Wednesday, October 9, 2013

ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် သုံးမှု လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြား

ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် သုံးစွဲမှု လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်တွင် ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ သုံးသပ်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အရှေ့အလယ်ပိုင်းမှာ မငြိမ်သက်မှုတွေ ပေါ်ပေါက်ပြီး အာရပ်နွေဦး လှုပ်ရှားမှုဟာ ပဋိပက္ခ အကျပ်အတည်းအဖြစ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆီးရီးယား ပဋိပက္ခမှာ ဓာတုလက်နက် သုံးစွဲတာဟာ မည်သူက ကျူးလွန်ပါစေ လက်ခံနိုင်ဖွယ်ဖြစ်ရပ် မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘော တိုးတက်မှုတွေ ဖြစ်ပေါ်ကိုလည်း မျှော်လင့်နေပါတယ်''ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ထို့နောက် ကိုရီးယားကျွန်းဆွယ်အရေးတွင် ဂေဆောင်းစက်မှုဇုန် ပြန်ဖွင့်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ပြီး မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နိုင်ငံတို့အနေဖြင့် မတူညီမှုများကို ဆွေးနွေးပွဲတွင် အတူထိုင်ပြီး ဆွေးနွေးရမည်ဟု သမ္မတက ပြောကြားသည်။

''ခြောက်နိုင်ငံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပတာကို လိုလားပြီး အဏုမြူလက်နက် ကင်းစင်တဲ့ ကိုရီးယားကျွန်း ဆွယ်ကို တွေ့လိုပါတယ်''ဟု သမ္မတ ဦးသိန်း စိန်က ဆိုသည်။

အာဆီယံနိုင်ငံအချို့နှင့် တရုတ်နိုင်ငံ တို့အကြား အငြင်းပွားမှုဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက် ပြီး နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို အားရကျေနပ်မိကြောင်း၊ အာဆီယံနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Code of Conduct) များနှင့် ပတ်သက်ပြီး တရားဝင် ဆွေးနွေးမှုများ စတင်နိုင်ပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment