Thursday, October 10, 2013

စွမ်းအင်ဝန်ကြီးဌာနက ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် တင်ဒါခေါ်ယူရာတွင် အမေရိကန်နှင့် သြစတြေးလျနိုင်ငံ ရေနံကုမ္ပဏီများ ရွေးချယ်ခံရမှု မရှိ

စွမ်းအင်ဝန်ကြီးဌာနက လတ်တလော ရွေးချယ်လိုက်သည့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် နိုင်ငံတကာ ကုမ္ပဏီ ၁၂ ခုအား ရွေးချယ်လိုက်ပြီး အဆိုပါ ကုမ္ပဏီများ အနေနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ စစ်တမ်း EIA နှင့် လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း SIA များအား ခြောက်လအတွင်း ပြုလုပ်ရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးဖေဇင်ထွန်းက အောက်တိုဘာ ၁၀ ရက်က ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူရာတွင် အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံများမှ ရေနံကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီပေါင်း ၇၈ ခုမှ ကုန်းတွင်း လုပ်ကွက်များတွင် ၀င်ရောက်လုပ်ကိုင်ရန် တင်ဒါယှဉ်ပြိုင်မှုများ ရှိခဲ့ကြောင်း ဦးဖေဇင်ထွန်းက ဆိုသည်။ ထိုသို့ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများ အနက် ဘရူနိုင်း၊ အိန္ဒိယ၊ ကနေဒါ၊ အီတလီ၊ လူဇင်ဘတ်၊ မလေးရှား၊ ပါကစ္စတန်၊ ရုရှား၊ British Virgin Islands၊ ထိုင်း စသည့် နိုင်ငံများမှ ရေနံကုမ္ပဏီများသာ ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားခွင့် ရရှိမည့် ရေနံလုပ်ကွက် ၁၃ ကွက်နှင့် ရေနံတိုးတက် ထုတ်လုပ်ရေးအပေါ် ခံစားခွင့် ရရှိမည့် လုပ်ကွက် သုံးခုတွင် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

''တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ အနေနဲ့ EIA,SIA စစ်တမ်းတွေကို ခြောက်လအတွင်း လုပ်ဆောင်ရမှာပါ။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံးပါ'' ဟု ဦးဖေဇင်ထွန်းက ဆိုသည်။

တင်ဒါစိစစ် ရွေးချယ်ခံရသည့် ကုမ္ပဏီများ အနေနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ရရှိမည့် စာချုပ်နှင့် ရေနံတိုးတက် ထုတ်လုပ်ရေးအပေါ် ခံစားခွင့် ရရှိမည့် စာချုပ်များ ချုပ်ဆိုပြီးနောက် EIA,SIA လုပ်ငန်းများဆိုင်ရာ အစီရင်ခံစာများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရမည် ဖြစ်သည်။ "EIA,SIA စစ်တမ်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လက်ခံမှ လုပ်ငန်းဆက်လက် လုပ်ခွင့်ရှိမှာပါ။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အပါအ၀င် ပြင်ပအဖွဲ့အစည်း တွေကို ဖိတ်ခေါ်ပြီး EIA,SIA ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အသိပညာပေးခြင်း၊ ဆွေးနွေးခြင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်စေမှာပါ'' ဟု ဦးဖေဇင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုချက် ရရှိပြီးပါက ရက်ပေါင်း ၃၀ အတွင်း နိုင်ငံတော်သို့ Signature Bonus များ ပေးသွင်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment