Sunday, October 13, 2013

နာရီပိုင်းကြာ ပြန်ပေးဆွဲမှုမှာ အာဏာသိမ်းရန် ကြိုးစားမှုတစ်ခုဖြစ်သည်ဟု လစ်ဗျားဝန်ကြီးချုပ်ပြော

လစ်ဗျားဝန်ကြီးချုပ် အလီဇေဒန်း (Ali ‪‎Zeidan‬) သည် ယခုသီတင်းပတ်အတွင်း ခေတ္တခဏ ပြန်ပေးဆွဲ ခံခဲ့ရပြီး ထိုအဖြစ်အပျက်မှာ အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟု ၀န်ကြီးချုပ်ကဆိုလိုက်ကာသူ၏ နိုင်ငံရေးပြိုင်ဘက်များကို အပြစ်တင်ဝေဖန်လိုက်ကြောင်း အောက်တိုဘာ ၁၃ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

ပြန်ပေးဆွဲမှု၏ နောက်ကွယ်၌ လွှတ်တော်မှ နိုင်ငံရေးပါတီတစ်ခု ပါဝင်ပတ်သက်နေကြောင်း ၀န်ကြီးချုပ်က ပြောခဲ့သော်လည်း ထိုပါတီ၏ အမည်ကိုမူ ပြောကြားခြင်း မရှိပေ။

လက်နက်ကိုင် စစ်သွေးကြွများက အလီဇေဒန်းကို ထရီပိုလီမြို့ရှိ ဟိုတယ်တစ်ခုမှ ကြာသပတေးနေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နာရီပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။

သူ့အား ကယ်တင်ရန် လာရောက်ခဲ့ကြသည့် လက်နက်ကိုင်အုပ်စုများကိုမူ သူက ချီးကျူးခဲ့ပြီး၊ တရားဥပဒေစိုးမိုးမှု ပိုမိုကင်းမဲ့လာသည့် လစ်ဗျားတွင် အခြေအနေတည်ငြိမ်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရန် သူက ဆော်သြခဲ့သည်။

သူ၏ အစိုးရအဖွဲ့ဝင် အရာရှိကြီးများ ခြံရံလျက် အများပြည်သူသို့ ပြောကြားခဲ့သည့် ရုပ်မြင်သံကြား မိန့်ခွန်းထဲတွင် ၀န်ကြီးချုပ် မစ္စတာဇေဒန်းက ပြန်ပေးဆွဲမှုသည် အာဏာသိမ်းရန် ကြိုးပမ်မှုတစ်ရပ်၏ အရိပ် လက္ခဏာတစ်ခုဖြစ်ပြီး တရားဝင်ဖြစ်မှုကို ဆန့်ကျင်သည်ဟု ဆိုခဲ့သည်။

သူ၏ နိုင်ငံရေးပြိုင်ဘက်များအားလည်း “အန္တရာယ်ရှိသော လူနည်းစု” များဟု သမုတ်လိုက်ပြီး ပြိုင်ဘက် များသည် ၎င်းအား ဖြုတ်ချရေးအတွက် လွှတ်တော်တွင် မဲအလုံအလောက်ရရှိရန် ကြိုးစားနေခဲ့ကြသည်ဟု ၀န်ကြီးချုပ်ဇေဒန်းက စွပ်စွဲခဲ့သည်။ ထို့ပြင် အဖြစ်အပျက်အား ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့ကာ ထိုပြန်ပေးဆွဲမှု၏ နောက်ကွယ်တွင် နိုင်ငံရေးပါတီတစ်ခု ရှိနေသည်ဟု ဆိုခဲ့သည်။

“သူတို့အနေနဲ့ ဒီမိုကရေစီနည်းတွေနဲ့ အစိုးရပြုတ်ကျအောင် မစွမ်းဆောင်နိုင်တဲ့အတွက် အင်အားကို အသုံးပြုခဲ့ကြတာပါ” ဟု သူက ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးကြီး ကဒါဖီရာထူးမှ ပြုတ်ကျသွားခဲ့သည့် နောက်ပိုင်းတွင်လည်း လစ်ဗျား၌ တိုးတက်မှုမရှိသည့် လစ်ဗျားပြည်တွင်းနိုင်ငံရေးအခြေအနေကို လစ်ဗျားဝန်ကြီးချုပ် မစ္စတာဇေဒန်း၏ မိန့်ခွန်းက ထင်ဟပ်စေခဲ့သည်ဟု ဆိုခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment