Sunday, October 13, 2013

အစိုးရနှင့် ‪‎KIO‬ ဆွေးနွေးမှုရလဒ် ကချင်ပြည်နယ်ရှိ ပါတီများထောက်ခံ

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ရရှိခဲ့သည့် သဘောတူညီချက်များနှင့် လုပ်ငန်းစဉ်များကို ထောက်ခံကြောင်း ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီပေါင်းခုနစ်ခုက သဘောထားထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားရှိ မဂျွယ်ခန်းမတွင် ယခုလ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာဆွေးနွေးခဲ့သည့် အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲမှ ရလဒ်များကို နိုင်ငံရေးပါတီခုနစ် ခုက သဘောတူထောက်ခံသည်ဟု အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၏ သဘောတူညီချက် ရလဒ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ထောက်ခံခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ကချင်ပြည်နယ်ရှိ တရားဝင်ပါတီများအားလုံးက ကြိုးစားမည်ဟု ယင်းပါတီ များ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အစိုးရနှင့် KIO တို့၏ ယင်းဆွေးနွေးပွဲတွင် အဓိကရလဒ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် KIO ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟုဆိုထားသည်။ အလားတူပင် အပစ်အခတ်ရပ်စဲနိုင်ရေး၊ စစ်ပြေးဒုက္ခသည်များ အရေးတို့ကိုလည်း ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အာမခံချက်ပေးနိုင်မည့် သဘောတူညီချက်များလည်း ရရှိခဲ့ကြသည်။

ယင်းအပြင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ပထမဆုံးအကြိမ်ရပ်တန့်နိုင်တော့မည်ဟု မြန်မာငြိမ်းချမ်းရေးဂေဟာ MPC ကလည်း အောက်တိုဘာ ၁၀ ရက်တွင်သတင်း ထုတ်ပြန်သည်။

သို့သော် KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေမရောက်မချင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ကို ထိုးနိုင်ဦးမည်မဟုတ်ဟု ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

“ကျွန်တော်တို့ဘက်က ခိုင်မာတယ်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုးမရောက်ရင် မထိုးနိုင်ဘူးလို့ KIO ရဲ့ သဘောထားဖြစ်ပါတယ်။ ဒါကတော့ အရင်အတွေ့အကြုံတွေကြောင့်ပါ။ ဒါကလည်း ceasefire agreement မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောနေတာ။ အဲဒါ မထိုးပေမယ့် တိုက်ပွဲများကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လို ထိန်းသိမ်းမလဲ၊ တိုက်ပွဲနည်းအောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ မထိုးထားသော်လည်းဘဲ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများမှာ ဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီး ပါဝင်နိုင်မလဲဆိုတာ စဉ်းစားတာဖြစ်တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ၎င်းကော်မတီအား အခြေပြဇယား (Joint monitoring committee structure) ပူးတွဲ (၁) နှင့်ပူးတွဲစောင့် ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် ပူးတွဲ (၂) ကို အခြေခံ၍ အသေးစိတ် စီမံချက် (Operation Plan) ချမှတ်နိုင်ရန် နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သဘောတူခဲ့ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment