Wednesday, October 2, 2013

တရားရုံး၊ တရားစီရင်ရေးစနစ်၊ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏ အားနည်းချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ သမ္မတ သ၀ဏ်လွှာပေးပို့

တရားရုံးနှင့် တရားစီရင်ရေးစနစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ အားနည်းမှုများအပြင် သက်ဆိုင်သော အခြားကဏ္ဍစုံဆိုင်ရာ ကိစ္စတို့၏ အားနည်းချက်များကို ဖော်ထုတ် ထောက်ပြခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် သ၀ဏ်လွှာကို အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်သို့ ပေးပို့သည့် သ၀ဏ်လွှာတွင်''(၁)ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာကို ပူးတွဲလျှက် တရားဥပဒေ စိုးမိုးရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် ပေးပို့လာသည့် သ၀ဏ်လွှာကို လက်ခံရရှိပါသည်။(၂) အဆိုပါသ၀ဏ်လွှာတွင် တွေ့ရှိ သုံးသပ်ချက်(၂၁) ချက် ဖော်ပြထားရာ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သက်ဆိုင်သည့် အချက် ၁၅ ချက်နှင့် တရားစီရင်ရေး မဏ္ဍိုင်နှင့် သက်ဆိုင်သည့်အချက် ခြောက်ချက်တို့ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တရားစီရင်ရေးမဏ္ဍိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် လွှတ်တော်အနေဖြင့် ဆက်သွယ် ပေးပို့နိုင်ပါသည်။ (၃) အုပ်ချုပ်ရေးတွင် ပါဝင်သော အုပ်ချုပ်ရေး အဖွဲ့အသီးသီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဆောင်ရွက်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ ခေတ်စနစ်နှင့် လျော်ညီသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပြဋ္ဌာန်း ဆောင်ရွက်လျှက်ရှိရာ ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွတ်စေရေးအတွက် တိုးမြှင့်၍ ကြပ်မတ် ကွပ်ကဲလျှက်ရှိပါသည်။ (၄) လွတ်လပ်ရေးရပြီးစ အခြေအနေမှ စတင်၍ အစိုးရ အဆက်ဆက်တို့ ကျင့်သုံးသည့် အုပ်ချုပ်ရေး ပုံစံအရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲ အုပ်ချုပ်လာခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ပေါ်ပေါက်လာသော မိမိဦးဆောင်သော နိုင်ငံတော်အစိုးရသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ပြည်ပပယောဂ ဖိအားများ လျော့ပါးရေးတို့မှ အစပြု၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေး ပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ အဆင့်ဆင့် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး ရရှိမှသာ အောင်မြင်မည်ဖြစ်ပါသည်။ (၅)တရားဥပဒေ စိုးမိုးရေး ခိုင်မာရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၂၁၉ ပါပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၃၄၉ မှပုဒ်မ ၃၉၀ ထိပါ ပြဋ္ဌာန်းချက် များအရ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်၊ တရားစီရင်ရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အရည်အသွေးမြင့်သည့် မီဒီယာများကလည်း သမာသမတ်ရှိစွာဖြင့် အကြံပြု တည့်မတ်ပေးရန် လိုအပ်ပါသည်။ (၆) အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်သော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ တိုးမြှင့်ကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် အချက်များကို သတင်းရရှိ၍ ပေးပို့လာပါကလည်း ကိစ္စရပ်အလိုက် ထိန်းကျောင်း တည့်မတ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် ကော်မတီအနေဖြင့် နိုင်ငံသားများ၏ တရားဥပဒေစိုးမိုးရေး တိုးမြှင့်ခံစားစေရန်အတွက် ယခုအစီရင်ခံစာပါကဲ့သို့ တရားရုံးနှင့် တရားစီရင်ရေးစနစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ အားနည်းမှုများအပြင် သက်ဆိုင်သော အခြားကဏ္ဍစုံဆိုင်ရာ ကိစ္စတို့၏ အားနည်းချက်များကို ဖော်ထုတ် ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံ ထိရောက်မည် ဖြစ်ကြောင်း သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု ပါရှိသည်။

Eleven Media Group

0 comments:

Post a Comment