့် စိတ်ညစ်ခဲ့ရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ပြတ်ပြတ်သားသား လုပ်တတ်တဲ့ တိုင်းမှူးရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ဟာ မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြချင်တယ်။ ၂၀၀၅ ခုနှစ်၊ သြဂုတ်လ မိုးတွေ ဆက်တိုက်ရွာပြီဆိုတော့ မိုးတွင်းရောက်နေပြီလို့ ပြောနိုင်ပါတယ်။ တစ်နေ့မှာ မူးယစ်(ဗဟို)က ရဲမှူးကြီး တင်မောင်ဌေးနဲ့ မူးယစ်ဗဟိုကအဖွဲ့တွေ ကျိုင်းတုံကို ရောက်လာပြီး ကျွန်တော့ရဲ မင်းကြီးကို လာတွေ့ကြပါတယ်။ တရုတ်လူမျိုး လော့ပန်းတစ်ယောက်ရဲ့ မူးယစ်ဆေး တော်တော်များများကို “၀” အဖွဲ့က မြန်မာနိုင်ငံထဲကို ဖြတ်ပြီးသယ်ပေးမယ်၊ “၀” က ပန်ဆန်းကနေ တာချီလိတ်ထိသယ်ပေးပြီး တာချီလိတ်မှာ ပိုင်ရှင် တရုတ်က စောင့်နေမယ်၊ ပြီးရင် ထိုင်းဖက်က ၀ယ်မယ့်အဖွဲ့ဆီကို ပို့မယ်ဆိုတဲ့ သတင်းရရှိထားပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ကက(ကြည်း)က တိုင်းမှူးကို သွားရောက်တင်ပြဖို့ ညွှန်ကြားခဲ့ကြောင်း ရဲမှူးကြီး တင်မောင်ဌေးက သတင်းပို့ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုအမှုဟာ သာမန်မူးယစ်ဆေးဝါးမှု မဟုတ်ဘဲ “၀” လက်နက်ကိုင်တွေနဲ့ ပတ်သက်နေတယ်၊ ပြီးတော့ ပိုင်ရှင်ကလည်း တရုတ်ဖြစ်နေတဲ့အပြင် သတင်းအရ မူးယစ်ဆေးဝါး ပမာဏ ကလည်း အလွန်များနေတဲ့အတွက် ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ဖမ်းဖို့ မရနိုင်ဘူးဆိုတာ သဘောပေါက်ကြပါတယ်။
မိုးတွေရွာနေတဲ့ ညမှာ ကျွန်တော်က မင်းကြီးရဲ့ ကားကိုမောင်းပြီး မူးယစ်(ဗဟို)က ရဲမှူးကြီး ခမ်းအောင်နဲ့ ရဲမှူးကြီး တင်မောင်ဌေးတို့နဲ့အတူ တိုင်းမှူးအိမ်ကိုသွားကာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်တဲ့ သတင်းအခြေအနေတွေ တင်ပြခဲ့ကြပါတယ်။ ကက(ကြည်း)ရဲ့ ညွှန်ကြားချက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ Operation တစ်ခုလုံးကို တိုင်းမှူးရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့အစီအစဉ်အတိုင်း လုပ်ပါဆိုတဲ့ ညွှန်ကြားချက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက နိုင်ငံတော်ရဲ့ အာဏာကို တပ်မတော်က ထိန်းသိမ်းထားတဲ့အတွက် ကက(ကြည်း) ဆိုတာ နိုင်ငံတော်မှာ အမြင့်ဆုံးဌာနလို့ ပြောလို့ရပါတယ်။ တိုင်းမှူးက တင်ပြချက်ကို သေချာနားထောင်ပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နေပြီး ရုံးကိုသွားကြရအောင်ဆိုပြီး ရုံးကိုသွားပြီးတော့ မြေပုံပေါ်မှာ အကြမ်းဖျဉ်းထပ်တင်ပြရ ပါတယ်။ တိုင်းမှူးက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အလွန်အလေးထား ကြပ်မတ်တယ်၊ ပြီးတော့ ရန်သူ၊ မိတ်ဆွေဆိုပြီး ခွဲခြားတာမရှိဘူး၊ ဥပဒေအတိုင်း အတိအကျ လုပ်တတ်တဲ့သူဖြစ်တယ်ဆိုတာ အဲဒီမှာ အလုပ်နဲ့ သက်သေပြခဲ့ပါတယ်။

ကျွန်တော်တို့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ နယ်မြေကျွမ်းကျင်မှု ဘယ်လောက်ရှိရှိ မဟာဗျူဟာ နည်းပရိယာယ်အပိုင်းမှာတော့ တိုင်းမှူးကို မယှဉ်နိုင်ဘူးဆိုတာ ၀န်ခံရမှာပါ။
နောက်တစ်နေ့မှာ တိုင်းမှူးက တိုင်းရုံးကိုခေါ်ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမိရေးနဲ့ပတ်သက်ပြီး အသေးစိတ် လမ်းညွှန်မှုပေးပါတယ်။ တိုင်းမှူးဟာ ကျွန်တော်ထင်ထားတာထက်ပိုပြီး စိတ်အားထက်သန် နေတာ မြင်ရပါ တယ်။
တိုင်းမှူးကိုယ်တိုင် မြေပုံထောက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်နိုင်တဲ့ လမ်းကြောင်းနဲ့ ဖမ်းဆီးဖို့ သွားမယ့်လမ်းကြောင်းတွေ၊ ပိတ်ဆို့ရမယ့်နေရာတွေ၊ တရားခံတွေကို ဖမ်းဖို့နည်းလမ်းတွေနဲ့ တကယ်လို့ တရားခံတွေက ပြန်ခုခံလာရင် ဘာလုပ်ရမယ်ဆိုတာကအစ ဆွေးနွေးလမ်းညွှန်ပေးခဲ့ပါတယ်။ တိုင်းမှူးကို နဖူးတွေ့ ဒူးတွေ့ မြင်လိုက်ရချိန်၊ ပြောဆိုလုပ်ကိုင်မှုတွေကို သိလိုက်ရချိန်မှာပဲ အလုပ်လုပ်တာ တိကျပြတ်သား ရုံသာမက မြေအနေအထားကိုပါ ကျွမ်းကျွမ်းကျင်ကျင် ဟာကွက်မရှိပြောဆိုနိုင်တဲ့ စစ်ခေါင်းဆောင်လို့ အသိအမှတ်ပြုလိုက်မိပါတယ်။ တစ်ညထဲနဲ့ အသေးစိတ်စီမံချက် ချထားပြီးတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နောက်မှ တိုင်းမှူးက ဒီနယ်မြေကို တာဝန်ကျတာဖြစ်ပေမယ့် မြေအနေအထားကို အသေးစိတ် ဘာလို့ ရှင်းပြနိုင်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပါသေးတယ်။ တိုင်းမှူး မိုင်းပျဉ်းကို တပ်စစ်သွားစဉ်က မြေအနေအထားကို
လေ့လာအကဲခတ်ခဲ့တာကြောင့် ကျွန်တော်တို့ကို ရှင်းပြနိုင်တာလို့ နောက်မှ ပြန်ကြားခဲ့ ရပါတယ်။

မူးယစ်ဆေးဝါးမှုမှာ ပါဝင်နေတဲ့ “၀” တွေရဲ့ လှုပ်ရှားမှုကို တိုင်းမှူးက ရှင်းပြပါတယ်။ ကျွန်တော်တို့ သိတာက တြိဂံဒေသတိုင်းထဲမှာ “၀” တပ်မဟာ ၂ ခုရှိပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ဟာ ပန်ဆန်းဖြစ်ပါတယ်။ ပန်ဆန်းမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး၊ အဲဒီမူးယစ်ဆေးဝါး သတင်းရချိန်မှာ တပ်မဟာ ၂ ခုက “၀” တပ်ဖွဲ့ဝင်တွေက အစည်းအဝေးတက်ဖို့ ဌာနချုပ်ရှိရာ ပန်ဆန်းကိုသွားနေကြပါပြီ။ အဲဒီပန်ဆန်းက အပြန်မှာ မူးယစ်ဆေးဝါးတွေ သယ်လာမှာ သေချာတယ်ဆိုပြီး တိုင်းမှူးရဲ့ ရှင်းပြမှုတွေကို ကျွန်တော်တို့ လက်ခံခဲ့ပါတယ်။ “၀” တွေ ပန်ဆန်းကနေ တာချီလိတ်ကို လာနိုင်မယ့် လမ်းကြောင်းတွေကို တိုင်းမှူးကိုယ်တိုင် သုံးသပ်ပြခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ တပ်အင်အားပြပြီး တားဆီးစစ်ဆေးမယ်၊ ဒုတိယအဆင့် အနေနဲ့ လက်နက်ချခိုင်းပြီး ပစ္စည်းတွေအပ်နှံခိုင်းမယ်၊ အခြေအနေမပေးရင် နောက်ဆုံးအဆင့် အနေနဲ့ အပြီးအပိုင် ချေမှုန်းမယ်ဆိုပြီး လုပ်ဆောင်မယ့် လုပ်နည်းအဆင့်ဆင့်ကို အသေးစိတ် လမ်းညွှန်ခဲ့ပါတယ်။ စစ်ဆင်ရေး ကွပ်ကဲမှုရုံးကိုလည်း တိုင်းရိပ်သာမြေအောက်ခန်းမှာ ဖွင့်ခဲ့ပါတယ်။
ကျွန်တော်တို့အဖွဲ့က ကြိုတင်ပြင်ဆင်ထားသလို တိုင်းမှူးကလည်း ပန်ဆန်းအစည်းအဝေးက ပြန်လာတဲ့ “၀” ခေါင်းဆောင် နှစ်ဦးကို သူ့ဆီလာတွေ့ဖို့ ခေါ်ပါတယ်။ ပန်ဆန်းက ပြန်လာတဲ့ ဦးတာလုံးနဲ့ အိုက်ပန်း နှစ်ဦးအနက် ဦးတာလုံးက တိုင်းမှူးကို လာရောက်ဂါရ၀ပြု တွေ့ဆုံပေမယ့် အိုက်ပန်းက နောက်မှ ပြန်လာတွေ့မယ်လို့ ပြောပြီး ရှောင်ထွက်သွားပါတယ်။ မဟာဗျူဟာ ကျွမ်းကျင်တဲ့ တိုင်းမှူးဟာ ဦးတာလုံးနဲ့ တွေ့ဆုံစဉ် မူးယစ်ဆေးဝါးကိစ္စ တစ်ခွန်းမှ မဟဘဲ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ဥပဒေလေးစား လိုက်နာရေး တွေကိုသာ မှာကြားခဲ့တယ်လို့ သိရပါတယ်။
“၀” ခေါင်းဆောင် အိုက်ပန်း ရှောင်ထွက်သွားပြီ ဆိုကတည်းက တိုင်းမှူးဟာ အဆိုးဆုံး အခြေအနေကို မျှော်လင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်းရတဲ့တစ်ပတ်အတွင်းမှာ တပ်တွေကို အပြင်းအထန် လေ့ကျင့်မှုတွေ လျှို့ဝှက်ပြုလုပ်ခဲ့ပါတယ်။ တပ်ရင်းတစ်ရင်းလုံးအား ချုံခိုတိုက်ခိုက်ခြင်း၊ တပ်ဖျောက်ခြင်း၊ တောတွင်းနေထိုင် စားသောက်ခြင်း လေ့ကျင့်ခန်းတွေကို လေ့ကျင့်စေခဲ့ပါတယ်။ မူးယစ်ဆေးဝါး သယ်တဲ့အဖွဲ့ တွေ လုံးဝမလွတ်စေရေးအတွက် သူတို့အသုံးပြုနိုင်တဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့တားဆီးနိုင်ဖို့ ပြင်ဆင်ခဲ့ ပါတယ်။ အဲ့ဒီအထဲမှာလည်း မိုင်းလားဘက်က ၀မ်တာပင်းတံတားကို အသုံးပြုနိုင်တဲ့အတွက် တရားခံတွေကို တံတား ပေါ်မှာ ပိတ်ဖမ်းဖို့အထိ ပြင်ဆင်ထားခဲ့ပါတယ်။
အဲဒီ ပြင်ဆင်ထားတာကိုလည်း တပ်ရင်းတစ်ရင်း ၀မ်တာပင်း တံတားကို မနက်မိုးလင်းလို့ ရုတ်တရက်ရောက်လာတော့မှ တံတားမှာ စောင့်နေတဲ့ ကျွန်တော်တို့ ရဲတွေ သိခဲ့ရပါတယ်။ ညတွင်းချင်း တောလမ်းအတိုင်း တပ်ရင်း တစ်ရင်းလုံး ဘယ်သူမှ မသိအောင် လျှို့ဝှက်ချီတက်လာတာဟာ အံ့သြဖို့ကောင်းသလို ဗျူဟာလည်း မြောက် ပါတယ်။ ထိုနည်းတူ ကွန်မန်ဒိုတပ်ခွဲ တစ်ခွဲကို တုံတာမှာ အရန်စုခိုင်းထားပြီး နောက်ထပ် တပ်ရင်း တစ်ရင်း ကိုလည်း အရန်အဖြစ် အသင့်ပြင်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဦး ကို စခန်းစစ်ဆေးရန် အကြောင်းပြပြီး မိုင်းညှင်းစခန်းကို ကြိုလွှတ်လိုက်ပါတယ်။
တိုင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ စရဖ တပ်မှူးကို “၀” ဒေသကိုစေလွှတ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး “၀” ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံ စေခဲ့ပါတယ်။ “၀”အဖွဲ့ မိုင်းပေါက်ကနေ မိုးညှင်းဘက်ဦးတည်နေပြီး အဲဒီကနေထွက်မယ်လို့ သတင်းရတဲ့ အချိန်မှာ တိုင်းမှူးဟာ အရပ်ဖက်က ပြည်နယ်အင်ဂျင်နီယာမှူးကြီးနဲ့ ကျိုင်းတုံ BE တပ်က တပ်ရင်းမှူးတို့ကို ခေါ်ပြီး ညွှန်ကြားချက်ပေးလို့ ညကြီးမင်းကြီးမှာ မိုင်းပြင်းဘက်ထွက်သွားတယ်လို့ သိရပါတယ်။ မနက်ကျမှ သိရတာကတော့ ရန်သူလာမယ့် လမ်းပေါ်မှာ တစ်ဖက်က တောင်ကြော၊ တစ်ဖက်က ချောက်ကမ်းပါးဖြစ်နေတဲ့ လမ်းအကျဉ်းဆုံး နေရာကို ကျောက်မိုင်းခွဲပြီး လမ်းပိတ်ဆို့ဖို့ တာဝန်ပေးလိုက်လို့ မနက် ၃ နာရီမှာ မိုင်းခွဲပြီး လမ်းပိတ်ထားတယ်ဆိုတာပါပဲ
ကျွန်တော်တို့ စောင့်နေတဲ့ မိုင်းပေါက် - နောင်ချို - မိုင်းပျဉ်း - မိုင်းဆတ် လမ်းကြောင်းအတိုင်း “၀” တပ်ဖွဲ့ခေါင်းဆောင် အိုက်ပန်း ဦးဆောင်သော ကားတန်းဝင်ရောက်လာပြီဆိုတဲ့ သတင်းရပါတယ်။ အဲဒီအချိန် မှာပဲ ကျိုင်းတုံ (၉၁၃) အင်ဂျင်နီယာတပ်က နောင်ချို - မိုင်းပျဉ်း လမ်းပေါ်မှာရှိတဲ့ လမ်းကျဉ်းနေရာမှာ ကျောက်တောင်ကို မိုင်းခွဲလိုက်ပါတယ်။
လမ်းပိတ်သွားသော ကျောက်တုံးများကို ဖယ်ရှားဖို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ တပ်ရင်းတစ်ရင်းကို အဲဒီနေရာမှာ စောင့်ခိုင်းထားပါတယ်။ ညနေ ၃ နာရီလောက်မှာ ကျောက်မိုင်းခွဲထား လို့ လမ်းပိတ်နေတဲ့ နေရာကို “၀” တပ်ဖွဲ့ ကားတန်းကြီး ရောက်ရှိ လာပါတယ်။
လမ်းပိတ်နေတဲ့အတွက် ကားပေါ်က “၀” တစ်ချို့ဆင်းလာကြပါတယ်။ အချို့က ဘေးပတ်ဝန်းကျင်မှာ စောင့်နေတဲ့ တပ်မတော်သားတွေကို မြင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပါတယ်။ ကျွန်တော်တို့လည်း တိုက်ပွဲဖြစ်တော့မှာဆိုတဲ့ ထင်မြင်ချက်နဲ့ စစ်တပ်ရဲ့နောက်မှာပဲ နေရာယူပြီး အခြေအနေ စောင့်ကြည့်နေခဲ့ကြ ပါတယ်။ မူးယစ်ဆေးဝါး အပြည့်သယ်လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အနေနဲ့ လက်နက်ချ အဖမ်းခံဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမှန်းအားလုံးသိနေခဲ့ကြပါတယ်။
နှစ်ဖက်အချေအတင်ဖြစ်တော့မယ့်အချိန်မှာ အရပ်ဝတ် ၀တ်ထားတဲ့ စရဖ တပ်မှူးနဲ့ အဖွဲ့က လုံခြုံရေးအတွက် စစ်ဆေးခံဖို့ ပြောတော့ အိုက်ပန်းက အစစ်ဆေးမခံဘဲ သူ့ကိုယ်သူ သတ်သေမယ်ဆိုပြီး အနီးမှာရှိတဲ့ “၀” တပ်ဖွဲ့ဝင်ဆီက AK -47 သေနတ်ကို ဆွဲယူပြီး မောင်းတင် လိုက်တာ မြင်ရပါတယ်။ အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး စရဖ တပ်မှူးက အိုက်ပန်းကို ၁ နာရီကျော်ကြာ စည်းရုံးလိုက်တဲ့ အတွက် အခြေအနေအားလုံးထိန်းနိုင်ခဲ့ပါတယ်။ အိုက်ပန်းက လက်နက်ချသွားပြီဖြစ်တဲ့အတွက် အိုက်ပန်းရဲ့ အဖွဲ့ကို စရဖအဖွဲ့က ဆက်လက်ပြီး စည်းရုံးနိုင်ခဲ့တာကြောင့် လက်နက်မျိုးစုံ ၄၀ ကျော်၊ အကျဉ်းသား ၃၀ ခန့် အပါအ၀င် ဘိန်းဖြူ ၊ ဘိန်းစိမ်း၊ ဘိန်းမျိုးစေ့တွေနဲ့အတူ ဘတ်ငွေ လေးသန်းကျော်ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ အရေးကြီး တရားခံတွေကိုတော့ တပ်ကပဲ ဦးစီးပြီး ကျိုင်းတုံကို ခေါ်သွားခဲ့ပါတယ်။
ဖမ်းမိတဲ့ “၀” တပ်ဖွဲ့ ခေါင်းဆောင် အိုက်ပန်းကို စစ်ဆေးတဲ့အခါ ဘိန်းဖြူဘလောက်တုံးတွေကို ပန်ဆန်းမှ မိုင်းယွန်းထိသယ်မှာဖြစ်ပြီး၊ ၎င်းနေရာမှ တစ်ဆင့် တာချီလိတ်မြို့နယ် ဟောင်လိတ်ရွာနေ “၀” တပ်ဖွဲ့ဝင်ဟောင်း ဟန်ယုဝမ်ဆီ ပို့မှာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။ အိုက်ပန်းရဲ့ ထွက်ဆိုချက်အရ ဟန်ယုဝမ်ကို ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ပေမယ့် လာအိုနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နောက်ပိုင်း မြန်မာနဲ့ တရုတ် ပူးပေါင်းပြီး ဗီယက်နမ်နိုင်ငံကို ထွက်ပြေးဖို့ ပြင်ဆင်နေချိန် ဟန်ယုဝမ် ကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။

ဒီအမှုကို သတင်းစုဆောင်းတာကနေ တရားခံဖမ်းမိချိန်အထိ လုပ်ဆောင်မှုအားလုံးကို တိုင်းမှူး ကိုယ်တိုင် စီမံခန့်ခွဲခဲ့တာဖြစ်ပြီး လမ်းညွှန်ချက်များအတိုင်း တပ်မှ အရာရှိ၊ စစ်သည်များနဲ့ စရဖ တပ်ဖွဲ့ဝင်များ ရဲမှူးနှင့်အဖွဲ့များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့လို့သာ လူ၊ လက်နက်၊ ပစ္စည်းအားလုံး သိမ်းဆည်းရ မိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မူးယစ်အထူးအဖွဲ့က မူးယစ်ဆေး ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရေတွက်ခြင်း၊ ချိန်တွယ်ခြင်းတွေ လုပ်ခဲ့ကြာရာမှာ အတိအကျ မမှတ်မိတော့ပေမယ့် ဘိန်းဖြူ ဘလောက်တုံး ၉၀၀ ကျော်နဲ့ ဘိန်းမျိုးစေ့ ၉ ကီလိုကျော် ရှိတယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
“၀” တပ်ဖွဲ့ခေါင်းဆောင် အိုက်ပန်း ဦးဆောင်ပါဝင်တဲ့ မူးယစ်ဆေးဝါးမှုကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းမှာတော့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ တော်တော်ငြိမ်သွားကြပါတယ်။ “၀”တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ လူ၊ လက်နက်၊ အင်အား အတောင့်တင်းဆုံးအဖွဲ့ ဖြစ်ပါတယ်။

အင်အားတောင့်တင်းတာဘာကြောင့်လဲဆိုတော့ ငွေကြေးချမ်းသာမှုကြောင့် ဖြစ်သလို အဲဒီ ငွေကြေးတွေဟာလည်း ဘိန်းစိုက်ပျိုး ကုန်ကူးမှုကနေ ရနေတာပဲ ဖြစ်ပါတယ်။ “၀” ဒေသမှာ ကျောက်စိမ်း မထွက်သလို သစ်တွေလည်း ကုန်နေပြီဖြစ်လို့ အဓိက၀င်ငွေရှာနေတာဟာ ဘိန်းဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး၊ အလားတူ “၀” အဖွဲ့လိုပဲ ကျန်တိုင်းရင်းသား လက်နက်ကိုင်အများစုကလည်း ဘိန်းစိုက်ပျိုးပြီး ၀င်ငွေရှာနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းထွက်တဲ့ ဒေသအဖြစ် နိုင်ငံတကာအလယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတပ်ချုပ်ကြီး တိုင်းမှူးဘ၀က စနစ်တကျကြီးကြပ်ကွပ်ကဲပြီး စီမံခန့်ခွဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီးကို သွေးထွက်သံယိုမရှိဘဲ ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းဟာ ဘိန်းစိုက်ပျိုးကုန်ကူးနေသော “၀” နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်များအတွက် စံနမူနာပြ တားဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးအမှုမှာ ကျူးလွန်ခဲ့တဲ့ တရားခံအားလုံး တရားဥပဒေနဲ့အညီ ရုံးထုတ်စစ်ဆေးပြီး အိုက်ပန်းကို သေဒဏ်ချမှတ်ခဲ့ကာ ကျန်အဖွဲ့များကိုလည်း အပြစ်ဒဏ်အသီးသီးချမှတ်နိုင်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ် မှာ ပါဝင်ခဲ့တဲ့ မိုင်းညှင်းစခန်းက ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဦး နဲ့ တိုင်း G1 ဒုတိယဗိုလ်မှူးကြီး သန်းတင်အောင် တို့ဆိုရင် အခု ရဲမှာ ထိပ်တန်းအရာရှိကြီးများ ဖြစ်နေကြပါပြီ။ စိတ်မကောင်းစရာတစ်ခုကတော့ တပ်နဲ့အတူ ပြေးလွှားလှုပ်ရှားပါဝင်ခဲ့တဲ့ ကျွန်တော်တို့ ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်သူကမှ အသိအမှတ် မပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း ပြန်ကြည့်ပေးပါအုံးလို့ အဲဒီဖြစ်စဉ်မှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ ယခု တပ်ချုပ်ကြီးကို တင်ပြလိုပါတယ်။ “၀” အဖွဲ့တွေဆီက လက်နက် တွေကို တပ်ကသိမ်းဆည်းပြီးမှ ရောက်လာပြီး ဓါတ်ပုံရိုက်၊ မှတ်တမ်းတင်၊ ဘိန်းချိန်လုပ်ကာ ဆီဆမ်းနှမ်းဖြူးတဲ့ မူးယစ်ဗဟို အဖွဲ့ဝင်တွေက ရာထူးအသီးသီး တက်သွားကြပါတယ်။ ဒုရဲမှူး မြင့်ဦးက မူးယစ်(ဗဟို)မှာ ရဲမှူးကြီး၊ ဒုရဲမှူးကြီး ၀င်းနိုင်ဆိုရင် ရန်ကုန်တိုင်း ရဲမှူးကြီးတွေ ဖြစ်နေကြပါပြီ။ အဓိက လမ်းညွှန်ပြသပေးခဲ့တဲ့ တိုင်းမှူးကိုတော့ ဒီနေ့ တပ်ချုပ်ဖြစ်တဲ့အထိ လေးစားနေဆဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တပ်၊ ရဲ၊ မူးယစ်၊ အင်ဂျင်နီယာတွေအားလုံးကို စနစ်တကျ မှန်မှန်ကန်ကန် တာဝန်ခွဲဝေပေးကာ အကောင်းဆုံး စီမံခန့်ခွဲနိုင်သော စစ်ခေါင်းဆောင် တစ်ယောက်အဖြစ် အသိအမှတ်ပြု လေးစားရခြင်းဖြစ်ပါတယ်။

တစ်ချိန်က ကျွန်တော်တို့ စွမ်းစွမ်းတမံ သက်စွန့်ဆံဖျား ဖမ်းဆီးခဲ့တဲ့ မူးယစ်ရာဇာတွေဟာ သမ္မတကြီး ရဲ့ မေတ္တာနဲ့ ကရုဏာတွေကြောင့် နိုင်ငံရေး အကျဉ်းသားဟူသော ခေါင်းစဉ်အောက်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ အခုဆိုရင် အလုပ်ကြီး အကိုင်ကြီးတွေကို ဟန်မပျက်ပြန် လုပ်ရင်း သူဌေးကြီးတွေတောင် ဖြစ်တဲ့လူက ဖြစ်နေပါပြီ။ သမ္မတကြီး လွှတ်ပေးလိုက်တဲ့ မူးယစ်ရာဇာတွေဟာ ငွေမဲတွေကို ခ၀ါချလို့ “ မန်းရတနာပုံ ” လေကြောင်းလိုင်းမှာတောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ သူဌေးကြီးတွေဟာ အိုက်ပန်းတို့၊ လောဆန်းတို့ ဖြစ်နေပြီးလို့ ကြားပါတယ်။ သမ္မတကြီးရဲ့ မေတ္တာ၊ ကရုဏာကို လေးစားပေမယ့် အဲဒီလို မူးယစ်ရာဇာတွေကို မကြာခဏ လွှတ်ပေးနေတာ မြင်တွေ့ရတော့ တကယ်ရင်နာမိပါတယ်။ တပ်နဲ့ ရဲတွေ သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို အစိုးရဘက်က အသိအမှတ်မပြုသလို ဖြစ်နေပါတယ်။ အဲဒီမှုခင်းလိုက်ခဲ့စဉ်က အချိန်တွေကို ပြန်တွေးတိုင်း အပင်ပန်း ခံရကျိုးမနပ်ပါလားလို့ အားမလိုအားမရ ဖြစ်မိပါတယ်။
အခုချိန် မှုခင်းတွေ ဆက်လက်ဖြစ်လာပြန်တော့ ကျွန်တော်တို့ ရဲတွေကို ၀ိုင်းပြီး အပြစ်တင်နေကြပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ မူးယစ်ဆေးဝါးအမှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ အမှုတွေကို နေ့စဉ်နဲ့အမျှ လိုက်လံဖြေရှင်းနေရပါတယ်။ အဲဒီအလုပ်ကို လုပ်စားနေတဲ့ ကောင်တွေ ထောင်ထဲက ပြန်လွှတ်လာမှတော့ ဒီအမှုတွေဟာ အခုထက်ပိုဆိုးလာဖို့ပဲ ရှိပါတော့ တယ်။ အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ် ကူးသန်းရောင်းဝယ်နေသော နိုင်ငံများအဖြစ် ဖော်ပြထားပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ အနေနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းကို ဆက်ပြီးလုပ်နေကြဦးမယ်ဆိုရင် မူးယစ် ဆေးဝါးပြဿနာဟာ မြန်မာနိုင်ငံအတွက် အမဲစက် စွန်းထင်းနေဦးမှာဖြစ်သလို ကမ္ဘာ့အလယ်မှာ မျက်နှာ ငယ်နေရဦးမှာပဲ ဖြစ်ပါတယ်။

စိုးညွန့်
Today Myanmar

0 comments:

Post a Comment