Wednesday, October 9, 2013

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်ဆိုင်ရာ ကွန်ဗန်းရှင်းတွင် လက်မှတ်ရေးထိုးထားပြီး အတည်ပြုချုပ်ဆိုရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်တွင် ဓာတုလက်နက်ဆိုင်ရာ ကွန်ဗန်းရှင်းတွင် လက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် အတည်ပြုချုပ်ဆိုရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီအချိန်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် (၁၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပါလီမန်များ သမဂ္ဂညီလာခံ ဒုတိယနေ့ အစည်းဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ရုပ်မြင် သံကြား၏ သတင်းကြေညာချက်အရ သိရသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေး အစီအစဉ် (၆) တွင် ဓာတုလက်နက်များ အသုံးပြုမှု တားဆီးရေးနှင့် ဖျက်ဆီးရေးတို့ကို ကြီးကြပ်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍခေါင်းစဉ်မှာ အရေးပေါ် အစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ထောက်ခံမဲ ပေးခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံသည် လက်နက်ဖျက် သိမ်းရေးကို အစဉ်တစိုက် ထောက်ခံပြီး လက်နက်များ အပြိုင်အဆိုင် တပ်ဆင်မှု၊ တရားမ၀င် ထုတ်လုပ် ရောင်းဝယ်မှုများကို ဆန့်ကျင်ပါကြောင်း၊ ဓာတုလက်နက် အသုံးမပြုရေး၊ ဖျက်သိမ်းရေးအပါအ၀င် ကမ္ဘာတစ်ဝန်း လက်နက်ဖျက်သိမ်းရေးကို ဆက်လက်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စကို မြန်မာနိုင်ငံ လွှတ်တော်က ပါဝင် ကြိုးပမ်းဆောင်ရွက်သွားမည်''ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် သြစတေးလျ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ အီရန်နိုင်ငံ ပါလီမန်ဥက္ကဋ္ဌနှင့် တောင်အာဖရိကနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌများနှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများ၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment