Sunday, October 5, 2014

ဂျူဗင်းတပ်စ်နှင့်ပွဲမှ ဒိုင်၏ စွမ်းဆောင်ရည်ကို ရိုးမားအသင်းခေါင်းဆောင် တော့တီ ပြင်းထန်စွာဝေဖန်



ဂျူဗင်းတပ်စ် အသင်းကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ရိုးမားအသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီက ကွင်းလယ်ဒိုင်၏ ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားခဲ့သည်။

အီတလီ စီးရီးအေ၏ ခြေစွမ်းအကောင်းဆုံး အသင်းနှစ်သင်း တူရင်မြို့တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရာ၌ ဂျူဗင်းတပ်စ်က (၃-၂)ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဒိုင်လူကြီး ဂီယန်လူကာ ရော့ချီ၏ ကိုင်တွယ်ပုံများမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး အသက်(၃၈)နှစ်ရှိ တော့တီက ပြင်းထန်သော စကားလုံးများဖြင့် ဝေဖန် ထိုးနှက်ခဲ့သည်။ ရော့ချီသည် အငြင်းပွားဖွယ် အခြေအနေများတွင် ဂျူဗင်းတပ်စ်ကို ပင်နယ်တီနှစ်လုံး ကန်ခွင့်ပြုခဲ့ပြီး ကားလို့စ်တီဗက်ဇ်ကချည်း ဂိုးများသွင်းယူခဲ့သည်။ ထို့အပြင် ဂျူဗင်းတပ်စ်၏ တတိယဂိုးကို လီယိုနာဒို ဘိုနူဆီ သွင်းယူရာတွင်လည်း ဂျူဗင်းတပ်စ် ကွင်းလယ်လူ အာတူရိုဗီဒဲလ်က ရိုးမားဂိုးသမား လူးကက်စ်ဇ် စကိုရွပ်စကီးကို လူကျွံအနေအထားဖြင့် သိသိသာသာ အနှောင့်အယှက် ပေးနေခြင်းကိုလည်း လူကျွံဘော သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည်။တော့တီက “အသင်းရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ မထိုက်တန်တဲ့ စိတ်ပျက်စရာ ကြီးကြီးမားမား ကြုံခဲ့တာပါပဲ။ ကျွန်တော်တို့ဟာ တူရင်မြေကိုလာပြီး ကိုယ်ပိုင်ခြေစွမ်းနဲ့ ကစားပြခဲ့တာပါ။ ဒါပေမဲ့ ဘာတွေ ဖြစ်ခဲ့ပြီး ပွဲအပေါ် ဘယ်လို သက်ရောက်ခဲ့တယ် ဆိုတာကို အားလုံး အမြင်ပါပဲ။ အီတလီမှာ နှစ်ပေါင်းများစွာ ကြာတဲ့ထိ ဒီလို ပုံစံတူ ဖြစ်ရပ်တွေ ပေါ်ပေါက်နေဆဲပဲ။ ကျွန်တော်တို့ကို ဒိုင်တွေက ဖိနှိပ်နေသလား ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီပွဲမှာ ကျွန်တော်တို့ကို နိုင်သွားတာ ဂျူဗင်းတပ်စ် မဟုတ်ဘူး။ ဒိုင်လူကြီးပဲ။ ဟုတ်တယ်။ ကျွန်တော်တို့ သိပ်စိတ်ဆိုးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အသင်းကောင်း တစ်ခုပါ။ ခေါင်းမော့ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါမယ်”ဟု ဆိုသည်။

၎င်းက ဒိုင်လူကြီးများ၏ ဘက်လိုက်မှုကို သံသယ ရှိမရှိဆိုသော မေးခွန်းနှင့် ပတ်သက်ပြီး “ဒီလိုတွေးနေတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ဒီအကြောင်း ထုတ်ပြောတာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ အီတလီ ဘောလုံးလောကမှာ လူတိုင်းလိုလို ပြောဆိုနေတာ။ ပွဲကျပ်တစ်ပွဲ ကစားရပြီဆိုရင် ဂျူဗင်းတပ်စ်အတွက် ပင်နယ်တီ တစ်လုံးလောက်က အဆင်သင့်ပဲ။ ကျွန်တော် ဒီလောက်ပဲ ပြောတော့မယ်။ ဒီထက် ပိုပြောရင်လည်း ကျွန်တော့်ကို အရေးယူပြီး ပွဲပယ်ကြဦးမယ်လေ”ဟု ပြောကြားသွားသည်။

ဂျူဗင်းတပ်စ် ဂိုးသမား ဂီယန်လူဂီ ဘူဖွန်ကမူ တော့တီနှင့် ဆန့်ကျင်ရပ်တည်ပြီး ဒိုင်လူကြီးကို အကာအကွယ်ပေး ပြောဆိုခဲ့သည်။ “ဒိုင်တွေရဲ့ အရည်အသွေးကို မေးခွန်းမထုတ်သင့်ပါဘူး။ အထူးသဖြင့် ရော့ချီလို အတွေ့အကြုံရင့် ဒိုင်မျိုးကိုပေါ့။ ဒီပွဲမှာ သူဟာ ရိုးမားနဲ့ ဂျူဗင်းတပ်စ်ဆိုတဲ့ အစွဲနဲ့ ကိုင်တွယ်သွားတယ်လို့ မထင်ပါဘူး။ ဒါက ပွဲကောင်းတစ်ပွဲပါ။ ပြီးခဲ့တဲ့ ရာသီကထက် ရိုးမားက ပိုကောင်းလာတာတော့ အမှန်ပါပဲ။ ဒါကြောင့် လက်ရှိအချိန်မှာ ဂျူဗင်းတပ်စ်နဲ့ ပိုပြီး နီးနီးစပ်စပ် ဖိအားပေး ရပ်တည်လာတာ မဆန်းပါဘူး”ဟု ဘူဖွန်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment