Thursday, October 3, 2013

မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် ပေးပို့လာသော မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်အကြံပြုချက် များအတိုင်း အောက်တိုဘာ ၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်း ၁၈ ခန်းနှင့် ပုဒ်မ ၉၆ ခုပါဝင်ပြီး မူလပြဋ္ဌာန်းချက်အား ပြည်သူ့လွှတ်တော်၌ ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ရာ အမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်းအား ဆွေးနွေးသည့် ကိုယ်စားလှယ် မရှိဘဲ ဥပဒေကြမ်း ကော်မတီမှသာ ပြင်ဆင်သင့်သည့် အချက်များအား အကြံပြုတင်ပြခဲ့ပြီး လွှတ်တော်မှ ကန့်ကွက်မှုမရှိဘဲ ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြင်ဆင် အတည်ပြုရာတွင် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အခန်း(၅) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များပါ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) ပြဋ္ဌာန်းချက်တွင် 'ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း' အစား 'ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် သင့်လျော်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း' ဟု အတည်ပြုခဲ့ပြီး အခန်းခေါင်းစဉ်ကိုလည်း အခန်း(၅)ကို အခန်း(၃) အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၁(က)ကို ပုဒ်မ ၅(က) အဖြစ် ပြောင်းလဲ အတည်ပြုခဲ့သည်။

ထို့အပြင် အခန်း(၁) ပုဒ်မ ၃ တွင် ပုဒ်မခွဲ(ဆ)အဖြစ် နိုင်ငံသား အဓိပ္ပာယ် ဖွင့်ဆိုချက်အား ''နိုင်ငံသား ဆိုရာတွင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူတို့လည်း ပါဝင်သည်။ ဤဥပဒေ အလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်'' ဟု လည်းကောင်း၊ ပုဒ်မခွဲ(ဇ)အဖြစ် နိုင်ငံခြားသား အဓိပ္ပာယ် ဖွင့်ဆိုချက်အား ''နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား မဟုတ်သူကို ဆိုသည်။ ဤဥပဒေ အလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်'' ဟု လည်းကောင်း အသစ်ထည့်သွင်း ပြဋ္ဌာန်းရန် အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီး မူလဥပဒေပါ ပုဒ်မခွဲ(ဆ) ပြဋ္ဌာန်းချက်ကို ပုဒ်မခွဲ(ဈ) အဖြစ်အမှတ်စဉ် ပြောင်းလဲခဲ့သည်။

ထိုကဲ့သို့ ဥပဒေကြမ်းအား ပြင်ဆင်အတည်ပြုရာတွင် ပုဒ်မအသစ်တိုးခြင်း၊ ဥပဒေရေးထုံးအရ အဓိပ္ပာယ် ဖွင့်ဆိုချက်များ တိကျရန် ပြင်ဆင်ခြင်းများအား အမျိုးသား လွှတ်တော်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းချုပ်အားဖြင့် အခန်းခေါင်းစဉ်များ၌ အခန်း (၃)အား အခန်း(၆)အဖြစ် လည်းကောင်း၊ အခန်း(၄)ကို အခန်း(၇)အဖြစ် လည်းကောင်း၊ အခန်း(၅)ကို အခန်း(၃)အဖြစ် လည်းကောင်း၊ အခန်း(၆)ကို အခန်း(၄)အဖြစ် လည်းကောင်း၊ အခန်း(၇)ကို အခန်း(၅)အဖြစ် လည်းကောင်း ပြောင်းလဲ ပြင်ဆင်ခဲ့သည်။

မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်မှ အတည်ပြုရာတွင် ပြည်သူ့လွှတ်တော်နှင့် ကွဲလွဲချက်များ ရှိသဖြင့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်တွင် ထပ်မံဆွေးနွေးကာ အတည်ပြုရမည် ဖြစ်သည်။

ယင်းဥပဒေကြမ်းတွင် အထူးစီးပွားရေးဇုန် တည်ထောင် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဗဟိုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ၊ အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း၊ ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန် ဆိုင်ရာ သတ်မှတ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့် ကင်းလွတ်ခွင့်များ၊ ရင်းနှီးတည်ဆောက်မှု လုပ်ငန်းများ၊ ရင်းနှီးတည်ဆောက်သူ၏ တာဝန်နှင့် ကင်းလွတ်ခွင့်များ၊ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ သွင်းကုန်ဆိုင်ရာ အခွန်အခ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်တို့နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။

ထို့အပြင် ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အကောက်ခွန် ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ ကူးစက်ရောဂါ ရှိ မရှိစစ်ဆေးခြင်းနှင့် ပြန့်ပွားမှု မရှိစေရန် သီးသန့် ထားရှိခြင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ မြေအသုံးပြုခြင်း ကိစ္စရပ်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များလည်း ဥပဒေကြမ်း၌ ပါဝင်သည်။

Eleven Media Group

0 comments:

Post a Comment