ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်ရင် ကြားစေ့ရေးဆွေးနွေးပွဲ တက်ရောက်လာ ကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များ၊ လူထုအခြေပြု အဖွဲ့အစည်းမှခေါင်းဆောင်များ၊ လေ့လာ သူများ အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်။ဒီနေ့အစည်းအဝေးဟာ Deed of Commitment ကိုလက်မှတ်ရေးထိုးကြတဲ့ ကိုယ်စားလှယ်များအကြားသဘောတူလက်မှတ်ရေးထိုးထားခဲ့ကြတဲ့ ကတိက ၀တ်တွေကို စာရွက်ထဲမှာဘဲ မထားရှိဘဲ အမှန်တကယ် "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြု ချက်" ကို ဘယ်ကစပြီး အကောင်အထည်ဖော်မလဲဆိုတာ တိုင်ပင်ဆွေးနွေးတဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်။
Deed of Commitment ကတိပြုချက်ရဲ့ အမှတ်စဉ် (၃)မှာ "နိုင်ငံရေးဆွေးနွေးပွဲများကိုအလျင် အမြန်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရန်" လို့ ပါ ပါတယ်။ အလျင်အမြန် ကျင်းပနိုင် ဘို့ဆိုရင် Framework for Political Dialogue ကို အခု ကတည်းက ညှိနှိုင်းမှုပြုထားမှ တော်ကာ ကျမယ်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးဆွေးနွေးပွဲများ အလျှင်အမြန်ကျင်းပနိုင်ရေး ဆိုတဲ့ကတိပြုချက်ကို အကောင်အထည် ဖော်တာဘဲဖြစ်ပါတယ်။
Deed of Commitment ရဲ့ အမှတ်စဉ် (၄)မှာ "နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ ပဏာမ နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေရွေး ကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်" ဆိုတဲ့အချက်မှာပါတဲ့ "မူဘောင်" ရရှိရေးအတွက် "အချိန်"နဲ့ ပါတ်သက်တဲ့ အခက်အခဲကိုကျော်လွန်နိုင်အောင် အကောင်အထည်ဖော်နိုင်ရေး လမ်းစရှာတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။
ဒါကြောင့် Deed of Commitment ရဲ့ ကနဦး ပူးပေါင်းအကောင် အထည်ဖေါ်မှုအနေနဲ့ ယခု ဆွေးနွေးပွဲမှ နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရန်လိုအပ်တဲ့ မူဘောင်ရရှိရေးဆိုင်ရာ သဘော ထားကိုလည်း ညှိနှိုင်းသွားနိုင်ရင် သင့်တော်မယ်လို့ ပြောကြားလိုပါတယ်။ နိုင်ငံရေး မူဘောင် ရရှိရေး ညှိနှိုင်းမှုဆိုင်ရာ အခုလိုအစည်းအဝေးမျိုးဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ပြုရန်ဖြစ်ပြီး၊ လွှမ်းမိုးသွားရန် အတွက်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။
ဒီလိုဆွေးနွေးပွဲမျိုးတွေဟာ Deed of Commitment ကိုအကောင်အထည်ဖော်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်၊
၁။ နှစ်ပေါင်း (၆၀) ကျော် သွေးထွက်သံယိုလက်နက်ကိုင်တိုက်ပွဲဖြင့် ရရှိခဲ့သည့် ရလဒ်များနဲ့၊ နောက်ဆက်တွဲ အကျိုးဆက်များကို ကျွနု်ပ်တို့အားလုံးရဲ့ ဘ၀အတွေ့အကြုံများက သက်သေ ထူပြီး ဖြစ်ပါတယ်။ အဲဒီနည်းမှာ အားလုံးမပါဝင်နိုင်သလို၊ ပါဝင်သင့်ပါဝင်ထိုက်သူများလည်း မပါဝင်နိုင်ခဲ့ကြပါ။ နာကျင်ရ သူများနဲ့ အသာရသူအနည်းစုကိုသာ ဖန်တီးဖြစ်ပေါ်စေပါတယ်။ ဒီနည်းနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်ထွန်းကားပေါ်ပေါက်ရန်လမ်းမမြင်ပါ။ မယုံကြည်ပါ။
၂။ ဒါကြောင့် သွေးထွက်သံယိုမှုမရှိတဲ့ နိုင်ငံရေးတိုက်ပွဲလမ်းကြောင်းနဲ့သာ မိမိတို့လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်ရရှိအောင်လုပ်ဆောင်ခြင်းသည်သာလျင် နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသမီး၊ ကျောင်းသား၊ လူငယ်များ၊ လူထုလူတန်းစား၊ အားလုံးပါဝင်နိုင်ပါမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရာမှာ အားလုံးပါဝင်နိုင် ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး နည်းလမ်းမှန်ဖြစ်ပါသည်။
အားလုံးပါဝင်ကြရာမှာလည်း တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံကြရမှာဖြစ်ပါတယ်။ ဒီအခြေခံတွေကို ယခုအချိန်မှစတင်လျက် နားလည်မှုများရယူ၊ တည်ဆောက်ထားကြဘို့ လိုအပ်ပါတယ်။
ဒီနားလည်မှုများမှ ရရှိလာစေမယ့် အခြေခံကောင်းများကို နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများစသည့် အသီးသီးကရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်များတွင် ထည့်သွင်း ပါဝင်နေပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မိမိတို့တစ်စု၊ တစ်ဖွဲ့တည်းအတွင်းမှာ လျို့ဝှက်မထားကြဘဲ ဆွေးနွေးဖလှယ်ထားရန် လိုအပ်နေပါတယ်။ ဒါကြောင့် မိမိတို့ တိုင်းပြည် ကောင်းကျိုးအတွက် အချိန်ဆွဲမနေကြဘဲလျက် ညှိနှိုင်း စုစည်းကြပါရန် တိုက်တွန်းလိုပါတယ်။
ညှိနှိုင်းဆွေးနွေးကြရာမှာလည်း မိမိတစ်ဘက်တည်းအသာစီးရမယ့် အရှုံး၊ အနိုင် ရလဒ်မျိုး ရရှိရေးအတွက်မဟုတ်ဘဲ အားလုံးအတွက် ကောင်းကျိုးရစေရန် ဦးတည်တဲ့၊ ဘုံရည်မှန်းချက် ပန်းတိုင်ကိုဦးတည်ပြီး အားလုံးနဲ့ သဟဇာတရှိတဲ့ ရလဒ်ပေါ်ပေါက်ရေး လုပ်ဆောင်ကြစေလို ပါတယ်။
နိဂုံးအနေဖြင့် ဘက်ပေါင်းစုံက မှန်ကန်စွာပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးဖြစ်စဉ်များအား စဉ်ဆက်မပြတ်ဖော်ထုတ်ကြပါ။ ကတိက၀တ်တွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ယဉ်ကျေးမှုကိုတည်ဆောက်ကြပါ။ အားလုံးနဲ့ သဟဇာတဖြစ်တဲ့ ရလဒ်ကောင်း ထွက်ပေါ်ရေးဦးတည်ကြပါ၊ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ "ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး" ကိုဦးတည်တဲ့ မူဘောင်ရရှိရေးကိုအခြေခံပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းကြပါ လို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
Myanmar Peace Center

0 comments:
Post a Comment