Saturday, October 4, 2014

မိမိသာ အမြဲနိုင်ရမည်ဆိုသည့်စိတ် ထားပါက ဒီမိုကရေစီအား မည်သည့်အခါမျှ တိုးတက်အောင် လုပ်ပေးနိုင်မည် မဟုတ်ဟု NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)

မိမိသာ အမြဲနိုင်ရမည်ဆိုသည့်စိတ် ထားပါက ဒီမိုကရေစီအား မည်သည့်အခါမျှ တိုးတက်အောင် လုပ်ပေးနိုင်မည် မဟုတ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ ၀င်လူငယ်များအား ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် လူငယ်ညီလာခံအပြီး ဖွဲ့ စည်းခဲ့သော အဖွဲ့ချုပ်ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ အစည်းအဝေး၌ လူငယ်များဆွေးနွေးရရှိသည့် ရလဒ်များနှင့်ပတ်သက်၍ အမှာစကာ ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အခုဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ တကယ်တမ်း ဘယ်လိုပုံစံတွေနဲ့ ဆုံးဖြတ်ကြတယ် ဆိုတာကို ကျွန်မဒီအစည်းအဝေးမှာ မရှိလို့ မသိဘူးပေါ့နော်။ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေ အားလုံးကို အားလုံးကတော့ ရာခိုင်နှုန်း ၁၀၀ သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဒီမိုကရေစီအရ ဒီမိုကရေစီ ဆိုတာကို အသိအမှတ်ပြုရမယ်။ လူတိုင်းက တစ်သဘောထားတည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုတစ်သဘောထားတည်း မဖြစ်နိုင်တဲ့အတွက် သဘောတူညီချက်ယူရမယ်။ တစ်သဘောထားတည်း မဟုတ်လို့ သဘောတူညီချက် မယူနိုင်ဘူးဆိုတာ မဟုတ်ဘူး။ သဘောတူညီချက် ယူရမယ်။ သဘောတူညီ ချက်ယူတဲ့နေရာမှာ အဲဒီမှာ ဘာအရေးကြီး လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်သိပ်ပြီးတော့ အထင်မကြီးဖို့ အရေးကြီးတယ်။ ကိုယ့်ဘက် ကိုယ်ပဲ ကိုယ် မယက်ဖို့ပေါ့။ သိပ်ပြီးတော့ လောဘတွေမများဖို့က အရေးကြီးတယ်။ ငါအမြဲနိုင်ရမယ်ဆိုတဲ့ စိတ်ထားလို့ကတော့ ဒီမိုကရေစီကို ဘယ်တော့မှ တိုးတက်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ တချို့ကတော့ ပြောကြတယ်။ ငါတို့က နိုင်တတ်တယ်။ နိုင်ဖို့ အဆင်သင့်ပဲ။ နိုင်ဖို့ကတော့ အဆင်သင့်ပဲ။ ရှုံးဖို့ရော အဆင်သင့်ရှိရဲ့လားဆိုတာ ဒါမေးရမယ်။ နိုင်တတ်ရုံနဲ့လည်း မပြီးသေးဘူး။ ရှုံးတတ်ရမယ်။ ရှုံးတတ်ရမယ်ဆိုတာ အရှုံးပေးတတ်ရမှာ မဟုတ်ဘူးနော်။ ရှုံးတတ်တာနဲ့ အရှုံးပေးတတ်တာနဲ့ မတူဘူး။ ကိုယ်နိုင်အောင်လို့ အသားကုန်ကြိုးစားရမှာပဲ။ ဘယ်တော့မှပဲဖြစ်ဖြစ် နိုင်အောင်ကြိုးစားတာ မမှားဘူး။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ကြိုးစားတယ်ဆိုတာ အင်မတန်အရေးကြီးတယ်” ဟု ပြောကြားသည်။



အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို တွေ့ရစဉ်

ထို့အပြင် လူငယ်များအနေဖြင့် အရှုံးနှင့် ကြုံလာပါကလည်း ရင်ဆိုင်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ အရှုံးနှင့် ရင်ဆိုင်ရပါကလည်း မိမိကိုယ်ကိုယ် ပြန်သုံးသပ်သင့်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်တဲ့ သင်တန်းတွေကိုစီစဉ်ပြီး လူငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီလိုမြှင့်တင်တာ ဘာအတွက်လဲဆိုရင် နိုင်ငံ့အတွက် သုံးနိုင်ဖို့ပဲ။ တစ်ခုပဲရှိတယ်။ နိုင်ငံ့အတွက် သုံးနိုင်ဖို့ဆိုတာနဲ့ နိုင်ငံရေးလုပ်နိုင်ဖို့ဆိုတာနဲ့ နည်းနည်းလေးတော့ ကွာပါတယ်။ နိုင်ငံရေးလုပ်ခြင်း အားဖြင့်လည်း နိုင်ငံ့အတွက် ကိုယ့်ကိုယ်ကိုယ် သုံးလို့ရတယ်။ ဒါ့ပေမဲ့ ကိုယ့်အတွက်လည်း သုံးလို့ရတယ်။ အဲဒီတော့ ဒီဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ နိုင်ငံရေးလုပ်တာဟာ နိုင်ငံ့အတွက်ပဲ ဖြစ်စေချင်တယ်။ ဒီနှစ်ခုဟာ အင်မတန်မှ နီးစပ်နေတဲ့ အခါကျတော့ ခွဲခြားရခက်ပါတယ်။ လုံးဝကိုယ့်အတွက် မပါရဘူးလားဆို တော့ ပါမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အခုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် တွေဆိုတာလည်း သာမန်ပုထုဇဉ်တွေပဲ။ အဲဒီတော့ အတ္တဆိုတာရှိမှာပဲ။ ကိုယ့်အတွက် ဆိုတာရှိမှာပဲ။ ဒါလည်းမမှားပါဘူး။ ဒါပေမဲ့ သတ္တ၊ အတ္တနှစ်ခုပူးတွဲပြီးတော့ လုပ်လို့ရှိရင် ပိုပြီးတော့တောင် အောင်မြင်နိုင်ပါသေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

သို့သော် မိမိ၏ ကိုယ်ရေးကိုယ်တာ တိုးတက်ရန်၊ ထင်ပေါ်ရန်နှင့် နေရာရရှိရေး အတွက်သာ ဦးစားပေးမည် ဆိုပါက မိမိနိုင်ငံအတွက် လုပ်ရမည့်လုပ်ငန်းများ ပတ်သက်ပါက ဆုံးဖြတ်ချက်များ မှားနိုင်သဖြင့် သတိပြုရမည်ဖြစ်ကြောင်း လူငယ်ပါတီဝင်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်ရေးရာ တာဝန်ခံအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။


Eleven Media Group

0 comments:

Post a Comment