Sunday, October 13, 2013

အများဆုံးချေးယူနိုင်ခွင့် ပမာဏနှင့်ပတ်သက်၍ ရီပတ်ဘလစ်ကန် အဆိုပြုချက်ကို အိုဘားမားဆန့်ကျင်

အမေရိကန်အစိုးရ၏ အများဆုံး ချေးယူနိုင်ခွင့်ပမာဏနှင့် ပတ်သက်သည့် အချိန်သတ်မှတ်ချက်ကို ရက်သတ္တပတ်အနည်းငယ် သက်တမ်းတိုးမြှင့်ပေးရေး အဆိုပြုချက်ကို သမ္မတ ဘားရက်အိုဘားမားက ပယ်ချ လိုက်ကြောင်း အောက်တိုဘာ ၁၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

အစိုးရ လုပ်ငန်းများစွာ ပိတ်သိမ်းခဲ့ရခြင်း ၁၂ ရက်ရှိလာသည့်အချိန်တွင် ထိုကဲ့သို့ ပယ်ချလိုက်ခြင်း ဖြစ်သည်။

“အများဆုံး ချေးယူနိုင်ခွင့်ပမာဏနဲ့ ပတ်သက်ပြီး လအနည်းငယ် အချိန်တိုးပေးလိုက်ရုံနဲ့ တချို့ထင်နေကြ သလို အမြော်အမြင် ရှိတဲ့ဟာတစ်ခု ဖြစ်မလာနိုင်ပါဘူး။ အားလပ် ရက် ဈေးဝယ်ထွက်ကြတဲ့ ရာသီရဲ့အလယ်မှာ နိုင်ငံအနေနဲ့ နိုင်ငံတကာ ကြွေးမြီကတိက၀တ်တွေ ပထမဆုံး ပျက်ကွက်သွားနိုင်တဲ့ အခြေအနေမျိုးမှာ ကစားနေဖို့ မသင့်ပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ အကြွေးပေးရေး စိတ်ချရမှုအကဲဖြတ်ချက် (credit rating) ထိခိုက်သွားတာဟာ ကမ္ဘာ့ဈေးကွက်ကို ကမောက်ကမဖြစ်စေရုံ သာမကပါဘူး။ အမေရိကမှာ ရှိသူတိုင်းအတွက် ငွေကြေးချေးငှားဖို့ ပိုပြီး ဈေးကြီးသွားပါလိမ့်မယ်” ဟု ဆိုခဲ့သည်။

ကြွေးမြီဆိုင်ရာ ပြန်ဆပ်ရမည့် ၀တ္တရားများ အောက်တိုဘာ ၁၇ ရက် နောက်ပိုင်းတွင် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပျက်ကွက်သွားနိုင်သည့် အခြေအနေကို တွန်းလှန်ရှောင်လွှဲကာ အစိုးရလုပ်ငန်းများစွာ ပိတ်သိမ်းထားရခြင်းကို အဆုံးသတ်နိုင်စေရန်အတွက် အမေရိကန်အစိုးရ၏ အများဆုံးချေးယူနိုင်ခွင့် ပမာဏနှင့်ပတ်သက်သည့် အချိန်သတ်မှတ်ချက်ကို သက်တမ်းတိုးမြှင့်ရန် ရီပတ်ဘလစ်ကန်တို့က တင်ပြခဲ့ခြင်းဖြစ်သည်။

အကယ်၍ ရီပတ်ဘလစ်ကန်တို့၏ အဆိုပြုချက်ကို လက်ခံအတည်ပြုခဲ့ပါက အောက်တိုဘာလ ၁ ရက်ကတည်းက ပိတ်သိမ်းထားခဲ့ရသည့် အစိုးရလုပ်ငန်းများစွာမှာ အချိန်ကာလတစ်ရပ်အထိ အတွင်းတွင်တော့ ပြန်လည် လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ကာ၊ လိုငွေပြမှု ပြဿနာအား ဖြေရှင်းနိုင်ရေး၊ အသုံးစရိတ်များအား ထိန်းချုပ်ကြိုးကိုင်ရေး၊ လူမှုကဏ္ဍ အစီအစဉ်များတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးနှင့် အခွန် ကောက်ခံမှုဆိုင်ရာ စည်းမျဉ်းများ၏ အချို့အပိုင်းများကို ပြုပြင် ပြောင်းလဲမှုများ ဖော်ဆောင်ရေးစသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် သဘောတူညီချက်များရရှိရန် ဆက်လက်ညှိနှိုင်းကောင်း ညှိနှိုင်း နိုင်မည်ဖြစ်သည်။

ယခုအပတ် အစောပိုင်းကလည်း အိမ်ဖြူတော်က အစိုးရ၏ အများဆုံးချေးယူနိုင်ခွင့် ပမာဏနှင့် ပတ်သက်သည့် အချိန်သတ်မှတ်ချက်ကို အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း ရက်သတ္တပတ်ခြောက်ပတ်အထိ သက်တမ်းတိုးနိုင်ရေးအတွက် ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု ဆိုခဲ့သေးသည်။

သို့ရာတွင် အငြင်းပွားမှု၌ အသာစီးရလာသည်ဟု ထင်မြင်လာပုံရသည့် ဒီမိုကရက်တို့အနေဖြင့် အများဆုံး ချေးယူနိုင်ခွင့်ပမာဏ ဒေါ်လာ ၁၆ ဒသမ၇ ထရီလီယံနှင့် ပတ်သက်သည့် အချိန်သတ်မှတ်ချက်ကို ရီပတ် ဘလစ်ကန်တို့ အဆိုပြုသည့် ကာလထက် ပိုမိုကြာမြင့်စွာ တိုးမြှင့်ပေးရန် လိုလားနေကြဟန်ရှိသည်။

အများဆုံး ချေးယူနိုင်ခွင့်ပမာဏ (debt ceiling) မြှင့်တင်နိုင်ရေးကိစ္စအား ရီပတ်ဘလစ်ကန်များနှင့် ရေရှည်ဆွေးနွေးနေရသည့် ဘဏ္ဍာရေးဆိုင်ရာ တခြားဆွေးနွေးပြောဆိုမှုများနှင့် ချိတ်ဆက်ထားခြင်းမရှိဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jay Carney ကသောကြာနေ့က ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ့ကြွေးမြီတာဝန်များ ပျက်ကွက်နိုင်သော
ပြဿနာနှင့်ပတ်သက်၍ လာမည့်လများအတွင်းတွင် အကြိမ်ကြိမ် အကျပ်အတည်း ကြုံတွေနိုင်ခြင်းကြောင့်ဟု ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment