Tuesday, May 5, 2015

ဖွဲ့စည်းပုံ ပြင်ဆင်မှသာ အပစ်ရပ် လက်မှတ်ထိုးမည်

ပန်ဆန်းညီလာခံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်း “၀” ပြည် သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA) ၏ စစ်ဦးစီးချုပ် ပေါက်ယူချန်းက မေလ ၄ ရက်နေ့တွင် ပြောဆိုသည်။“ဘယ်လိုပဲ ပြောပြော အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ဒါက အဓိက Main ပဲ ၊ ဒီလို ပြင်ဆင်နိုင်မှလည်း တိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် သဘောရှိတယ်။ ကျနော်တို့ “၀” အဖွဲ့အစည်းကလည်း ဒီလိုပါပဲ” ဟု ပေါက်ယူချန်းက ပြောသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်စုပေါင်း အဖွဲ့(NCCT) များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် သဘောတူညီ လက်မှတ် ရေးထိုး ခဲ့ပြီဖြစ် သော်လည်း ယခု ပန်ဆန်း တိုင်းရင်းသားညီလာခံတွင် ယင်းသို့သော တိုင်းရင်းသားများ၏ သဘောထားထပ်မံ ပေါ်ထွက် လာခြင်းဖြစ်ရာ ယခု တိုင်းရင်းသားညီလာခံအပြီးတွင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အခက်အခဲများ ထပ်မံ ရင်ဆိုင် ရဖွယ် ရှိနေ သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

လတ်တလော အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ စုပေါင်းဖွဲ့စည်းထားသော NCCT မှ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) ၊ ပလောင်(တအာင်း) အမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ ၃ ဖွဲ့က နှုတ်ထွက်ရန် အဆိုပြုချက်တရပ်လည်း ထွက်ပေါ်လာပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အလက်များကို ပြန်လည် ပြင်ဆင်ပေးရန် အဆိုပါ အဖွဲ့ ၃ ဖွဲ့က တောင်းဆိုလျက် ရှိသည်။

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်ထွန်းနိုင်က “ NCA ကို ပြင်ဆင်ဖို့ ကျနော်တို့ အစည်းအဝေးမှာ ပြောရတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သတ်တာတွေ အများကြီး ပါပါတယ်၊ တိုင်းရင်းသား အဖွဲ့တိုင်းက ၂၀၀၈ ကို ပြင်ကို ပြင်ရ မယ်၊ ကျနော်တို့အဖွဲ့လည်း စာတမ်း တင်ပြထားတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင် မီ ပြင်ဆင် ချင်တယ် ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မပြင်နိုင်ရင် ငြိမ်းချမ်းရေးလည်း မအောင်မြင်နိုင်ဘူး “ ဟု ဧရာဝတီကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ဘဲ NCA ကိုလက်မှတ်ထိုးပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ရည်မှန်းချက် ပျက်ပြီး ဒီမိုကရေစီ လမ်းစဉ်များ အကောင်ထည် ဖော်ရေး နှင့် နိုင်ငံ့ခေါင်း ဆောင်ရွေးချယ်ရေး တို့တွင် ကစဥ့်ကလျား ဖြစ်သွားနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

UWSA က ဦးစီးကျင်းပသော တိုင်းရင်းသားညီလာခံကို ပန်ဆန်းမြို့ တွင် မေလ ၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ကျင်းပ လျက်ရှိပြီး UWSA အပါအ၀င် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော် (မိုင်းလားတပ်ဖွဲ့-NDAA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့-MNDAA) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO )တို့မှ ထိပ်သီးခေါင်းဆောင်များ ၊ စစ်ဦးစီးချုပ်များ တတ်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

NCCT အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ အပါအ၀င် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ(ကပ်ပလန်-NSCN-K) ၊ ရခိုင် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့မှာ ပန်ဆန်း ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခံရခြင်းမရှိပေ။

ဧရာဝတီ

0 comments:

Post a Comment