Wednesday, October 9, 2013

ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားပေးရန်အဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်

၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာအမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်း ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း သင်ကြားပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်တိုဘာ ၉ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက အဆိုတင်သွင်းရာတွင် ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပြဋ္ဌာန်းချက်များတွင် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမတို့၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်ရောက်ကြောင်း၊ အမွေဆက်ခံပိုင်ခွင့်နှင့် အနိုင့်အထက်ပြုခြင်းများကို ကာကွယ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

''အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ အိမ်ထောင်ရေးမှာ သားသမီးများ၏ သဘောဆန္ဒကို မိဘများ လိုက်လျောခဲ့မှု ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ မြန်မာ့ ဓလေ့ထုံးစံများသည် လူ့အခွင့်အရေးအပေါ် အလေးထားကြောင်း ပေါ်လွင်ခဲ့ပါတယ်။ထိုသို့ အိမ်ထောင်ပြုရာတွင် လွတ်လပ်ခွင့်ရှိသည့် မြန်မာတို့၏ ဓလေ့ထုံးစံကို အခွင့်ကောင်းယူ၍ ကိုးကွယ်ရာ ဘာသာမတူ၊ လူမျိုးခြင်းလည်း မတူသူတို့၏ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုကြောင့် စီးပွားရေးအရ ဆွဲဆောင် သိမ်းသွင်းခြင်းခံရသဖြင့် စုံဖက်အိမ်ထောင်ပြုမှုများ ရှိခဲ့ပါတယ်။ ထိုသို့ အိမ်ထောင်ပြုခဲ့ရာမှာ မူလမိမိတို့ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာရေး လွတ်လပ်ခွင့်ကို လူမျိုးခြား၊ ဘာသာခြား အိမ်ထောင်ဖက်တို့၏ အိမ်ထောင်ဖက်ဖိအားနှင့် မိမိတို့၏ ဆန္ဒမပါ အလိုမတူဘဲ ဘာသာရေး လွတ်လပ်ခွင့်အပေါ် မတရားချုပ်ခြယ်ခံရခြင်း၊ အခြားဘာသာသို့ သွတ်သွင်းခံရခြင်းများ ရှိကြောင်း စီရင်ထုံး အများအပြား တွေ့ရှိရပါတယ်''ဟု ဒေါ်တင်နွယ်ဦးက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ၎င်းအဆိုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အထက်တန်းကျောင်းများ၏ သင်ခန်းစာတစ်ရပ်အဖြစ် ထည့်သွင်းသင်ကြားပေးမည် ဆိုပါက ဗုဒ္ဓဘာသာကို နိုင်ငံတော်က အသိအမှတ်ပြုထားသော အခြားဘာသာ၊ သာသနာများနှင့် ခွဲခြားဆောင်ရွက်ရာ ရောက်နိုင်သည့်အတွက် ယင်းအက်ဥပဒေကို အထက်တန်းကျောင်းများ၏ သင်ခန်းစာများမှာ ထည့်သွင်းသင်ကြားပေးရန် သင့်၊ မသင့်မှာ ကျယ်ပြန့်စွာ စဉ်းစားရမည့် ကိစ္စဖြစ်သည့်အတွက် မှတ်တမ်းသာ တင်သင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် အဆိုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ရန် လွှတ်တော် ကိုယ်စားလှယ်အားလုံး သဘောတူသဖြင့် အဆိုကို ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

Eleven Media Group

0 comments:

Post a Comment