Saturday, May 9, 2015

Knowledge


အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင် အဆောက်အအုံကို အယ်ခိုင်ဒါတို့ တိုက်ခိုက်ခဲ့ ပြီးနောက် အမေရိကန်သည် Homeland Security ဟူသော အမိမြေ လုံခြုံရေး အဖွဲ့အစည်း တစ်ခုကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး အမျိုးသား လုံခြုံရေးကို အရှိန် မြှင့်တင်ခဲ့သည်။ အီရတ်ကို စစ်ဝင်တိုက်ခဲ့ရာ တွင်လည်း အမေရိကန်ကို အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များဖြင့် ၀င်ရောက် တိုက်ခိုက်ဖွယ် ရှိသဖြင့် ကြိုတင် လက်ဦးမှု ရယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခုခံ ကာကွယ်ခဲ့သည်။အမျိုးသား အကျိုးစီးပွား ဟူသော (National Interest) ခေါင်းစဉ်အောက်တွင် အမျိုးသား လုံခြုံရေး (National Security) သည် ကဏ္ဍတစ်ခု အနေဖြင့် ပါဝင်ခဲ့ပြီး၊ အခြား ကဏ္ဍများထက် ပို၍ အလေးထား ဦးစားပေးတတ်သည့် သဘောကို တွေ့ရသည်။

အမျိုးသား လုံခြုံရေး ဆိုသည်မှာ

အမျိုးသားအကျိုးစီးပွားကို တစ်စုံတစ်ရာ ထိခိုက်စေမည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သက်ရောက် ထိပါးမှုများကို ကာကွယ်ခြင်း ဖြစ်သည်။ ပြင်ပမှ သက်ရောက်မှုများနှင့် ပြည်တွင်းမှ သက်ရောက်မှုများ ပါဝင်ပြီး၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သို့မဟုတ် တစ်ဆင့်ခံ စိန်ခေါ်မှုများလည်း အကြုံးဝင်သည်။ ကဏ္ဍအနေဖြင့်များစွာ ကျယ်ပြန့်သည်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသော ရှုထောင့်များမှ တစ်ဆင့် သက်ရောက်မှုများလည်း ပါဝင်သည်။

လက်နက်ဖြင့် တိုက်ရိုက် သေကြေ ပျက်စီးမှု သာမက၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အရ အနာဂတ် ကာလတွင် အမျိုးသား အကျိုးစီးပွားကို တဖြည်းဖြည်း အားနည်း၊ ထိခိုက်၊ ပျက်စီးမှု ဖြစ်စေမည့် မည်သည့် သက်ရောက်မှုမျိုး မဆို အကြုံးဝင်သည်။

အမျိုးသား အကျိုးစီးပွား

အမျိုးသားရေး ရည်မှန်းချက် (Mission) ၊ အကျိုးစီးပွား (Interest) တို့ကို ဆိုလိုသည်။ အနည်းဆုံး ရှုထောင့်ကြီး ငါးခုမှ တိုင်းတာသည်။

- Geopolitics (ပထ၀ီနိုင်ငံရေး)

- Economics (စီးပွားရေး)

- Military (စစ်ရေး)

- Socio-culture (လူမှုယဉ်ကျေးမှု)

- Science & Technology (သိပ္ပံနှင့် နည်းပညာ)

တစ်နည်းအားဖြင့် ဆိုလျှင် နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ အင်အား (National Strength) ဖြစ်ရာ ဖြစ်ကြောင်းသည် အမျိုးသား အကျိုးစီးပွားဖြစ်ပြီး၊ National Strength ကို ထိပါးမှုသည် အမျိုးသား အကျိုးစီးပွားကို ထိပါးမှု အဖြစ် သတ်မှတ်သည်။ ထို့ကြောင့် အမျိုးသား လုံခြုံရေး (National Security) သည် အမျိုးသား အကျိုးစီးပွား (National Interest) နှင့် တိုက်ရိုက် ဆက်စပ် အပြန်အလှန် အမှီသဟဲ ပြုရသည်၊

နိုင်ငံ ခေါင်းဆောင်တို့၏ တာဝန်

နိုင်ငံ တစ်နိုင်ငံကို ဦးဆောင်မည့် နိုင်ငံ ခေါင်းဆောင်တို့သည် အမျိုးသား အကျိုးစီးပွားကို လုံးဝ အခြေခံကြရသည်။ ထို့ထက် မြင့်မားသော တာဝန်မရှိ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသည်များမှာ ဒုတိယ အဆင့် ဦးစားပေး ကဏ္ဍသာ ဖြစ်သည်။ အမျိုးသား အကျိုးစီးပွားကို အခြေမခံဘဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးစားပေးခဲ့သဖြင့် ယနေ့ ထိပ်တန်းနိုင်ငံ အတော်များများ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရပြီး၊ ဆုတ်ခက်-တက်ခက် ဖြစ်နေကြရသည်။

အီရတ်ကို အမေရိကန်တို့ စစ်ဝင်တိုက်ခဲ့ခြင်းမှာ သူ့အကျိုးစီးပွားကို အခြေခံခဲ့ပြီး၊ အီရတ်ဘက် လူ့အခွင့်အရေးနှင့် အလဲအလှယ် လုပ်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားသော ပြယုဂ်တစ်ခု ဖြစ်သည်၊

နိုင်ငံခေါင်းဆောင်တို့မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၏ အကျိုးစီးပွားကိုသာ ဦးထိပ် ပန်ဆင်ကြရမည် ဖြစ်ပြီး၊ အခြားနိုင်ငံ အခြား လူမျိုးများ၏ အကျိုးစီးပွားကို တိုးပွားစေပြီး၊ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ အကျိုးစီးပွား ယုတ်လျော့စေသော ဆောင်ရွက်မှုမျိုးကို လုံးဝ-ရှောင်ကြဉ်ကြရမည် ဖြစ်သည်။

နိုင်ငံ ခေါင်းဆောင် ဆိုသည်မှာ ထိုနိုင်ငံ ထိုလူမျိုးတို့၏ အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်ရန် တာဝန် ပေးအပ်ခံရ သူများသာ ဖြစ်သည်၊ အမေရိကန် သမ္မတသည် အမေရိကန် နိုင်ငံနှင့် အမေရိကန် လူမျိုးတို့၏ အကျိုးစီးပွားကို အထိပါးခံကာ မည်သည့် အခြားလူမျိုး တစ်ခုခု၏ လူ့အခွင့်အရေး အတွက် ပါးစပ် မဟခဲ့ဘူးချေ ။

သူ့နိုင်ငံအကျိုး စီးပွားအတွက် သူ့ဒီမိုကရေစီ စံနှုန်းများနှင့်ပင် အလဲအလှယ် ပြုခဲ့သောကြောင့် ဒီမိုကရေစီ စံနှုန်းဖြင့် တိုင်းတာရာ အမေရိကန်သည် ကမ္ဘာ့အဆင့် (၁) နေရာမှာမရှိခဲ့။

အမျိုးသား အကျိုးစီးပွားအထက် ဘာမှမရှိစေရ

အချို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်ကြသည်၊ ခေါင်းဆောင်အဆင့် မမြင်နိုင် မတွေးနိုင်ကြသေး၍ ဖြစ်သည်။ အမေရိကန် သမ္မတ Truman လက်ထက်တွင် ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံအနေဖြင့် အာဏာရှင်များဖြင့် ရင်းနှီးစွာ ဆက်ဆံရမည် ဟူသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ် ကျင့်သုံးခဲ့ခြင်းမှာ သူ့နိုင်ငံ သူ့အကျိုးစီးပွား ထီးထီးကိုသာ အခြေခံခဲ့သောကြောင့် ဖြစ်သည်။

ကွန်မြူနစ် စနစ် ပြန့်ပွားမှုကို ထိန်းချုပ် လိုသောကြောင့် ဖြစ်သည်။ အာဖဂန်နစ္စတန်၊ အီရတ်၊ ပနားမား၊ စသောနိုင်ငံများကို စစ်ဝင်တိုက်ခဲ့ရာတွင် ထိုနိုင်ငံရှိ ပြည်သူတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ တန်ဖိုးများကို လျစ်လျူရှုခဲ့ကြောင်း တွေ့နိုင်သည်။ သူ့နိုင်ငံ အကျိုးစီးပွား အတွက် အမေရိကန် တို့သည် မည်သည့် အရာနှင့်မျှ အလဲအလှယ် မလုပ်ခဲ့ချေ။ နိုင်ငံရေးရေချိန် ကောင်းစွာ မမြင့်မားသေးသော နိုင်ငံများတွင်မူကား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ခပ်တွင်တွင် လိုက်နာစေသည်။

ရက်ရက် စက်စက် အကြံအစည်များ

တစ်ကမ္ဘာလုံး မည်သည့်နိုင်ငံ၊ မည်သည့် နေရာတွင်မှာမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မှန်မှန်ကန်ကန် မျှမျှတတ ကျင့်ကြံ လိုက်နာကြလျှင်များစွာ ၀ိဝါဒ ကွဲပြားစရာမရှိ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကိုယ့်ဘက်တစ်မျိုး၊ သူ့ဘက်တစ်မျိုး သုံးစွဲ လက်ညှိုးခဲ့ကြသည် ဖြစ်၍သာ ယနေ့ ကမ္ဘာကြီးသည် ပရမ်းပတာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရခြင်း ဖြစ်ပြီး၊ အကြမ်းဖက် ဆောင်ရွက်မှုများလည်း ပို၍ ကြီးမားလာခဲ့ကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလကို လျစ်လျူရှု၍ (၂၅) ရာခိုင်နှုန်းကို ရွေးချယ်ခံ မဟုတ်၊ ဒီမိုကရေစီစံနှုန်းနှင့် မညီဟု ဆိုကြသူများ အတွက် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်သော အင်္ဂလန်တွင် House of Lords ၌ အရွေးချယ်ခံ မဟုတ်သော အမတ်ပေါင်း (၇၉၀) ကို မည်သူတွေက အဘယ့်ကြောင့် မထောက်ပြခဲ့ ကြပါသနည်း။

ပါကစ္စတန် နိုင်ငံသည် အချုပ်အခြာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သူ့လူမျိုး၊ သူ့အစိုးရ၊ သူ့နိုင်ငံ နယ်နိမိတ်၊ သူ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် သူဖြစ်သည်၊ နိုင်ငံမကြီး လှသော်လည်း မသေးလှသော နိုင်ငံလည်း ဖြစ်သည်၊ အဆိပ်ရှိသော နိုင်ငံလည်း ဖြစ်ပြန်သည်၊ ယနေ့ အကြမ်းဖက် ဆောင်ရွက်မှုများ၏ အချို့သော အရင်းအမြစ်များ၊ သို့မဟုတ် ပါကစ္စတန်မှ ပံ့ပိုးသည် ဟူသော စွဲချက်ဖြင့် ပါကစ္စတန် နိုင်ငံ တစ်နိုင်ငံလုံးကို အင်အားကြီး နိုင်ငံအချို့က ပြုပြင် ပြောင်းလဲရန် ကြံစည်နေခြင်းကို လေ့လာလျှင် ကိုယ့်အကျိုးစီးပွား အတွက်သာ ဆိုလျှင် လူတစ်ဦးချင်းစီ၏ အခွင့်အရေး မဆိုထားနှင့် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေး သည်ပင် စဉ်းစားရန် မထည့်သွင်းကြတော့ ကြောင်း ၀မ်းနည်းစရာ တွေ့ရသည်။ နိုင်ငံကြီး တစ်နိုင်ငံ၏ အကျိုးစီးပွား ပြည့်ဝရန် နိုင်ငံငယ်များ၏ အကျိုးစီးပွားကို သားကောင်သဖွယ် ရက်ရက် စက်စက် အသုံးချရန် ကြိုးစား နေသည်ကို တွေ့နိုင်သည်။

မြန်မာနိုင်ငံကို ဦးဆောင်လို ကြသူများသည် ဤအချက်ကို ရှင်းလင်း ပြတ်သားရန် လိုအပ်ပြီး ကိုယ့်နိုင်ငံ အကျိုးစီးပွားထက် ဘာကိုမှ ပို၍ မစဉ်းစားမိရန် လိုအပ်သည်ဟု မြင်သည်။

၉/၁၁ အတိုက်ခံရမှု နောက်ပိုင်း အာဖဂန် နစ္စတန်မှ အကြမ်းဖက် သမားများကို နှိမ်နင်းရန် ပါကစ္စတန်သည် အမေရိကန်ထံမှ $ 10 bil ကျပ် အကူအညီရခဲ့၏။ IMF မှလည်း ပါကစ္စတန်ကို ချေးငွေများ ထုတ်ပေးခဲ့သည်။

သို့သော်လည်း (၂၀၀၈) သမ္မတ အိုဘားမား တက်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး အပြောင်းအလဲ ရှိလာခဲ့သည်၊ အကြမ်း ဖက်များကို ပါကစ္စတန်တို့ကပင် အားပေး အားမြှောက် ပြုနေသည်ဟု ယူဆလာခဲ့၏၊ Bernard Lewis, Ralph Peters တို့က ပါကစ္စတန်ကို သူတို့ စိတ်ကြိုက် ပုံဖော်ရန် အတွက် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။

Bernard Lewis ၏ စီမံကိန်းတွင် ပါကစ္စတန် နိုင်ငံကို အချို့ အစိတ်အပိုင်းများ ဖြတ်တောက်ပစ်ပြီး အင်အားချည့်နဲ့ စေရန် စီစဉ်ထားသည်၊ ဥပမာ Pashtun နှင့် Baluchistan နယ်မြေများကို အကွဲအပြား ဖြစ်စေသည်မျိုး၊ Sind နှင့် Karachi ကို Pakjab ဖြင့် တွဲလျက် ရှိစေရန် ကြိုးစား ဆောင်ရွက်ခြင်း၊ Ralph Peters ၏ စီမံချက်မှာလည်း Bernard ကဲ့သို့ပင် ပါကစ္စတန်ကို နယ်မြေအချို့ ကွဲပြား ဖဲ့ထုတ် ပစ်စေသည့်နည်းကို အခြေ ခံထားကြောင်း တွေ့ရသည်။

ပါကစ္စတန် နယ်မြေ အချို့ကို ဖဲ့ထုတ်ပြီး အာဖဂန် နစ္စတန်ထဲ ထည့်သွင်းခြင်း၊ အချို့ကို Free Baluchistan အဖြစ် ဖန်တီးပေးခြင်းအားဖြင့် ပါကစ္စတန် နိုင်ငံသည် မူလ ဧရိယာထက် (၅၀) ရာခိုင်နှုန်း နီးပါးမျှ သေးငယ် သွားစေမည် ဖြစ်သည်။

ယနေ့ အရှေ့အလယ်ပိုင်း ပဋိပက္ခများသည် နိုင်ငံကြီးများ၏ ပယောဂများ ကြီးမားစွာ ပါဝင်နေပြီး တစ်ချိန်က သန်စွမ်းနိုင်ငံ (Strong States) များမှသည် ယနေ့ ကျဆုံးနိုင်ငံ (Failed States) များ ဖြစ်ခဲ့ ကြရသည်မှာ နိုင်ငံကြီး အချို့၏ အကျိုးစီးပွား အတွက် အခြား နိုင်ငံများကို မညှာမတာ ရက်စက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံများစွာကို ပြည်တွင်းစစ် မီးဟုန်းဟုန်း တောက်စေခဲ့သည်။

ပြည်တွင်းစစ်သည် နာတာရှည်ဖြစ်၍ ထိုနိုင်ငံကောင်းစွာ မတိုးတက်နိုင်တော့၊ နိုရီရေးဂါး၊ ကဒါဖီတို့သည် တစ်ချိန်က နိုင်ငံကြီးတစ်နိုင်ငံ၏ တပည့်များ ဖြစ်ခဲ့ကြပြီး၊ ထိုနိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်အဖြစ်သို့ရောက်အောင်ပင် တင်ပေးခြင်း ခံခဲ့ရသူများ ဖြစ်သည်။ အမေရိကန်၏ အကျိုးစီးပွားကို ဆန့်ကျင် ခံလာခဲ့သော အချိန်တွင်မူ ထိုသူတို့ကို ဖြုတ်ချခဲ့သည်။

နိုင်ငံတိုင်းတွင် CIA မွေးမထားနိုင်သော နိုင်ငံရေးသမား မရှိချေ။ အလျဉ်းသင့်လျှင် ထိုသူတို့ကို ထိပ်ဆုံး ထိအောင် တွန်းတင် ပေးခဲ့တတ်ပြီး၊ ဆန့်ကျင်လျှင်လည်း ရက်ရက် စက်စက် ဖြုတ်ချတတ်သည်။ ရိုးရိုး ဖြုတ်မချ၊ ပြည်တွင်းစစ် အဆစ် ထည့်ပေးလိုက်သည်။

မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲရေးကို မြေစမ်းခရမ်းပျိုးဖြင့် ဆောင်ရွက် နေသော အချိန်ဖြစ်ပြီး၊ မြန်မာလူထုသည် မှန်ကန်သော ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ရန် အရေးကြီးသည်။ သို့မဟုတ်ပါက ခေါင်းဆောင် အရွေး မှားမှုကြောင့် မြန်မာ တစ်မျိုးသားလုံး၏ အနာဂတ်ဖြင့် အလဲအလှယ် ပြုလုပ်ရတတ်ပြီး၊ အနာဂတ် မျိုးဆက်သစ်များ အတွက် ကြေကွဲဖွယ်ရာ ဇာတ်လမ်း တစ်ခု ထားပေးခဲ့သလို ဖြစ်သွားပါလိမ့်မည်…။


နေဇင်လတ်
Yi Swe Aye (FB)

0 comments:

Post a Comment