Sunday, October 5, 2014

ချယ်လ်ဆီးသည် အာဆင်နယ်ထက် အဆင့်အတန်း သာလွန်စွာ ကစားခဲ့ကြောင်း နဗီးလ်မှတ်ချက်ပြု



ချယ်လ်ဆီးသည် အာဆင်နယ်နှင့် ကွာဟသော အဆင့်အတန်း တစ်ခုကို ပြသပြီး အနိုင်ယူသွားခဲ့ကြောင်း Sky Sports ဘောလုံးသုတေသီ ဂယ်ရီနဗီးလ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားသည့် လန်ဒန်ဒါဘီ ပြိုင်ပွဲ၌ ချယ်လ်ဆီးက အာဆင်နယ်ကို (၂-၀)ဖြင့် အနိုင်ရခဲ့ရာ နဗီးလ်က မန်နေဂျာ ဟိုဆေးမော်ရင်ဟို၏ အသင်းသည် ပြိုင်ဘက်ကို စိတ်တိုင်းကျ ထိန်းချုပ်ပြီး အနိုင်ကစားခဲ့ခြင်းဟု အသိအမှတ် ပြုခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ကစားခဲ့ဖူးသည့် နဗီးလ်က ချယ်လ်ဆီးသည် ကျွမ်းကျင်မှုနှင့် မာကျောမှုတို့ကို အချိုးညီညီ ရောစပ် အသုံးပြုသွားနိုင်ခဲ့ပြီး ယခုရာသီ ချန်ပီယံလုပွဲတွင် အခြေခံ အကျဆုံး အင်အားမျိုး ပိုင်ဆိုင်ထားသည့် အသင်းကောင်း အဖြစ်လည်း သုံးသပ်ခဲ့သည်။“အာဆင်နယ်နဲ့ပွဲမှာ ချယ်လ်ဆီးဟာ အရာရာကို စိတ်တိုင်းကျ ထိန်းချုပ်သွားသလိုပဲ။ သူတို့ ကစားသွားတာ တကယ့်ကို သက်တောင့်သက်သာ ရှိခဲ့တယ်။ အာဆင်နယ် ကစားပုံ ဆိုးရွားခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ အစပိုင်းမှာ သူတို့ တော်တော် ကောင်းခဲ့တယ်။ ဒါပေမဲ့ မော်ရင်ဟို ပြောထားတဲ့ စကားလိုပေါ့။ ချယ်လ်ဆီးဟာ အနိုင်မရနိုင်ဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှ ခံစားရလေ့ မရှိပါဘူး။ အချိန်တိုင်းမှာ ချယ်လ်ဆီးအနေနဲ့ သူတို့ လိုချင်တဲ့ ရလဒ်အတွက် အားသွန် ကစားလာနိုင်တယ်လို့ ခင်ဗျားတို့ ခံစားမိလိမ့်မယ်။ ဒုတိယပိုင်းမှာ ဂျွန်အိုဘီ မီခေးလ်ကို လူစားထည့်လိုက်တော့ သူတို့က ပိုပြီး သန်စွမ်းလာတယ်။ ပိုပြီး ခက်ထန်လာတယ်”ဟု နဗီးလ်က ဆိုသည်။

“ချယ်လ်ဆီးရဲ့ အထင်ကရ အခိုက်အတန့်တွေကတော့ အီဒင်ဟာဇက် အကောင်းဆုံး ဘောလုံးဆွဲပြေးပြီး ပင်နယ်တီ ရသွားတာရယ်၊ ဆက်စ်ဖာဘရီဂက်စ်နဲ့ ဒီယေဂို ကော်စတာတို့ရဲ့ ပူးပေါင်း ထိုးဖောက်မှုကနေ အပျံစား ဂိုးတစ်ဂိုး ရသွားတာရယ်ပေါ့။ သေချာပါတယ်။ ချယ်လ်ဆီးဟာ အာဆင်နယ်ထက် ပိုမြင့်တဲ့ အဆင့်အတန်းမှာ ရှိခဲ့ပါတယ်”ဟု နဗီးလ်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment