Thursday, October 10, 2013

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများ ထူးခြားချက်မရှိ ပြီးဆုံး

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်များက ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ထူးခြားချက် တစ်စုံတစ်ရာ မရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။

သို့သော် အာဆီယံ ဒေသတွင်း နိုင်ငံများအနက် ဝေဖန်မှုများဖြင့် နှစ်ရှည် ကာလကြာမြင့်စွာ ရင်ဆိုင်ခဲ့ရသော မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူခဲ့ခြင်းကိုမူ နိုင်ငံတကာ မီဒီယာများက စောင့်ကြည့်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန် အတွက် ရည်ရွယ်ပြီး ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲခြင်း၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ် ဆက်သွယ်ရေး တို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။

ဘရူနိုင်းနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် ဒေသတွင်း အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့သော တောင်တရုတ် ပင်လယ်အရေးကို လုံးဝအဖြေ ထွက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသော်လည်း ASEAN Socio-Cultural Community (ASCC) အား ပြန်လည် သုံးသပ်ခြင်းကိုမူ ရာနှုန်းပြည့် လုပ်ဆောင်နိုင်ခဲ့သည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သော (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံများတွင် တန်းတူညီမျှသော လူမှုလုံခြုံရေးစနစ် ဖော်ဆောင်ရန်၊ အာဆီယံ မျိုးဆက်သစ် လူငယ်များအား ပြုစုပျိုးထောင်ရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရန်၊ သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းရေး လုပ်ငန်းများကို အာဆီယံနိုင်ငံများ အကြား အထောက်အပံ့ပြုရန် သဘောတူညီ ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင် ဆူလတန်ဟာဂျီ ဟာဆန်နယ်လ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒူလာက အာဆီယံ၏ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို ထုတ်ဖော်ပြသပြီး တိုးတက်မှုကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သော (၁၆)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး ဆွေးနွေးပွဲတွင် ရရှိထားသော စီးပွားရေး ဆက်ဆံမှုများကို အခြေခံပြီး ပိုမိုနီးကပ်သော ဆက်လက် လုပ်ဆောင်ရန်နှင့် လွတ်လပ်သော ကုန်သွယ်မှု စာချုပ်ချုပ်ဆိုပြီးပါက အာဆီယံ-ဂျပန် ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ (၁၆)ကြိမ်မြောက် အာဆီယံ-တောင်ကိုရီးယား ဆွေးနွေးပွဲ၌ ၂၀၁၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယား ဆက်ဆံမှု (၂၅)နှစ်ပြည့် အထိမ်းအမှတ် အတွက် အထူးဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် ကြိုးပမ်းမည် ဖစ်ကြောင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံနှင့် အကြံပြုချက်များ မျှဝေရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည်။

ပထမအကြိမ် ပြုလုပ်ခဲ့သော အာဆီယံ-အမေရိကန် ဆွေးနွေးပွဲတွင် ယခင်နှစ် ကမ္ဘောဒီးယား နိုင်ငံ၌ ဆွေးနွေးခဲ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများကို နှစ်ဆတိုးရန် ကြိုးစားနေကြောင်းနှင့် အချို့ကဏ္ဍများကို အောင်မြင်စွာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ဆွေးနွေးပွဲ အချက်လေးချက်ကို ဦးတည် ဆွေးနွေးခဲ့ကြပြီး ထိုအချက်များမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းရန် (အထူးသဖြင့် ဖြစ်ပေါ်နေသော ပြဿနာများကို မကြီးထွားခင် ဖြေရှင်းခြင်း)၊ အရှေ့အာရှ၏ စီးပွားရေး ပူးပေါင်းဆက်နွှယ်မှု အတွက် အရှိန်မြှင့် လုပ်ဆောင်ရေး၊ ဒေသတွင်း လုံခြုံရေး ကွန်ရက် တည်ဆောက်ရန်နှင့် အဘက်ဘက်၌ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

''၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်ဟာ အာဆီယံအတွက် အရေးကြီးတဲ့ နှစ်တွေဖြစ်ပါတယ်။ အာဆီယံရဲ့ ၂၀၁၅ မျော်မှန်းချက်နဲ့အတူ အာဆီယံ စီးပွားရေး အသိုက်အမြုံ ပေါ်ပေါက်လာဖို့အတွက် အဖွဲ့ဝင် နိုင်ငံတိုင်းက တက်တက်ကြွကြွ ပါဝင်လှုပ်ရှား နေကြပါတယ်'' ဟု ၂၀၁၃ ခုနှစ်၏ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင် ဆူလတန်ဟာဂျီဟာ ဆန်နယ်လ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒူလာက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အကျဉ်း

-     Treaty of Amity and Cooperation in Southeast Asia (TAC) အား ဒေသတွင်း အစိုးရချင်း ဆက်ဆံရာတွင် လိုက်နာရမည့် အဓိက ကျင့်ထုံးအဖြစ်             သာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မပျက်ပြားစေရန် အတွက် အခြေခံ အချက်တစ်ချက်အဖြစ် သတ်မှတ်ကြောင်း ပြန်လည် အတည်ပြုသည်။

-     ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်ခြင်းနှင့် တိုးမြှင့်ခြင်း လုပ်ငန်းများတွင် Priority Programme/Activities of AICHR 2013 နှင့် ASEA Human Rights Declaration (AHRD) တို့အား ဖော်ဆောင်ခြင်း အပါအ၀င် ASEAN Intergovernmental Commission on Human Rights (AICHR) ၏ လုပ်ဆောင်ချက် များအား ကျေနပ်အားရပါသည်။

-    အာဆီယံဘုံ ဗီဇာအား အာဆီယံ ပြင်ပနိုင်ငံသားများ အတွက်ပါ  လုပ်ဆောင်ရန် စဉ်းစားချက်အား ကြိုဆိုပါသည်။

-     အာဆီယံ၏ စီးပွားရေး ခိုင်မာတောင့်တင်း လာခြင်းအား ကျေနပ်အားရပါသည်။ ရေရှည်တွင်လည်း ဆက်လက်၍ ခိုင်မာ နိုင်ပါသည်။

-     အာဆီယံနိုင်ငံများ၏ စီးပွားရေး ကောင်းမွန်နေချိန်တွင် အာဆီယံနိုင်ငံများ အကြား ယှဉ်ပြိုင်မှုများအား ပိုမိုတိုးမြှင့်ရန်နှင့် စီးပွားရေး ပေါင်းစည်း ဆက်နွှယ်မှုများအား ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်။ ကျယ်ပြန့်သော ASEAN Community Communication Strategy နှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့အတွက် အထူးစီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံ ဆက်သွယ်ရေး မဟာဗျူဟာအား အကောင်အထည် ဖော်ရမည်။

-    Roadmap for an ASEAN Community (2009-2015) နှင့် Bali Declaration on ASEAN Community in a Global Community of Nations (Bali Concord III) တို့အတိုင်း လိုက်နာ ဖော်ဆောင်ရာတွင် အာဆီယံပြင်ပ မဟာမိတ်နိုင်ငံများ အနေဖြင့် အားပေးထောက်ပံ့ရန် တိုက်တွန်းပါသည်။

-     တောင်တရုတ်ပင်လယ် အရေးအား ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေကြောင်း လုံခြုံရေးတို့၏ အရေးပါမှုကို ထပ်မံအတည်ပြု ခဲ့ကြသည်။ ထို့အပြင် Declaration on the Conduct of Parties in the South China Sea (DOC) အတိုင်း ဆောင်ရွက်၍ တောင်တရုတ်ပင်လယ် အရေးအား ဖြေရှင်းမည် ဖြစ်သည်။

-     ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာ  ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပခဲ့သော G20 ထိပ်သီး ဆွေးနွေးပွဲ၌ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိသည့် လက်ရှိ ပြဿနာများနှင့် ပတ်သက်သည့် အာဆီယံ၏ အမြင်အား အာဆီယံ ဥက္ကဋ္ဌမှတစ်ဆင့် ပြောကြားခွင့် ရသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအား သြစတေးလျမှ G20 ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခြင်းကိုလည်း ကျေးဇူးတင်မိပါသည်။ အာရှပစိဖိတ် ထိပ်သီးအစည်းအဝေး၏ အောင်မြင်သည့် ရလဒ်များ ဖော်ဆောင်ပေးနိုင်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံအတွက်လည်း ၀မ်းမြောက်မိပါသည်။ အရှေ့တီမောနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ရန် ကြိုးပမ်းချက်ကို လက်ခံစဉ်းစားမှုအား ကြိုဆိုပါသည်။

Eleven Media Group

0 comments:

Post a Comment