Wednesday, October 9, 2013

Forever ၊ Sky Net ရုပ်သံလိုင်းများနှင့် ပြန်ကြားရေးအကြား ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်ပြင်ရန် အချိန်ကာလ တိတိကျကျမပြောနိုင်ဟု ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား

Forever Group ရုပ်သံမီဒီယာ၊ Sky Net ရုပ်သံလိုင်း တည်ထောင်ထားသော ရွှေသံလွင်မီဒီယာတို့နှင့် ပြန်ကြားရေး ၀န်ကြီးဌာနအကြား ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက်ရန်အတွက် သုံးသပ်ဆဲဖြစ်၍ ပြန်လည်ပြင်ဆင် ချုပ်ဆိုမည့်ကာလကို တိတိကျကျ မပြောနိုင်သေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။

အောက်တိုဘာ ၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း သတင်းမီဒီယာတစ်ခုမှ '' BGB စာချုပ်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်နေပြီလို့ ပြောပါတယ်။ ဘယ်အချက်တွေကို သုံးသပ်နေတာလဲ။ ဘယ်အချိန်လောက်မှာ အဲဒီ သုံးသပ်ချက်တွေ ကြည့်ပြီးတော့ အကယ်၍ လိုအပ်ရင် စာချုပ်ပြင်ဆင်ချုပ်ဆိုဖို့ ဘယ်အချိန်လောက်မှာ လုပ်မလဲ။ အဲဒီကိစ္စတွေကို ၀န်ကြီးဌာနက ဘယ်လို စီစဉ်ဆောင်ရွက်မလဲ'' ဟု မေးမြန်းခဲ့သည်။

မေးမြန်းချက်အပေါ် ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက'' BGB Broadcasting Governing Body အနေနဲ့ကတော့ ဒီစာချုပ်တွေကို စာချုပ်တွေ အားလုံးပါပဲ။ အစောက ကျွန်တော်တင်ပြခဲ့တဲ့ ရုပ်သံလွှင့်နဲ့ ပတ်သက်တဲ့ စာချုပ်နှစ်ခုရှိတယ်။ အဲဒါတွေကတော့ Forever နဲ့ ကျွန်တော်တို့ ရွှေသံလွင် ဖြစ်ပါတယ်။ နောက်တစ်ခါကျရင် FM နဲ့ ပတ်သက်လို့ စာချုပ်ခြောက်ခုရှိတယ်။ ဒီဟာတွေအားလုံးဟာ ကျွန်တော်တို့ ပြန်ပြီးတော့ ပြင်ဆင်ဖြည့်စွက်စရာတွေ ရှိသလား။ ပြန်သုံးသပ်နေပါတယ်။ ပြန်သုံးသပ် ပြီးရင်တော့ ဒါကိုပြင်ဆင်ဖို့ အနေအထားက ဒီပေါ့လေ။ ကျွန်တော်တို့ သတ်မှတ်ထားတာက ဒါအားလုံးပြန်ပြီး ညှိနှိုင်းပြီး ဆောင်ရွက်ရတဲ့ အတွက်ကြောင့် ကာလဆိုတာတော့ ကျွန်တော်တို့ တိတိကျကျ မပြောနိုင်ဘူး။ သို့သော် ဒီ ၂၀၁၃ ခုနှစ် အတွင်းမှာတော့ ဒါကို သုံးသပ်ချက် ထွက်အောင် ဆောင်ရွက်နေတယ်လို့ ဖြေကြားလိုပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ရုပ်သံမီဒီယာနှစ်ခုအကြား စာချုပ်ချုပ်ဆိုရာတွင် စာချုပ်၌ ထည့်သွင်း ချုပ်ဆိုထားသည့် ရုပ်သံမီဒီယာများမှ ရရှိမည့် အကျိုးအမြတ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ရရှိမည့် အကျိုးအမြတ် ခွဲဝေထားမှုကို မေးမြန်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖြေကြားခြင်း မပြုခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment