Wednesday, October 2, 2013

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ကျင်းပဆဲ လွှတ်တော်တွင် ဆွေးနွေးမည်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီး ယခုလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ စိစစ် ဆောင်ရွက်ရေးကော်မတီ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ ဥပဒေပါပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံနေရမှုများ၊ တိုင်ကြားမှုများ ရှိနေခြင်းကြောင့် ယင်းပြင်ဆင်သည့် ဥပဒေကို တင်သွင်းရခြင်းဖြစ်ကြောင်းနှင့် ပုဒ်မ ၄ နှင့် ပြစ်မှုပြစ်ဒဏ်များ အခန်းပုဒ်မ ၁၈ ကို ပြင်ဆင်ထားသည့် ပြင်ဆင်ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ သွင်းထားကြောင်း သိရသည်။

ထို့အပြင် ယင်းဥပဒေတွင် ပါဝင်မှုများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၃၅၄(က) အရ ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကို ပြန်ရုပ်သိမ်းသည့် သဘောဖြစ်နေသည့် အတွက်လည်း ပြန်လည်ပြင်ဆင် ရခြင်းဖြစ်ကြောင်း သူရဦးအောင်ကိုက ဆိုသည်။

''အကြမ်းဖျင်းပြောရရင်တော့ ဒီဥပဒေကြမ်းမှာ အရင်က ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမယ်ဆိုတဲ့ အချက်ကို ပြင်ဆင်ထားပါတယ်။ ဒီတော့ ခွင့်ပြုမိန့် ကျစရာမလိုဘဲ ငါးရက်ပြည့်တာနဲ့ ဆန္ဒပြခွင့်ရမယ်။ နောက်ပြီး ခွင့်ပြုမိန့်မကျဘဲ ဆန္ဒပြရင် ထောင်ဒဏ်နဲ့ ဒဏ်ငွေငါးသောင်း ကျခံရမည်ဆိုတဲ့ ပုဒ်မကိုလည်း ပယ်ဖျက်ထားပါတယ်''ဟု သူရဦးအောင်ကိုက ပြောကြားသည်။

ယင်းပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် မစတင်မီ နှစ်ပတ်ခန့်တွင် ကြိုတင် တင်သွင်း ထားခြင်းဖြစ်ပြီး ယခုလွှတ်တော်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးဆုံးဖြတ်ရာတွင် အတည်ပြုနိုင်ရန် အတွက်လည်း ကြိုးစား ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားသည်။

''ဒီပြင်ဆင်တဲ့ဥပဒေ အတည်ပြုရေးအတွက် မဖြစ်ဖြစ်အောင် ကြိုးစားသွားမှာ။ ပြည်သူတွေက အများကြီး မျှော်လင့်နေကြတာကိုး'' ဟု သူရဦးအောင်ကိုက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment