ဟံသာဝတီ ပြည့်ရှင်မင်းကြီး၏ သမီးတော် ရာဇဓာတုကလျာသည် မိမိအမြတ်တနိုး ထားရှိ အသုံးပြု နေသော ကျောက်ပြင်ကို ပဲခူးရွှေမောဓော ဘုရား၏ ဌာပနာပစ္စည်း တစ်ပါး အဖြစ်ပင် လှူထားသည်ကို ထောက်လျှင် သနပ်ခါးကို မဆိုထားနှင့် ယင်းနှင့် စပ်လျဉ်းနေသည့် ကျောက်ပျဉ်ကိုပင် မည်မျှတန်ဖိုးထားသည်။ မြတ်နိုးသည်ကို တွက်ဆ၍ ရနိုင်ပါသည်။ သနပ် ခါးနှင့် ပတ်သက်၍ ပုဂံခေတ်တွင် မြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ရပ်ကို မြန်မာမင်းများ တခမ်းတနား ကျင်းပခဲ့သည်။ ၄င်းမှာ''မီးဖုန်းလှူပွဲ တပို့တွဲ'' ဟူ၍ ဆိုရိုးစကားအတိုင်း တပို့တွဲ လတွင် မီးဖုန်းပွဲတော် ကျင်းပလေ့ ရှိခဲ့သည်။ တပို့တွဲလတွင် အအေးဓာတ် လွန်ကဲသဖြင့် ဘုရားရှင် ကိုယ်တော်မြတ်အား နွေးနွေးထွေးထွေး ရှိစေရန် ရည်စူး၍ သနပ်ခါးချောင်းများ မီးပုံကာ ပူဇော်ခြင်း ဖြစ်သည်။
ထိုခေတ်အခါက သနပ်ခါး တောများကလည်းပေါပေရာ ထိုပွဲတော်တွင် သာမန် ထင်းတုံးများ ကို မသုံးဘဲ သနပ်ခါး အတုံးများ၊ အကိုင်းအလက်များကို ကရမက်၊ နံ့သာဖြူနီ စသော အခြား မွှေးနံ့သာ တုံးများနှင့် ရောနှော၍ မီးပူဇော်ကြသည်။ ထိုပွဲတော်အတွက် တပျော်တပါး သနပ်ခါး ခုတ်ထွက်ကြသည်။ သနပ်ခါး ရှားပါးလာသော ယခုခေတ်တွင် ထိုယဉ်ကျေးမှု ဓလေ့မှာ ကွယ်ပျောက် ခဲ့လေပြီ။ သနပ်ခါးသည် ဆေးဖက်လည်း ဝင်သည်။ သနပ်ခါးမြစ်သည် ပိုဝါ၍ အေးသည်။ မွှေးလည်းမွှေးသည်။ ကျွန်မတို့ အမျိုးသမီးများသည် ရေချိုးပြီး သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းရမှ စိတ်ရွှင်လန်းပြီး ကျန်းမာသည်ဟု ထင်သည်။
ကိုယ်သားကိုယ်ရည် အေးမြ၍ ချိုင်းချွေးနံ့များ ပျောက်သွားသည်။ တစ်ခါက ကျွန်မ အမေရိကန် ရောက်စဉ် အမျိုးသမီး တစ်ဦးသနပ်ခါး လိမ်းထားသည်မြင်၍ ဟုတ်၊ မဟုတ် မေးမြန်း ကြည့်ရာ ကျွန်မက ''မြန်မာပြည်မွေး တရုတ် အမျိုးသမီးပါ။ ဒါ မြန်မာ့သနပ်ခါးလို့ ခေါ်တယ်။ အသားအရေလှပြီး ကျန်းမာရွှင်လန်းတယ်'' ဟုပြောရာ ကျွန်မသည် မြန်မာပြည်သူ ဟု မပြောရဲဘဲ မျက်နှာက မိတ်ကပ်ကို ယောင်ယမ်းစမ်းပြီး ရှက်စိတ်ဖြစ်ပေါ် ခဲ့ရသည်။
သနပ်ခါးကို ပျိုပျိုအိုအိုမရွေး နှစ်သက်ကြသလို အလုပ်သမများ၊ လယ်သူမများသည် နေလောင်ခြင်း ဒဏ်ကို ကာကွယ်နိုင်စေရန် အလို့ငှာ သနပ်ခါးကို စွဲစွဲမြဲမြဲ လိမ်းကျံသည်။ ပါးကွက်ကြား ကလေးများ လိမ်းကြသည်။ သို့မှသာ အသားပပ်ခြင်း၊ နေလောင်၍ အသားညိုညို မောင်းမောင်းဖြစ်ခြင်း၊ တင်းတိပ်စွဲခြင်းများမှ ကာကွယ်နိုင် လေသည်။
သနပ်ခါးကို စိတ်လက်ပျော်ရွှင်ရန် သော်လည်းကောင်း၊ အလုပ်မှငြီးငွေ့မှုနှင့် ချွေးနံ့ပျောက်ရန် သော်လည်းကောင်း လိမ်းကျံကြသည်။ ကျွန်မတို့သည် အလှူမင်္ဂလာ သွားရာတွင် မိတ်ကပ်များ လိမ်းလာလျှင် ''ပြန်လာရင် ဆပ်ပြာနဲ့ မျက်နှာသစ်ပြီး သနပ်ခါးရေကျဲ လေးလိမ်းထား။ သမီးတို့အင်္ဂလိပ် သနပ်ခါးက ဓာတုဗေဒပစ္စည်း တွေနဲ့လုပ်ထားတော့ အခိုး အငွေ့ပိတ် အဆီပိတ်နဲ့ တော်တော်ကြာ အသားအရေ ခန်းခြောက်ပြီး တင်းတိပ်စွဲ ဝက်ခြံ ပေါက်နဲ့ မျက်နှာလည်း ပူသေးတယ်။ သနပ်ခါးအမြဲ လူးရင်အသားအရေ လေးကိုဝင်းကြည် နုညက်လာလိမ့်မယ်'' ဟုကျွန်မ၏ အဘွားဖြစ်သူက မကြာခဏ ပြောဖူးသည်။
ကျွန်မတို့လည်း မိတ်ကပ်ကြာကြာ လိမ်းထားလျှင် မျက်နှာပူလောင် တင်းကျပ်လာသည်။ ထို့ကြောင့် သနပ်ခါးကို ပြန်လိမ်းကြရသည်။ သင်္ကြန် ရေသဘင် မဏ္ဍပ်တွင် သုံးရက်လောက် မိတ်ကပ်လိမ်း၍ ရေကစားလျှင် အသားမွဲခြောက်ခြောက် ဖြစ်လာ၍ အသားပုံမှန် ပြန်ရရန် သနပ်ခါးကို ထူထူပိန်းပိန်း နေ့စဉ် လိမ်းကြရသည်။
သနပ်ခါး အမျိုးမျိုးရှိရာတွင် ရွှေဘိုသနပ်ခါးသည် အကျော်ကြားဆုံး ဖြစ်သည်။ သနပ်ခါးဟု ဆိုလျှင် ရွှေဘိုပါမှ ပြည့်စုံပေမည်။ ရွှေဘိုနယ်မှထွက်သော သနပ်ခါးသည် မာကျစ်သော ကျောက် စရစ် မြေနီကြောမှ ပေါက်သဖြင့် အသားသိပ်သည်း မာကျစ်ပြီး နီကြင့်ကြင့် အပွေးများဖြင့် အသွေးခံသည်။ ရနံ့မွှေးကြိုင်သည်။ ကျောက်စရစ်မြေမှ ထွက်သည့် နီရဲ အက်ကွဲသော အပွေးများရှိသော သနပ်ခါးတွင် နှစ်ထပ်ပွေး၊ သုံးထပ်ပွေးဟူ၍လည်း ရှိသည်။ သုံးထပ်ပွေးသည် အပွေးထူ၍ အကောင်းဆုံးဖြစ်ပြီး တစ်ထပ်ပွေးသည် အပွေးပါးလျား၍ အသွေးမခံပေ။ သနပ်ခါးအဖို၊ အမဟူ၍ နှစ်မျိုးနှစ် စားရှိရာ အမသည်ပို၍ သင်းပျံ့မွှေးကြိုင်ပြီး အဖိုသနပ်ခါးတုံးသည် အမသနပ်ခါးလောက် ရနံ့မသင်းပေ။
ဦးသာလှ၏ မြန်မာ့သနပ်ခါး စာစောင်တွင် နာမည်ရတော်ဝင် သနပ်ခါးသည် အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ လက်ထက်တော်က ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ် ၏ အနောက်ဘက်ကမ်း သီဟတောဘုရား၏ အောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ရှေးက ''သိန်းကတောနယ်မြေ'' ဟုခေါ်တွင်သော နယ်မြေတစ်ခုရှိသည်။ သီဟတောဘုရား နယ်ပယ် လှူဒါန်းရန်အတွက် ရွှေကြိုးသတ်မှတ်ရာတွင် ဘုရားဝတ္တကမြေအတွင်း မပါရှိသဖြင့် ကွက်ကျန်နေသည့်အတွက် ''တကွက်''ဟု ခေါ်တွင်ခဲ့သည်။
ယခုကာလရွေ့လျောလာသဖြင့် ''ကဗွက်''ဟုခေါ်သောရွာ ဖြစ်နေသည်။
ထိုနယ်မြေမှ အလောင်းမင်းတရားကြီး လက်ထက်တွင် အကောင်းဆုံး သနပ်ခါး နန်းသုံးတော်ဝင် သနပ်ခါး ထွက်သည်ဟု ရွှေနန်းတော်ကြီးက အသိအမှတ်ပြုခြင်း ခံခဲ့ရသည့် အထောက်အထား များလည်း ရှိခဲ့ပေသည်။
ထိုနယ်မြေအနီး တစ်ဝိုက်တွင် ပေါက်ရောက်သော သနပ်ခါးသည် အပွေးနီဝါရောင်ရှိ၍ ရနံ့အလွန် မွှေးထုံသည်။ ထို့ကြောင့်သိန်း ကတောနယ်မြေ တိုက်သူကြီးက သနပ်ခါးများကို ခုတ်ယူ စုဆောင်းပြီးလျှင် ပြည်ရွှေဘို နန်းတော်ကြီးသို့ ထာဝစဉ်သွင်းရသည်ဟု ဆိုပေသည်။ ယခုအခါ ထိုနယ်မြေမှ သနပ်ခါးများသည် အမျိုးပါ မကျန်အောင် ပြုတ်ပြုတ်ပြုန်း ခဲ့ချေပြီ။ လက်ညှိုးလက်မ အရွယ်လောက်ပင် ရှားလှသည်။
သို့သော်ရွှေဘို နယ်တွင်အခြား ကျောက်စရစ်မြေများကလည်း သနပ်ခါး ထွက်သေး၍ နာမည်ကြီး နေသေးသည်။ ယခုအခါ သနပ်ခါးပင်များကို ခြံကြီးများဖြင့် စိုက်ပျိုးကြသည်။ ရွှေဘိုမြေမှ ထွက်သော သနပ်ခါးသည် ဆင်စွယ်ရောင်ကဲ့သို့ ဖြူဝါဝါဖြစ်သည်။ သွေးလိုက်လျှင် ရနံ့သင်းကြိုင်ပြီး အနည်းငယ် စေးညက်သည်။ လျှာနှင့်တို့ကြည့်လျှင် အခြားနယ်မှ ထွက်သော သနပ်ခါးထက် အခါးလေးသည်။ ရှင်မတောင် သနပ်ခါးသည် မြေလတ်ပိုင်းမှ ထွက်၍ ရိုးရာအမွေ မြန်မာ့ သနပ်ခါး ဗိဿနိုးမင်းသမီး လိမ်းခဲ့သော သနပ်ခါးဟူ၍ နာမည်ကြီးသည်။ အောက်အရပ်တွင်လည်း အသုံးများသည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ဆည်၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မုံရွာနှင့် အရာတော် နယ်များမှ ပျိုး၍ခြံကြီးဖြင့် စိုက်ပျိုးကြသဖြင့် ထွက်ကုန်များသည်။ ထိုသနပ်ခါးများသည် ရွှေဘို သနပ်ခါးထက် အနည်းငယ် အဖြူရောင်လုပြီး ရွှေဘိုသနပ်ခါးလို မညက်ညော။ သွေးလိုက် လျှင် အနည်းငယ်ဖွာပြီး ရနံ့သင်းရုံပင် ရှိသည်။ ရွှေဘိုသနပ်ခါးသည် အနည်းငယ်အဝါရောင် သန်းကာ ခပ်စေးစေးနှင့် ညက်ညောပြီး ရနံ့သင်းကြိုင် လွန်းသဖြင့် ရွှေဘိုသနပ်ခါး လိမ်းသူများ သည် ရွှေဘိုသနပ်ခါး လိမ်းရမှကျေနပ် နှစ်သိမ့်ကြသည်။ သို့သော် ရွှေဘိုသနပ်ခါး အသုံးများ လွန်း၍ ထွက်ရှိမှုနှင့် လုံလောက်ခြင်း မရှိပေ။ ရွှေဘိုနယ် အရှေ့ဘက် သပိတ်ကျင်း၊ တကောင်း၊ ကြာညှပ်ဒေသတို့တွင် အလွန်ကြီးသော မြိုင်သနပ်ခါးပင် ရှိသည်။ အချို့က သီဟတော နယ်မြေတစ်လျှောက် ပေါက်၍ သီဟရာဇာ သနပ်ခါး(ဝါ) မြိုင်သနပ်ခါးဟု ခေါ်ကြသည်။
အပင်ကြီးလွန်း၍ ခွဲခြမ်းများ လုပ်ရောင်းကြသည်။ သွေးလိုက်လျှင် အဝါရောင်ထွက်ပြီး အနံ့ အနည်းငယ်သာ ရှိသည်။ ခပ်စေးစေးနှင့် ညက်ညောသည်။ မြေပွတွင်ပေါက်သော သနပ်ခါး သည် အပွေးပျော့၍ အသွေးမခံပေ။ ကျောက်စရစ် ကုန်းမြေတွင် ပေါက်သော သနပ်ခါးသည် အပွေးမာကျစ်၍ အသွေးခံသည်။
သနပ်ခါးမြစ်ကို ခုံခုံမင်မင်လိမ်းသော မိန်းကလေးများလည်း ရှိကြသည်။ သနပ်ခါးမြစ်သည် အဝါရောင်များ၍ ကနုကမာ၊ မုတ်ခွံ စသည်များဖြင့် ရောသွေးလိမ်းကြသည်။ ပင်စည်အပွေး ထက်ပို၍ စေးထန်းပြီး အသားကို ပို၍အေးမြစေသည်။ အသားအရေကို ပို၍ဝင်းပသည်ဟု အစွဲရှိကြသည်။ ပို၍ခါးသက်ပြီး မျက်နှာပေါ်မှ အဖုအပိန့်နှင့် ဝက်ခြံများကို ပျောက်စေသည် ဟုဆိုသည်။ ကိုယ်ပေါ်တွင် ယားယံသောအခါ ဆားအနည်းငယ် ထည့်၍ တစ်ကိုယ်လုံး လိမ်းကြသည်။ သနပ်ခါးမြစ်သည် ဆေးဖက်ဝင် ပစ္စည်းဖြစ်ပါသည်။
သနပ်ခါးကို စက်ဖြင့်သွေး၍ စစ်ပြီးလျှင် အခဲများ ပြုလုပ်ကြသည်။ သနပ်ခါးစစ်စစ်ဖြင့် ပြုလုပ်သော သနပ်ခါးခဲသည် ပေါ့ပါးသည်။ အများအားဖြင့် သနပ်ခါးခဲတွင် အပွေးရော အတွင်းအူပါထည့် ၍ သွေးကြသည်။ သနပ်ခါးမှုန့်သည် သနပ်ခါးတုံးကို ဓားဖြင့်ခုတ်၍ နေလှန်းပြီး အမှုန့်ကြိတ်ထားခြင်း ဖြစ်သည်။ အမြစ်တုံးကို ကြိတ်သော အမှုန့်သည် အဝါရောင် အမှုန့်ဖြစ်၍ အဖြူအနုတုံးကို ကြိတ်သောအမှုန့်သည် အဖြူရောင်ဖြစ်သည်။ သနပ်ခါးမှုန့် အကောင်းဆုံးမှာ လေမှုန့်ခေါ်လေဖြင့် ကြိတ်ဆုံဘေးလွင့် ကပ်နေသော အမှုန့်ဖြစ်ပြီး အနူးညံ့ဆုံး ဖြစ်သည်။သနပ်ခါး သွေးလိမ်းပြီးလျှင် တို့ဖတ်ဖြင့် သနပ်ခါး စစ်စစ်အမှုန့်ကို မျက်နှာပုတ်ကြလျှင် မျက်နှာအခိုးပွင့်၍ အေးမြသည်။ မျက်နှာပြောင်၍ အဆီပြန်ခြင်း သက်သာစေသည်။
အလားတူ သနပ်ခါးအတုများ ပေါ်ထွက်လျက်ရှိရာ သနပ်ခါး အတုဆိုသည်မှာ သစ်ပလွေတုံး ကိုဖြတ်၍ သနပ်ခါးတုံး အဖြစ်ရောင်းကြသည်။ တူလည်း အလွန်တူသည်။ သို့သော်သွေး ကြည့်လျှင် အရောင်ညိုညစ်၍ သနပ်ခါးနံ့မရပေ။ သနပ်ခါးသည်မွှေး၍ လျှာနှင့်တို့ကြည့်လျှင် ခါးသည်။ အချို့ကလည်း သနပ်ခါး အနုတုံးများကို မြေနီနှင့်ရှားစေးများ ရော၍ခြယ်သသဖြင့် အပွေးရင့် နေသယောင် ထင်ရသည်။ သို့သော်သစ်ပလွေ ခေါက်ထက်စာလျှင် တော်ပေ သေးသည်။
ကျွန်မတို့မြန်မာ အမျိုးသမီးများသည် အင်္ဂလိပ် သနပ်ခါးအစား (ဝါ)နိုင်ငံခြား မိတ်ကပ်ကို အထင်ကြီးစွာ သုံးစွဲမည့်အစား ငွေယိုပေါက်ကို ပိတ်သည့်အနေဖြင့် မြန်မာ့သနပ်ခါးကို စွဲစွဲမြဲမြဲ သုံးသင့်ပါ သည်။ သနပ်ခါးသည် သဘာဝသစ်ခေါက်ရည် ဖြစ်သဖြင့် လှပယဉ်ကျေး ရုံသာမက စိတ်ကြည်လင် ချမ်းမြေ့ခြင်း၊ ကိုယ်ရည်အေးခြင်း၊ အခိုးအဆီပွင့်ခြင်း၊ အသားအရေစိုပြည် ဝင်းပခြင်း၊ ရေမွှေး လွတ်၍ ရနံ့သင်းပျံ့ခြင်း စသည့်အကျိုး ကျေးဇူးကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြန်မာ အမျိုးသမီးများသည် မြန်မာ့သနပ်ခါးကိုသာ စွဲစွဲမြဲမြဲ သုံးသင့်ပါကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။
မြ၀တီ
0 comments:
Post a Comment