Thursday, October 10, 2013

ကုန်သွယ်ရေး စာရွက်စာတမ်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည့် Single-Window System အကောင်အထည်ဖော်ရန် ထိုင်းဝန်ကြီးချုပ်က သမ္မတဦးသိန်းစိန်အား တိုက်တွန်း

ထိုင်းဝန်ကြီးချုပ် ယင်လက်ရှပ်နာဝပ်ထရာသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အိမ်နီးချင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရာ၌ မှောင်ခိုကုန်သွယ်မှု ပပျောက်စေရေးအတွက် လိုအပ်သော ကုန်သွယ်ရေး စာရွက်စာတမ်းများနှင့် အခွန်အကောက်များ ကိစ္စကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သည့် Single-Window System ကို အသုံးပြုရန်နှင့် ထိုင်း၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်ရန်တို့ကို တိုက်တွန်းခဲ့ကြောင်း Thai News Agency သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က Thai News Agency သတင်းဌာနသို့ ကြာသပတေးနေ့က ပြောကြားရာတွင် ထိုင်းဝန်ကြီးချုပ်သည် အဆိုပါ တိုက်တွန်းမှုများကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုရာတွင် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံးမှ ခေါင်းဆောင်များသည် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း၊ ထို့ပြင် ခေါင်းဆောင်နှစ်ဦး စလုံးက မှောင်ခိုကုန်သွယ်ရေးသည် နှစ်နိုင်ငံလုံး၏ အခွန်ကောက်ခံရမှုကို အကြီးအကျယ် ထိခိုက်နေစေသည့် အချက်ဆိုသည်ကိုလည်း သဘောတူညီ ခဲ့ကြသည့် အတွက်ကြောင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က နှစ်နိုင်ငံကြား Single-Window System ကျင့်သုံးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါစနစ် ကျင့်သုံးရန်အတွက် လိုအပ်သည့် နည်းပညာနှင့် အသိပညာ အကူအညီများကို ထိုင်းနိုင်ငံက ကူညီမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ Single-Window System သည် နိုင်ငံတကာနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်သူများကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများအား တစ်နေရာတည်းတွင် ပြုလုပ်နိုင်မည်ဖြစ်ပြီး ထို့အတွက်ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရာတွင် ပိုမိုမြန်ဆန် လာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ တစ်နေရာတည်းတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ကုန်သွယ်ရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းများနှင့် ကုန်သွယ်ခွင့် ရရှိရန်အတွက် အစိုးရအရာရှိ များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆောင်ရွက်ရန်လည်း မလိုအပ်ဘဲ ကုန်သည်များအတွက် ငွေကုန်ကြေးကျလည်း သက်သာမည်ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းနှင့်မြန်မာ ခေါင်းဆောင်များသည် ထာဝယ်စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန် အတွက်လည်း သဘောတူညီ ခဲ့ကြသည်ဟု ဆိုသည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောဆိုရာတွင် ထိုင်းဝန်ကြီးချုပ်က မြန်မာသမ္မတအား ထိုင်း၊ မြန်မာ၊ အိန္ဒိယ သုံးနိုင်ငံ ချိတ်ဆက်ပေးမည့် အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်ရေးကို မြန်မာဘက်မှ စဉ်းစားပေးပါရန်လည်း ပန်ကြားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ တိုက်တွန်းချက်ကို မြန်မာအစိုးရ ဘက်မှလည်း သဘောတူ လက်ခံခဲ့ပြီး သုံးနိုင်ငံ ချိတ်ဆက်ပေးမည့် အဝေးပြေးလမ်းမ တည်ဆောက်ရန်အတွက် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းအား ကြာသပတေးနေ့တွင် ကျင်းပမည့် တွေ့ဆုံပွဲ၌ တောင်းဆိုကြမည်ဟု သဘောတူခဲ့ကြကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment