Monday, October 14, 2013

ငါ့ကို ခေါ်သွားပေးကြပါ (ဇာတ်သိမ်းပိုင်း) (ကြောက်တက်သူများမဖတ်ရ)

Photo: Sweet dream
အခန်း - ၂

လမ်းထိပ်ရောက်ပြီးလူတွေတွေ့မှ သုံးယောက်သားအမောဖြေရင်း
“ ဟူး..တော်တော်ကြမ်းတာပဲ.. မလွယ်ဘူးဟ.. ငါတို့ကိုဒေါသထွက်နေသလိုပဲ.. ငါတို့လည်း ဘာမှမလုပ်ဘဲနဲ့.. တော်ပြီကွာ.. သူဌေးအလာကို ဒီလမ်းထိပ်ကပဲစောင့်တော့မယ်.. ဆေးပုံးတွေထားခဲ့လို ဆူလည်း ဆူပါစေတော့ကွာ.. ငါတော့ နောက်တစ်ခေါက် ဒီတိုက်ရှေ့ကိုသွားကိုမသွားရဲတော့ဘူး…”
“ ငါလည်းတစ်ခါမှမကြုံးဖူးပါဘူး.. ကြည့်ရတာ သူဒီတိုက်မှာနေတာကြာပြီထင်တယ်နော်.. ငါတို့လာတာ မကြိုက်ဘူးထင်တယ်..”

“ ဟေ့ကောင်တွေ..တော်ကြတော့ကွာ.. အခုမှလမ်းထိပ်ပဲရှိသေးတယ်..တော်ကြာ မင်းတို့အဘလိုက်လာမှ ပတ်ပြေးနေရအုန်းမယ်.. အခုထိမျက်စိထဲပြေးမြင်ပြီး ကြက်သီးထရတဲ့အထဲ မင်းတို့ကတမှောက်.. “
အဖြစ်အပျက်ကိုဝေဖန်နေကြသော မောင်မောင်နဲ့ မိုးကျော်ကို အောင်ကြီး ဟောက်လိုက်သည်။ သူလည်း အကြောက်မပြေသေး။
အလုအယက်ပြေးထွက်သွားကြသော လူသုံးယောက်ကိုကြည့်ရင်း ထိုက်အောင်ရယ်ချင်လာသည်။
“ ဟားဟား မဆလာလေးတစ်ဖက်လောက်ကိုများ ကြောက်လို့ပြေးလိုက်ကြတာ တန်းနေတာပဲ.. ယောင်္ကျားတွေမဟုတ်ကြတဲ့အတိုင်းပဲ.. ငါ့ကိုထွက်ဖို့မကူညီတဲ့အကောင်တွေ မှတ်ပြီလား.. ဟားဟားဟား…”
နေစမ်းပါအုန်း.. ငါဘာလို့ ဒီတိုက်က ထွက်လို့မရတာလဲ.. တံခါးပိတ်ထားတယ်ဆိုလည်းထားပါတော့.. တံခါးလည်းမပိတ်ဘဲ ထွက်လို့မရဘူး ဆိုတော့ ထူးဆန်းနေပြီ.. ငါ ဘယ်လိုနေရာကိုရောက်နေတာလဲ.. နောက်ပြီး ငါကရော ဘာဖြစ်နေပြီလဲ.. အခုနောက်ပိုင်း ထိုက်အောင် စိတ်တွေပိုရိုင်းနေသည်ကို ကိုယ့်ကိုကိုယ် သတိထားမိသည်။ သို့သော် တစ်ချက်တစ်ချက် အသိစိတ်လေးပြန်ဝင်လာသောအချိန်တွင် အခြေအနေမှန်ကို ပြန်သုံးသပ်မိခြင်းဖြစ်သည်။ စိတ်ရိုင်းဝင်နေချိန်တွင်တော့ ဘာကိုမှမသိတော့ဘဲ အရိုင်းစိတ်ဖြင့် လုပ်ချင်ရာလုပ်မိသည်။ ဆောက်ပြီးကာစတိုက်ဖြစ်သောကြောင့် ကြွေပြားအပိုများ ဟိုတစ်စ ဒီတစ်စ ရှိနေသည်ကို အရိုင်းစိတ်ဝင်မိပြီးဆိုလျှင် လိုက်ခွဲမိပြီး ခုံတွေကိုလည်းတွန်းလှဲ ကန်ကျောက် လုပ်တတ်သည်။ ထိုကြောင့် တချို့ညဘက်များတွင် လူမနေသော ဒီတိုက်မှ အသံများကြားရသည်ဟု တချို့က ပြောကြလေသည်။
မကြာမှီ ဆေးသုတ်သောထိုင်းအလုပ်သမားများအဖွဲ့ ကားဖြင့် ရောက်လာကြလေသည်။ မောင်မောင်တို့ သုံးယောက်မှာ လမ်းထိပ်တွင်တွေ့သဖြင့် ဆေးပုံးများထားပြီး အပြင်ထွက်မှုဖြင့် သူဌေးအဆူခံရသေးသည်။ သို့သော်ထိုသုံးယောက်မှာ ဘယ်လိုခေါ်ခေါ်ပြန်မလိုက်တော့ဘဲ အလုပ်မှထွက်သွားလေသည်။
ဟော..လာကြပြန်ပြီ..နောက်တစ်ဖွဲ့.. ဒီလူတွေကိုတော့ သူအပြင်ထွက်လို့ရအောင်အကူအညီတောင်းကြည့် မည်ဟု ထိုက်အောင်စဉ်းစားမိသော်လည်း အနားရောက်လာသည်နှင့် ထိုင်းလူမျိုးအလုပ်သမားများ ဖြစ်သဖြင့် စိတ်ညစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ထိုက်အောင်အပြင်ထွက်ဖို့အရေး ကြိုးစားကြည့်ချင်သည်။ ထိုင်းလူမျိုး တွေကိုတော့ သူဌေးက ဘာပြောလိုက်သည်မသိ။ လည်ပင်းတွင်ဆွဲထားကြသော ဘုရားပုံကို အရင်ရှိခိုးပြီး ဆုတောင်းနေသည်ကိုတွေ့ရလေသည်။ ထို့နောက် ဘုရားပုံများကို အကျီင်္အပြင်ထုတ်ဆွဲလျက် ဆေးပုံးများလက်မှဆွဲကာ တစ်ယောက်ပြီးတစ်ယောက် တိုက်ထဲသို့ဝင်လာလေသည်။
“ ဟေ့လူတွေ..ဟေ့လူတွေ.. “
ထိုက်အောင် ဘယ်လိုခေါ်ခေါ်မကြားသည်နှင့် လူတစ်ယောက်ကိုလှမ်းဆွဲလိုက်သည်။ သို့သော် ထိုသူအသားမထိခင် ထိုက်အောင်ရင်ထဲ တုန်လှုပ်ခြောက်ခြားလာသဖြင့် လက်ကိုပြန်ရုတ်လိုက်ရသည်။ ဘယ်လိုဖြစ်မှန်းမသိ။ ထိုသူများအနားသို့ပင် ထိုက်အောင် ကပ်လို့မရဖြစ်နေသည်။ အနားကပ်လိုက် သည်နှင့် တစ်စုံတစ်ရာကိုကြောက်ရွံ့စိတ်ပေါ်လာသည်။ သို့သော် တိုက်အတွင်း သူတို့သွား လေရာ ထိုက်အောင်လိုက်သည်။ ထိုင်းအချင်းချင်းလည်း ဘာတွေပြောကြသည်မသိ။ သို့သော် သူတို့မျက်လုံးတွင်လည်း တစ်စုံတစ်ရာကိုကြောက်ရွံ့နေသလို ဟိုကြည့်ဒီကြည့်ဖြစ်နေကြလေသည်။ ဆေးသုတ်ရမည့်အထပ်များမှ အခန်းတွေကိုလိုက်ကြည့်ရင်း ထိုက်အောင်နေထိုင်ရာ လေးလွှာသို့ရောက် လာကြသည်။ လေးလွှာလှေခါးမှတက်လာချိန်မှစ၍ ထိုင်းအလုပ်သမားများ အပုတ်နံ့စူးစူးတစ်ခုကိုရ၍ နှာခေါင်းကိုလက်နှင့်ပိတ်လိုက်ကြပြီး မရဲတရဲဖြင့်တက်လာကြလေသည်။ တွေ့ပါပြီ.. ထိုက်အောင်နေသောအခန်း သို့မဟုတ် ထိုက်အောင်သေဆုံးခဲ့သောအခန်း … ကြမ်းပြင်တွင် ခြောက်သွေ့ နေပြီဖြစ်သော သွေးကွက်ညိုညိုတစ်ခု၊ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ပန်းရံအသုံးအဆောင်များ… ဒီအခန်းထဲ မည်သူတစ်ဦး တစ်ယောက်မှဝင်တာ ထိုက်အောင်မကြိုက်… ဒီတိုက်တစ်ခုလုံးမှာ.. နောက်ဆုံး ဒီကမ္ဘာပေါ်မှာ ဒီတစ်နေရာတည်း သူပိုင်ဆိုင်သောနေရာလေးလေ… ရုတ်တရက်အရိုင်းစိတ်ဝင်လာသည်နှင့် စိတ်ထဲမှပေါ်လာသည့်အတိုင်း လှေခါးလက်ရမ်းကို တ၀ုန်းဝုန်းထုရိုက်လိုက်သည်။ ထိုအချိန်တွင် တ၀ုန်းဝုန်း မြည်သံများကြောင့် ကြောက်လန့်နေကြစဉ် အသံတစ်သံကြားလိုက်ရလေသည်။
ခွမ်း.. ခွမ်း..
ဟင်.. ဒါ ကြွေပြားတွေကို တစ်ယောက်ယောက်ခွဲနေတဲ့အသံပါလား.. အသံလာရာသည် လှေခါးဘက်မှဖြစ်သဖြင့် သွားကြည့်ကြရာ လှေခါးတစ်လျှောက် ကြွေပြားအပိုင်းအစများ ဟိုတစ်စ ဒီတစ်စ တွေ့လိုက်ရလေသည်။ ထိုအခိုက် လှေခါးတလျှောက် တဒုံးဒုံး အသံဖြင့် အရာဝတ္တုတစ်ခု လိမ့်ဆင်းလာသံကိုကြားလိုက်ရလေသည်။ နီးလာသောအခါ ထိုလိမ့်ဆင်းလာသောအရာမှာ ပန်းရံအသုံးပြုရာသောအခါ ဘိလပ်မြေဖျော်ရာတွင်သုံးသော ဒယ်ဒိုးတစ်လုံးဖြစ်နေသည် ကိုတွေ့လိုက်ရသည်။ များမကြာမှီ နံဘေးမှ လှေခါးလက်ရမ်းတစ်ခုလုံး တ၀ုန်းဝုန်းလှုတ်ခတ် လာသည်ကိုတွေ့ရသောအခါ အူယားဖားယားဖြင့် ပြေးဆင်းကုန်ကြတော့သည်။ ထိုနေ့မှစ၍ နောက်တစ်ပတ်အထိ မည်သည့်အဖွဲ့ကမှ ထိုခြောက်ခြားစရာကောင်းလှသော တိုက်ကို ဆေးမသုတ်ရဲကြတော့ချေ။ နောက်ဆုံး အတွေ့အကြုံရှိပြီး ၀ါရင့်ဆေးသုတ်အဖွဲ့ဖြစ်သော ဘကြီးမောင် တို့ဆေးသုတ်အဖွဲ့ကို လစာတိုး၍ ခေါ်ယူရလေသည်။


ဘကြီးမောင်တို့ဆေးသုတ်အဖွဲ့သည် မြန်မာလူမျိုးဆယ်ယောက်ဖြင့်ဖွဲ့စည်းထားပြီး တစ်ဖွဲ့လုံး တက်ညီလက်ညီဖြင့် စုစုစည်းစည်းတည်ထောင်ထားသော ဆေးသုတ်အဖွဲ့ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သော ဘကြီးမောင်မှာလည်း လုပ်သက်အတွေ့အကြုံများပြီး ဘာသာတရားလိုက်စားသောလူတစ်ယောက်ဖြစ် သောကြောင့် တစ်ဖွဲ့လုံးကအားကိုးလေးစားကြလေသည်။ သို့သော် ဘကြီးမောင်တို့ဆေးသုတ်အဖွဲ့က ဈေးလျော့ပေးသော သူဌေးများအလုပ်ကိုမလုပ်ကြ။ ဘကြီးမောင်ကိုယ်တိုင်၏ခံယူချက်က လုပ်အားနှင့်ထိုက်တန်သော လုပ်ခရမှသာ လုပ်သင့်သည်ဟု ခံယူထားသည်။ အလုပ်ပြီးဆုံးသည့် ရက်ချိန်းမှန်ခြင်း၊ အလေအလွင့်နည်းပါးခြင်း၊ အလုပ်သေသပ်ပြီး စည်းစနစ်ရှိခြင်းတို့ကြောင့် ဆေးသုတ်သမားလောကတွင် နာမည်ရနေသောအဖွဲ့တစ်ခုဖြစ်လေသည်။ အခုလုပ်ရမည့်အလုပ်က တိုက်ဆေးသုတ်ရုံတင်မက တိုက်တွင်အစောင့်သဘောမျိုးဖြစ်နေသော ပရလောကသားနှင့်ပါ ဆက်ဆံရမည့်ကိစ္စဖြစ်နေသဖြင့် အစီအစဉ်များကို စနစ်တကျ ကြိုတင် စီစဉ်ရလေသည်။ ပထမဦးစွာ ဆေးသုတ်မည့်အဖွဲ့သားများကို တိုက်ဆေးမသုတ်မှီ ရက်အနည်းငယ် ကြိုတင်၍ သတ်သတ် လွတ်စားစေခြင်း၊ ငါးပါးသီလခံယူစေခြင်း၊ မေတ္တာပို့အမျှဝေခြင်းများကို ပြုလုပ်စေသည်။ အထူးသဖြင့် တိုက်တွင်သေဆုံးသွားသော မကျွတ်မလွတ်သေးသူကို အထူးရည်ရွယ်အမျှဝေစေသည်။ ထို့နောက် ဒီတိုက်တွင်သေဆုံးသွားသူ၏ အမည်နှင့် နောက်ကြောင်းရာဇ၀င်ကို သေချာစွာ စုံစမ်းစေသည်။ ကံကောင်းသည်ကား ထိုက်အောင်သူငယ်ချင်း ညိုကြီးမှာ ဘကြီးမောင်၏ တူဖြစ်နေသည်။ ထို့ကြောင့် ဒီတိုက်ကို ဘကြီးမောင်တို့အဖွဲ့စလုပ်မည်ဟုသတင်းကြားကတည်းက အခြောက်အလှန့် ကြမ်းတမ်းသော ဒီတိုက်၏ရာဇ၀င်ကို သေချာစွာပြောပြထားလေသည်။


ယနေ့မနက်မိုးလင်းကတည်းက ကောင်းကင်တစ်ခုလုံး တိမ်ညိုတွေ ဖုံးအုပ်နေသည်။ မိုးတော့မရွာသေး။ ဒီနေ့အလုပ်စလုပ်ရန် သူဌေးကိုအကြောင်းကြားထားကမှ မိုးက အုံ့နေသည်။ သို့သော် မိုးမရွာသေးသည်ကို ပင်ကျေးဇူးတင်နေရသည်။ မနက်စောစောအလုပ်လုပ်ရန် စထွက်သည်ဆိုကတည်းက အဖွဲ့သားများအတွက် ပရိတ်ချည်မန်းများ၊ ပရိတ်ရေများကိုသောက်စေခဲ့သည်။ တိုက်ရှေ့တွင် ဘကြီးမောင် ဦးစီးသော ဆေးသုတ်သမားအဖွဲ့ လူစုံနေပေပြီ။ သို့သော် တိုက်တွင်းမ၀င်သေးဘဲ ထိုက်အောင်အတွက် မေတ္တာပို့နေသည်။ တိုက်ကိုမြင်လိုက်ကတည်းက မကောင်းသောအငွေ့အသက်တစ်ခုရနေသဖြင့် အထူးသတိထားဆောင်ရွက်နေရခြင်းဖြစ်သည်။ ဆေးပုံးများကိုတော့ ယူလာစရာမလို။ အရင်အခေါက်က ဆေးပုံးများ တိုက်ထဲထည့်ပြီး မသုတ်ရသေးသဖြင့် ဒီအတိုင်းရှိနေသောကြောင့်ဖြစ်သည်။ တံခါးဖွင့်ပြီးသည်နှင့် ပထမဦးစွာ ဘကြီးမောင်တစ်ယောက်တည်းဝင်သွားသည်။ ထိုအချိန်တွင် ထိုက်အောင် လည်း ဘကြီးမောင်ရှေ့သို့ရောက်နေပေပြီ။ အဘယ်ကြောင့်မှန်းမသိ.. ဘကြီးမောင်ကို မြင်လိုက်ကတည်းက ထိုက်အောင်ရင်ထဲ အရိုင်းစိတ်တို့ပျောက်ဆုံးကာ အေးချမ်းနေသည်။ ဘကြီးမောင်က လှေခါးရင်းတွင် မတ်တပ်ရပ်လျက်
“ ဒီတိုက်မှာ နေထိုင်ကြသော စောင့်ရှောက်ကြသော ပရလောကသားများခင်ဗျာ.. အဘတို့အဖွဲ့ဟာ ဒီတိုက်ပိုင်ရှင်သူဌေးရဲ့ခွင့်ပြုချက်နဲ့ ဒီတိုက်ကိုဆေးလာသုတ်ခြင်းဖြစ်ပါတယ်.. ဒါကြောင့် အဘတို့အဖွဲ့ ကိုအနှောင့်အယှက်မပေးဘဲ ကြည်ကြည်ဖြူဖြူခွင့်လွတ်ပေးကြပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်… အဘတို့ကလည်း ဒီတိုက်မှာနေထိုင်သူအပေါင်းကို အမြဲမေတ္တာပို့အမျှဝေပေးနေပါ့မယ်… အဘပြောတာ သဘောတူတယ် ခွင့်ပြုတယ်ဆိုရင် သိသာထင်ရှားအောင်ပြပေးပါ..”
ဘကြီးမောင် စကားသံဆုံးသော်လည်း ဘာမှထူးခြားမလာပေ။ အဘယ့်ကြောင့်ဆိုသော ထိုက်အောင်မှာ ပရလောကမှာသူနှင့်မဆိုင်သလို မကြားချင်ယောင်ဆောင်နေသောကြောင့်ဖြစ်သည်။ သူသိတာက အပြင်လောကကိုရောက်ဖို့.. ဘကြီးမောင်ပြောနေချိန်တွင်လည်း အပြင်ထွက်ဖို့ပဲ ကြိုးစားနေလေသည်။ ထို့ကြောင့် ဘကြီးမောင် မျက်မှောင်ကျုတ်သွားသည်။ ဘာမှ ထူးခြားသောလက္ခဏာမပြ။ ဘကြီးမောင်၏ အတွေ့အကြုံအရဆိုလျှင် တစ်ခုခုထူးခြားမှုပြကို ပြရမည်။ ယခုတော့… ဘကြီးမောင် ထပ်ပြောလိုက်သည်။
“ အဘပြောတာ အမှားပါရင် တောင်းပန်ပါတယ်.. ဒီတိုက်မှာ မောင်ထိုက်အောင် ဆိုတဲ့သူတစ်ယောက် ရှိပါသလား..”
မထူးတော့။ တည့်တည့်ပြောမှဖြစ်တော့မည်။ ကြည့်ရတာ ထိုက်အောင်တစ်ယောက် သူသေတာ မသိသေးတာ ဖြစ်နိုင်သည်။ ထိုအမျိုးအစားသည် သူတို့ကိုယ်သူတို့ ပရလောကရောက်နေသော်လည်း ဘာမှမဆိုင်သလိုနေတတ်ကြသည်။ သူ့နာမည်ခေါ်သံကြားသည်နှင့် ထိုက်အောင်လှည့်ကြည့်လိုက်သည်။ ဒီလူ ငါရှေ့မှာရှိနေလျက်နဲ့ ငါနာမည် ဘာလို့ခေါ်နေတာလဲ..
“ ကျုပ် ဒီမှာပဲ..”
ဘကြီးမောင်နှာခေါင်းထဲတွင် အပုတ်နံ့ထောင်းခနဲရလိုက်သော်လည်း သေချာအောင်ထပ်မေးလိုက်သည်။
“ မောင်ထိုက်အောက် ရောက်ပါပြီလား ..”
ဒီလူ နားမကြားဘူးထင်တယ်.. ဒေါသထွက်ထွက်နှင့် လှေခါးသံလက်ရမ်းကြီးကို တ၀ုန်းဝုန်း ဆွဲလိုက်သည်။
“ ၀ုန်း ၀ုန်း ၀ုန်း ..”
“ ဟာ အထဲမှာ ဆူညံနေတာပဲ.. အဘတစ်ခုခုဖြစ်လို့လား မသိဘူး.. ငါတို့ဝင်ကြည့်မှ..”
ပြောပြောဆိုဆို ဘကြီးမောင်၏ အဖွဲ့သားများ တိုက်တွင်းဝင်ရန်ကြိုးစားလိုက်သည်။ သို့သော် အထဲဝင်ရန် ကြိုးစားနေသော အဖွဲ့သားများကို ဘကြီးမောင်လက်ကာပြလိုက်ပြီး
“ မင်းတို့အပြင်မှာပဲ နေအုန်း.. ငါ ခွင့်တောင်းနေတာ မပြီးသေးဘူး .. ငါ ဘာမှမဖြစ်ဘူး.. စိတ်မပူကြနဲ့.. အပြင်ကပဲ စောင့်နေကြ..”
ဟု ပြောလိုက်သဖြင့် အားလုံးအပြင်ပြန်ထွက်သွားကြသည်။
“ အင်း.. မောင်ထိုက်အောင်ရောက်နေပြီဆိုတာ သိလိုက်ရပါပြီ.. ဒါကြောင့် မောင်ထိုက်အောင် ဒီတိုက်မှာ အဘတို့အဖွဲ့ဆေးသုတ်တာကို ခွင့်ပြုပေးပါ.. မောင်ထိုက်အောင်မှာ အခက်အခဲရှိရင် ပြောနိုင်ပါတယ်.. အဘတို့အဖွဲ့ကို မောင်ထိုက်အောင်အလုပ်လုပ်ခွင့်ပြုရင် တစ်ခုခုအချက်ပြပါ..”
ထိုက်အောင် အသိစိတ်ထဲတွင် သူ့ကိုလေးလေးစားစားခွင့်တောင်းနေသဖြင့် ကျေနပ်သွားသည်။ နောက်ပြီး တနည်းနည်းဖြင့် ဒီတိုက်ကလွတ်အောင် သူတို့ကူညီနိုင်လိမ့်မည်ဟု ယုံကြည်လျက် စောစောကအတိုင်း လှေခါးသံလက်ရမ်းကို လှုတ်ပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ်.. မောင်ထိုက်အောင်.. လိုအပ်ဆန္ဒတွေပြည့်ဝပြီး အမြင့်ဘုံဘ၀ကို အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. အဘတို့အဖွဲ့မှာ စုစုပေါင်း လူဆယ်ယောက်ရှိပါတယ်..ကဲ အပြင်ကလူတွေ လာကြတော့ဟေ့..အလုပ်မလုပ်ခင် မောင်ထိုက်အောင်ကို အရင်ဆုံး မိတ်ဆက်လိုက်ကြအုန်း ..”
ထို့နောက်တစ်ယောက်ချင်းဆီကို လှေခါးဘက်မျက်နှာမူစေလျက် နာမည်ပြောခိုင်းစေသည်။ ထိုက်အောင် ကျေနပ်သွားသည်။ လူတွေနဲ့ဖော်ဖော်ရွေရွေ မနေရတာ ကြာပြီးမဟုတ်ပါလား.. သူကို လူတွေအရေးမလုပ်တာ တော်တော်ကြာခဲ့ပြီလေ.. အပြင်ဘက်မထွက်ရသော်လည်း ခင်စရာကောင်းသည့် ဒီလူသိုက်ကို ဆေးသုတ်ခွင့်ပြုလိုက်ဖို့ ထိုက်အောင်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် လှေခါးပေါ်သို့တ၀ုန်းဝုန်းပြေးတက်သွားသည်။
“ ၀ုန်း ၀ုန်း ၀ုန်း.. “
“ ဟာ .. ဘကြီးမောင် .. သူမကျေနပ်လို့များလား..”
“ မဟုတ်ဘူးကွ.. .ငါတို့က သူ့ကိုလေးလေးစားစားဆက်ဆံလိုက်လို့ ကျေနပ်သွားတာ.. ကဲ .. ငါတို့ လုပ်စရာရှိတာလုပ်ကြရအောင်ဟေ့.. သြော်.. ထမင်းစားချိန်ရောက်ရင် ဟိုကိစ္စ ငါ့ကို သတိပေးအုန်းနော်.. “
“ ဟုတ်ကဲ့ ဘကြီးမောင်..”
“ ကဲ လာဟေ့.. လုပ်စရာရှိတာ စလုပ်ကြရအောင်..”
ပြန့်ကျဲနေသော ဆေးပုံးများကိုကောက်ယူပြီး အလုပ်စလုပ်ကြလေတော့သည်။ နေ့လည် ထမင်းစားချိန်သို့ ရောက်သောအခါ
“ ဘကြီးမောင်ရေ.. ဟိုကိစ္စလုပ်ရအုန်းမယ်လေ.. “
“ အော် အေးအေး.. မင်းလိုက်အုန်းမလား..”
“ မလိုက်တော့ဘူး ဘကြီးမောင်.. ကျွန်တော် နဲနဲကြောက်တတ်တယ်..”
“ ငါသိပါတယ်ကွာ.. မင်းကြောက်တတ်တာ သိလို့ ငါကလည်းစလိုက်တာပါ.. ကဲ ငါသွားမယ်..”
ဘေးမှ သေချာစွာထုတ်ပိုးထားသော အမဲသားထုပ်ကိုလက်ကဆွဲလျက် ဘကြီးမောင်တစ်ယောက်တည်း လေးလွှာသို့တက်လာခဲ့သည်။ ထိုက်အောင်သေဆုံးသွားသောအခန်းရှေ့တွင် မတ်တပ်ရပ်လိုက်ရင်း
“ မောင်ထိုက်အောင်ရေ.. အဘတို့မင်းအလုပ်လုပ်ခွင့်ပြုတာကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းအတွက် စားစရာတစ်ခုစီစဉ်ခဲ့တယ်.. အဘကိုဝင်ခွင့်ပြုပါ..”
ဘကြီးမောင် စကားဆုံးသည်နှင့် ပိတ်ထားသောတံခါးက ၀ုန်းခနဲ ပွင့်သွားသည်။ အခန်းထဲမှာ ညစ်ပတ်ပြီး တစ်ခုခုပုတ်သောအနံ့ထွက်နေသည်။ နေရာတိုင်းတွင်လည်း အင်္ဂတေစတို့ပြန့်ကျဲနေပြီး ၀ရံတာမှာတော့ ပန်းရံအသုံးပြုရာတွင် သုံးသောလှေခါးလေးတစ်ခုလဲနေသည်။ မလှမ်းမကမ်းတွင် ညိုညိုအကွက်တစ်ခု.. ထိုက်အောင်တစ်ယောက် ဒီအခန်းလေးထဲမှာပဲ ရက်ပေါင်းများစွာနေခဲ့ရရှာတာပါလား.. ဟုတွေးရင်း ဘကြီးမောင် စိတ်မကောင်းဖြစ်သွားသည်။
“ ရော့.. မောင်ထိုက်အောင်.. အဘတို့က ချမ်းသာလို့မဟုတ်ပါဘူးကွာ.. မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ ရယ်.. နောက်ပြီး မင်းအဖြစ်ကို စာနာလို့ကျွေးတာပါ.. ဒါပေမယ့် အမြဲတမ်းတော့ အဘတို့မတတ်နိုင်ပါဘူး.. နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါတော့ လာကျွေးပါ့မယ်.. အဘတို့အလုပ်ကိုလည်း အနှောင့်အယှက်မပေးဘဲ ကူညီဆောင်ရွက်ပေးပါ..”
ဘကြီးမောင်ကို ထိုက်အောင် ကျေးဇူးတင်နေသည်။ သူလည်း ကြွက်တွေချည်းစားနေရတာ ငြီးငွေ့နေပြီး မဟုတ်ပါလား.. အသားများကို ချက်ပြုတ်စားရသည်ကို မနှစ်သက်တော့ဘဲ အစိမ်းသာစားချင်နေမိသည်။ အမဲသားထုပ် ချပြီးသည်နှင့် ဘကြီးမောင် အခန်းတံခါးကိုပိတ်ကာ အပြင်ထွက်ဟန်ပြုပြီး အခန်းထဲကို ချောင်းကြည့်လိုက်ရာ အမွှေးအမျှင်များဖြင့်ပြည့်နှက်နေသော လက်မဲမဲကြီးတစ်ခု ၀ရံတာမှထွက်လာပြီး အမဲသားထုပ်ဆွဲသွားသည်ကိုတွေ့လိုက်ရတော့သည်။ သက်ပြင်း အသာချလိုက်ရင်း အင်း ထိုက်အောင်တစ်ယောက် သရဲဘ၀တင်မဟုတ်တော့ဘဲ သဘက်ဟုခေါ်သော ပြိတ္တာဘုံတစ်ခုရောက်နေပြီ ဖြစ်ကြောင်း စိတ်မကောင်းစွာ တွေးတောမိသွားလေတော့သည်။


အချိန်ကြာလာသည်နှင့်အမျှ ထိုက်အောင်နှင့် ဘကြီးမောင်တို့ဆေးသုတ်သမားအဖွဲ့ ခင်မင်နေချေပြီ။ အလုပ်သမားများဆိုလျှင် ထိုက်အောင်နေသောအခန်းကို သွားပုတ်ပြီး
“ ကိုထိုက်အောင် ပျင်းနေတယ် ဆိုရင် ကျွန်တော်တို့နဲ့ ဆေးလာသုတ်ပါလား..” ဟု စနောက်သောအချိန်များ တွင် ထိုက်အောင်ကလည်း သဘောကျစွာ အခန်းထဲမှ တ၀ုန်းဝုန်း ပြန်ပုတ်ပြသည်။ နောက်နေ့တွင်လည်း ဆေးမသုတ်ရသေးသော နံရံများတွင် ဆေးသုတ်လိမ်းထားသည်ကိုတွေ့ရပြန်သည်။ အလုပ်သိမ်းလို့ ပြန်ခါနီးတွင်လည်း
“ ကိုထိုက်အောင်ရေ.. ကျွန်တော်တို့တော့ ပြန်အုန်းမယ်.. အချိန်မရတော့လို့ ဆေးပုံးတွေ သိမ်းပေးပါအုန်းနော်.. “ ဟု ဆိုလျှင် နောက်နေ့ အလုပ်ပြန်ဆင်းသောအချိန်တွင် ဆေးပုံးများ စီစီရီရီထား သည်ကိုတွေ့ရလေသည်။ တစ်ခါတစ်ရံ ထိုက်အောင်ကလည်း အလုပ်သမားများအလုပ်လုပ်နေချိန်တွင် ကျောကုန်းကို သူ့လက်ဝါးကြီးဖြင့် ပုတ်၍ စနောက်တတ်သည်။ ထိုအခါ အစခံရသော အလုပ်သမားများက ရုတ်တရက် လန့်သွားကြသော်လည်း စိတ်မဆိုးနိုင်ဘဲ
“ ဖြေးဖြေးစပါ.. ထိုက်အောင်ရယ်.. မင်းလုပ်တာနဲ့ အဆုတ်တွေကွာကုန်ပါအုန်းမယ်.. မင်းကလည်း ကြမ်းလိုက်တာ.. “ ဟု ပြန်ပြောကြလေသည်။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွား၍ တိုက်တစ်တိုက်လုံး ဆေးသုတ်ပြီးသွားပေပြီ။ သို့သော် နောက်ဆုံးအနေဖြင့် လေးလွှာမှ အခန်းကိုတော့ မည်သူ့ကိုမှမခိုင်းဘဲ ဘကြီးမောင်ကိုယ်တိုင် ဆေးသုတ်ခဲ့သည်။ တိုက်ဆေးသုတ်ပြီးသွားပြီး ဖြစ်သဖြင့် မနက်ဖြန်ဆိုလျှင် သူဌေးကိုတိုက်ပြန်အပ်ပြီး ဘကြီးမောင်တို့ အလုပ်ပြီးလေပြီ။ သို့သော် ဘကြီးမောင်နှင့် အလုပ်သမားများသည် မမြင်ရသော ပရလောကသားထိုက်အောင်အပေါ် သံယောဇဉ်တွယ်မိနေချေပြီ။ တိုက်ဆေးသုတ်နေချိန် အတောအတွင်း ထိုက်အောင်မှာ ပရလောကသားတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း အသိပေးလိုက်သည်။ သို့သော် ပထမတော့ ထိုက်အောင်တစ်ယောက်ဒေါသတကြီးဖြင့် ငြင်းဆန်နေသေးသည်။ သို့သော် ဘကြီးမောင် နားချ၍အသိတရားဝင်နေချိန်တွင် အကျိုးအကြောင်း ပြန်လည်ဆင်ခြင်မိသဖြင့် သူကိုယ်သူ ပရလောကသားအဖြစ်ခံယူလက်ခံခဲ့သည်။ ထိုက်အောင်အတွက် အကောင်းဆုံးဖြစ်အောင် တစ်ခုခုလုပ်ဆောင်ပေးသင့်သည်ဟု ဘကြီးမောင်ခံယူမိသည်။ ထို့ကြောင့် အဖွဲ့သားများအားလုံး ပြန်လွှတ်လိုက်ပြီး အဖော်တစ်ယောက်ခေါ်ကာ ထိုက်အောင်ရှိရာ လေးလွှာသို့တက်လာခဲ့သည်။
“ ဒေါက် ဒေါက်..” တံခါးကိုအသာခေါက်လိုက်ပြီး
“ ထိုက်အောင်.. အဘပါ.. အဘ၀င်လာခဲ့မယ်နော်.. “
ပြောပြောဆိုဆို အခန်းတွင်းသို့ဝင်လိုက်သည်။ အရင်ကဆိုလျှင် ဘကြီးမောင်ရောက်လာလျှင် ၀ရံတာပြတင်းပေါက်ကို တဒေါက်ဒေါက် ခေါက်ပြအသံပေး၍လည်းကောင်း၊ တံခါးကိုဝုန်းခနဲဆွဲဖွင့်၍ လည်းကောင်း၊ နံရံကို တ၀ုန်းဝုန်းထုပြီး အသံပေး၍ လည်းကောင်း နှုတ်ဆက်တတ်သည်။ ယခုတော့ အသံ အားလုံးတိတ်ဆိတ်လျက် ဘကြီးမောင်တို့မနက်ဖြန် အလုပ်နားရတော့မည်ကိုသိပြီး စိတ်မကောင်းဖြစ်နေ သည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။
“ မနက်ဖြန်ဆိုရင် အဘတို့အလုပ်မဆင်းရတော့ဘူး.. တိုက်ခန်းတွေအားလုံးလည်း ဆေးသုတ်ပြီးပြီဆိုတော့ အဘတို့အလုပ်ပြီးသွားပြီပေါ့.. ခုချိန်မှာ မောင်ထိုက်အောင် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ အဘသိပါတယ်.. ဒါကြောင့် အဘအနေနဲ့ ဒီနေ့မင်းကို နောက်ဆုံးအနေနဲ့ အစာလာကျွေးတာပါ.. အဘတို့တစ်ဖွဲ့လုံးလည်း မင်းနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေကြပါတယ်.. မင်းကိုလည်း ဒီဘ၀ကလွတ် အောင် အဘလုပ်ပေးချင်ပါတယ်.. “
ဘကြီးမောင် နံရံကိုမှီရင်း ထိုက်အောင်ကိုပြောနေလေသည်။ ဘကြီးမောင်တို့ အဖွဲ့သွားရမည်ဆိုတာ ထိုက်အောင် အလုပ်သမားတစ်ယောက်ပြောနေသံကြားရကတည်းက ထိုက်အောင်စိတ်မကောင်းဖြစ်နေ သည်။ ဘကြီးမောင်နှင့် စကားတွေအများကြီး ပြောချင်နေသည်။ သို့သော် ဘယ်လိုလုပ်ရမည် မသိ။ ထို့ကြောင့် ဘကြီးမောင် အခန်းဝရောက်ကတည်းက အရင်လိုနှုတ်မဆက်နိုင်ခြင်းဖြစ်သည်။ ထိုအခိုက် ဘကြီးမောင်ခေါ်လာသော အလုပ်သမားလေးမှာ တစ်နေရာကို ငေးငိုင်နေရာမှ ရုတ်တရက်ဆိုသလို ရှိုက်ကြီးတငင် ထငိုတော့သည်။ အခြေအနေမှန်ကို ရိပ်စားမိသော ဘကြီးမောင်က
“ မောင်ထိုက်အောင်လား..”
“ ဟုတ်ပါတယ် .. ဘကြီးမောင် .. ကျွန်တော်ထိုက်အောင်ပါ.. ဒီတိုက်ကြီးမှာ ကိုယ့်ကိုကိုယ် သေလို့သေမှန်းမသိ.. တစ်ယောက်တည်း နေခဲ့ရတဲ့ ထိုက်အောင်ပါ.. ကျွန်တော်မှာ အပေါင်းအသင်းနဲ့ ခင်မင်ရမယ့် လူတွေမရှိပါဘူး.. ဘကြီးမောင်တို့ ရောက်လာတော့ ကျွန်တော်အရမ်းကိုပျော်ခဲ့ရပါတယ်.. ကျွန်တော် အခုလိုဘ၀မျိုးရောက်နေတာ ကယ်တင်မယ့်သူ ဘယ်သူမှမရှိပါဘူး.. မြန်မာပြည်မှာ ကျွန်တော်ရဲ့ အမေနဲ့ ညီလေး ညီမလေးတွေ ရှိပါတယ်.. သူတို့ကိုလည်း အကြောင်းကြားပေးမယ့်သူ မရှိလို့ သူတို့လည်း ကျွန်တော့်အဖြစ်ကို မသိနိုင်ခဲ့ကြပါဘူး.. အခု ကျွန်တော်ခင်ရတဲ့ ဘကြီးမောင်တို့ အဖွဲ့သွားရတော့မယ် ဆိုတော့ ကျွန်တော် စိတ်မကောင်းလွန်းလို့ပါ… “
ဟု ငိုကြွေးရင်းပြောပြလေသည်။
“ အင်း.. မောင်ထိုက်အောင် စိတ်မကောင်းဘူး ဆိုတာ အဘသိပါတယ်.. ဒီတော့ နောက်ဆုံးအနေနဲ့ မင်း ဘာဖြစ်ချင်လဲ.. ဘာလုပ်ချင်လဲ.. အဘကိုပြောပါ.. အဘ အတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေးပါ့မယ်…”
“ ကျွန်တော် ဒီတိုက်မှာနေလာခဲ့တာလည်း ကြာပါပြီ.. ဖြစ်နိုင်ရင် ကျွန်တော့်ကို ခေါ်သွားပေးကြပါ.. ကျွန်တော် ဒီတိုက်ကလွတ်ချင်တယ်.. နောက်ပြီး ဒီဘ၀ကြီးမှာလည်း မနေချင်တော့ဘူး.. အဲဒါ ဒီဘ၀ကြီးကလွတ်မြောက်အောင်လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. နောက်တစ်ခုက တကယ်လို့ ကျွန်တော်ကိုလွတ်မြောက်အောင် လုပ်မပေးနိုင်ဘူး ဆိုရင် ဒီအဖြစ်အပျက်တွေကို အမေနဲ့ ညီလေး ညီမလေးတို့ကို ပြောပြပြီး ကျွန်တော့်အတွက် ဆွမ်းသွပ်ပေးကြပါ.. ညီလေး ညီမလေးတွေကိုလည်း အမေ့ကို ကိုကြီးကိုယ်စားစောင့်ရှောက်ပေးကြပါ… လို့ပြောပေးပါဗျာ.. ကျွန်တော့်အမေ နေတဲ့လိပ်စာက xxx မှာပါ..ဒါလေးတော့ ကူညီပေးပါ . အဘရယ်..“
“ အင်း.. မောင်ထိုက်အောင်ဖြစ်စေချင်တဲ့အတိုင်း အဘလုပ်ပေးပါ့မယ်.. ဒါပေမယ့် မောင်ထိုက်အောင် ဒီတိုက်က ဘာလို့ထွက်မရတာလဲ.. တစ်ယောက်ယောက်က စေခိုင်းထားလို့လား..”
“ မဟုတ်ပါဘူး .. အဘ.. ဒီတိုက်ကြီးရဲ့ ပတ်လည်မှာ ပရိတ်ချည်တွေ ကာရံထားပါတယ်.. အပြင်က ပရလောကသားတွေ အထဲမရောက်နိုင်သလို အထဲက ကျွန်တော်လည်း အပြင်ကိုထွက်လို့မရပါဘူး.. ကျွန်တော့်ကို အထဲကနေ အပြင်မထုတ်သေးဘဲ အစောင့်သဘောမျိုးထားပြီး ပိတ်ထားခဲ့ကြတာပါ.. “
“ ဖြစ်မှဖြစ်ရလေ ..မောင်ထိုက်အောင်ရယ်.. ကျန်တဲ့အစီအစဉ်တွေကို အဘဆက်လုပ် လိုက်မယ်နော်.. မောင်ထိုက်အောင်ဖြစ်စေချင်တဲ့အတိုင်းလည်း အားလုံးဖြစ်စေရမယ်… ကဲကဲ.. ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာကို ရည်စူးဦးချပြီးတော့ စိတ်ချလက်ချသာနေခဲ့တော့..”
ဘကြီးမောင်ပြောသည့်အတိုင်း ဦးချပြီးသည်နှင့် ဘကြီးမောင်ကိုလည်း ဦးချကန်တော့လိုက်သည်။
“ အေးအေး မောင်ထိုက်အောင် ဒီတိုက်က အမြန်ဆုံးလွတ်ပြီး ဒီထက်မြင့်မားတဲ့ ဘုံဘ၀ကို အမြန်ဆုံးရောက်ရှိနိုင်ပါစေကွာ…”
“ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..အဘ”
ပြောပြီးသည်နှင့် ထိုဝင်ပူးကပ်ခံရသော အလုပ်သမားလေးမှာ တုန်းခနဲလဲကျသွားသည်။
“ အင်.. အင်.. ကျွန်တော် ဘာဖြစ်သွားတာလဲ.. အဘ..ကျွန်တော့်စိတ်ထဲ ရုတ်တရတ် ငိုချင်သလိုလိုကြီးဖြစ်လာပြီး ဘာမှမသိတော့ဘူး..”
“ အဘ နောက်မှ အားလုံးအေးအေးဆေးဆေး ရှင်းပြမယ်..လောလောဆယ်တော့ လုပ်စရာရှိတာလေးတွေ သွားလုပ်ဖို့ အဘတို့ပြန်ကြမယ်…”
တိုက်မှ ပြန်လာပြီး ရှေးဦးစွာ အနီးအနားရှိ မြန်မာဘုန်းကြီးကျောင်းတစ်ကျောင်းမှ ရင်းနှီးသော ဘုန်းဘုန်းတစ်ပါးကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့သည်။ မနက်ဖြန် တိုက်တွင် အာရုံ ဆွမ်းကပ်မည်ဖြစ်သဖြင့် ကျန်အလုပ်သမားများကို လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဟင်းများကို စီစဉ်စေသည်။ ထိုက်အောင်သေဆုံးသွားသောအခန်းကို ရှင်းလင်းစေပြီး နောက်တစ်နေ့ နံနက်တွင် ပင့်သံဃာများကို ပင့်ဖိတ်ကာ အခန်းတွင်ပင် ဆွမ်းကပ်၍ မလှမ်းမကမ်းတွင်ထိုက်အောင်အတွက် တစ်နေရာပြုလုပ်စေသည်။ တိုက်တံခါးဝသို့ သံဃာတော်များကြွရောက်လာကတည်းက အပုတ်နံ့တစ်ခုရ၍ ထိုက်အောင် ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုက်အောင်ကို အမှူးထား၍ သံဃာတော်များကို ဆွမ်းလောင်းလှူအပြီး ထိုက်အောင်အတွက် သပိတ်သွပ်လေသည်။ ရေစက်ချ အမျှဝေအပြီး ထိုက်အောင် သာဓုခေါ်ခွင့်ရလိုက်လေသည်။ ထိုအခိုက် မွှေးပျံ့သောရနံ့တစ်ခု ဘကြီးမောင်နှာခေါင်းထဲ ရလိုက်လေသည်။ သြော်.. ထိုက်အောင်တစ်ယောက် မြင့်မားသောဘုံဘ၀ရောက်ရှိသွားပါပကောလား.. ဒါပေမယ့် ထိုက်အောင်မှာခဲ့သောကိစ္စ နှစ်ခု ကျန်သေးသည်။ရေစက်ချပြီးသည်နှင့် သံဃာတော်များ ဦးစီးကာ တိုက်တံခါးဝတွင် ချည်နှောင်ထားသော ပရိတ်ကြိုးကို အသာဖြတ်လိုက်ရာ တိုက်တွင်းမှ မွှေးပျံ့သော ရနံ့နှင့်အတူ လေပြင်းတစ်ခုတိုးဝင် တိုက်ခတ်သွားလေသည်။ ထို့နောက် ပရိတ်ကြိုးအသစ် ပြန်ချည်ကာ ဘကြီးမောင်တို့ ပြန်လာခဲ့လေသည်။ ထိုည အိမ်မက်ထဲတွင် အ၀တ်အစား တောက်တောက်ပြောင်ပြောင် ၀တ်ပြီး ပျော်ရွှင်နေသော မျက်နှာဖြင့် လူတစ်ယောက်ရောက်လာပြီး
“ အဘ.. အဘ.. ကျွန်တော်ထိုက်အောင်ပါ…အခုလို ကျွန်တော့်အတွက် အဘလုပ်ပေးလိုက်လို့ ကျွန်တော်ဒီတိုက်ကလွတ်ပြီး သွားချင်တဲ့နေရာသွားလို့ရသွားပါပြီ.. နောက်ပြီး ကျွန်တော့်အတွက် အရင်လို စားစရာ ၀တ်စရာ မရှားပါတော့ပါဘူး.. အမေ့ဆီကိုလည်း ကျွန်တော်သွားခဲ့ အကြောင်းကြားခဲ့ပြီးပါပြီ.. အဘကြောင့် ကျွန်တော် အခုလို လွတ်မြောက်ပြီး မြင့်မားတဲ့ ဘုံဘ၀ရောက်ရလို့ အဘကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်.. အခုကျွန်တော် အဘကို လာနှုတ်ဆက်တာပါ… ကျန်တဲ့အဖွဲ့သားတွေ အားလုံးကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်.. အားလုံးကိုလည်း နှုတ်ဆက်ခဲ့ပါတယ်လို့ပြောပေးပါ.. “
ဟုပြောရင်း တဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားလေတော့သည်။ ဘကြီးမောင် ရင်ထဲတွင်တော့ ကျေနပ်ဝမ်းသာခြင်းများဖြင့်…..
များမကြာမှီ ထိုတိုက်တွင် လာရောက်ငှားရမ်းနေထိုင်သူများ ပြည့်နှက်လာလေသည်။ သို့သော် လေးလွှာက အခန်းကိုတော့ ငှားရမ်းမည့်သူမရှိ... တစ်နေ့…
ထိုတိုက်ရှေ့ မှပန်းရံတစ်ဖွဲ့ ဖြတ်သွားခိုက်တွင် တိုက်ပိုင်ရှင်သူဌေးထွက်လာပြီး ထိုင်းဘာသာဖြင့်..
“ မင်းတို့အဖွဲ့မှာ ခေါင်းဆောင်ဘယ်သူလဲ..ါ်”
ထိုအခါ အလုပ်သမားခေါင်းဆောင်ထွက်လာပြီး
“ ကျွန်တော်ပါ.. ဘာကိစ္စရှိလို့လဲ မသိဘူး.. “
“ မင်းတို့အထဲက တစ်ယောက်လောက် မနက်ဖြန် ဒီတိုက်မှာ ပြင်ဆင်စရာလေးရှိလို့ အလုပ်ပါးတယ်ဆိုရင် ခဏခေါ်သုံးပါရစေ.. နေ့စားခပေးပါ့မယ်..” ဟုပြောလေသည်။ ထိုအခါ အလုပ်သမားခေါင်းဆောင်မှ..
“ ရပါတယ် .. သူဌေး.. မနက်ဖြန် ကျွန်တော်လူတစ်ယောက်လွတ်ပေးလိုက်ပါ့မယ်.. “ ဟုပြောလိုက်လေသည်။
“ မင်းနာမည်.. ထိုက်အောင်နော်.. မင်းလုပ်ရမှာက လေးလွှာက အခန်းတစ်ခုပဲ… အခန်းထဲက အောက်ခင်းကြမ်းပြင်ကို ဘိလပ်မြေထပ်လောင်းပေးရမယ်… နောက်ပြီး ၀ရံတာက အက်ကွဲကြောင်းတစ်ခု ဖြစ်နေတယ်.. အဲဒါကို ပြင်ပေးရမယ်.. နောက်တစ်ပတ်နေရင် အိမ်ငှားတွေရောက်လာမှာမို့ အမြန်ဆုံးပြီးအောင် ပြင်ပေးပါ.. တိုက်အောက်ဆုံးထပ်က စတိုအခန်းထဲမှာ ပန်းရံပစ္စည်းတွေရော၊ ဘိလပ်မြေအိတ်တွေရော ရှိတယ်.. ငါလိုက်ဖွင့်ပေးမယ်.. “ ဟုဆိုကာ စတိုကိုလိုက်ဖွင့်ပေးပြီး ပန်းရံလုပ်ရတွင် လိုအပ်သောပစ္စည်းများကို ထုတ်ယူစေသည်။ ထို့နောက် စတိုခန်းတံခါးပိတ်ကာ
“ အလုပ်သွားလုပ်ပေတော့..” ဟုခိုင်းလိုက်လေသည်။ ထိုအခါ ပန်းရံပစ္စည်းတွေသယ်ရင်း လေးလွှာသို့ထိုက်အောင် တက်သွားသည်။ စတိုတံခါးပိတ်ပြီး အပြင်ပြန်အထွက် တံခါးဝတွင် တစ်စုံတစ်ခုကို သူဌေးသတိပြုမိသွားသည်။
“ သြော်.. ပရိတ်ကြိုးပြတ်နေတာကိုး.. “
ထို့နောက် ပရိတ်ကြိုးကို အသာချည်ကာ ကားဖြင့်ထွက်သွားလေတော့သည်။ လေးလွှာမှ ပြင်ဆင်ရမည့်အခန်းတံခါးဖွင့်ပြီး ထိုက်အောင် ရိပ်ခနဲမူးသွားသည်။ အင်း.. မနက်က အဆာပြေစားလာတဲ့ ဒညင်းသီးနဲ့ ကြက်ဟင်းခါးသီးတန်ခိုးပြပြီထင်တယ်ဟု တွေးရင်း အသေးစားပြင်ဆင်မှုဖြစ်သော ၀ရံတာရှိအက်ကြောင်းကိုဖာထေးရန် လှေခါးထောင်လိုက်လေတော့သည်။
(ပြီးပါပြီ)


အချိန်ပေး၊ အညောင်းခံ စာရိုက်ပေးပါသော ဤဇာတ်ကြောင်းရေးသားသူ ကိုမင်းမနိုင် အား
ကျေးဇူးတင်ပါတယ်ဆိုသော စကားထက် ပိုမိုနက်ရှိုင်း လေးနက်သော ကျေးဇူးတင်ခြင်းများစွာဖြင့်

ပန်းရံမလုပ်လိုသူ
(အက်ဒမင်-ရွာတော်ရှင်)

သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ) 

0 comments:

Post a Comment