Saturday, October 4, 2014

ဗိုလ်တိုက်ဂါး ထွက်ပြေးတိမ်းရှောင်နေ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA – PC) မှ ဗိုလ်တိုက်ဂါးအား မြ၀တီမြို့မရဲစခန်းမှ လက်နက်ဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်း ရရှိသည်။
အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြ၀တီမြို့၊ အမှတ် (၃) ရပ်ကွက် မြ၀တီ - မဲထော်သလေးသွား ကားလမ်းဘေးရှိ ဗိုလ်တိုက်ဂါးနေအိမ်ခြံဝင်းအား နယ်ခြားစောင့်တပ် ၁၀၂၂ မှ ဗိုလ်ကြီး စောတိုင်းကျော် ဦးစီး မြ၀တီ ဌာနေပြည်သူ့ စစ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ လက်လုပ်မိုင်း (၁၁) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယင်းအိမ်တွင် လူနေထိုင်ခြင်းမရှိ၍ တစ်ဦးမျှ ဖမ်းမိထားခြင်းမရှိဘဲ တရားမ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့သဖြင့် ဗိုလ်တိုက်ဂါးအား အထွေထွေ ဥပဒေ ပေါက်ကွဲ (၅) ပုဒ်မဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်ကြောင်း မြ၀တီမြို့မ ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ၀င်ရောက်မည့်ထိုင်းကုန်ကားအစီး (၃၀) ကို စက်တင်ဘာ (၁၃) ရက်နေ့တွင် ဗိုလ်တိုက်ဂါးမှ တားဆီးခဲ့မှုကြောင့် နှစ်နိုင်ငံကုန် သွယ်ရေးအနှောင့်အယှက်ဖြစ်ခဲ့ရသလို ၎င်းကိစ္စအား နယ်လုံဝန်ကြီး နှင့် ပူးပေါင်းအဖွဲ့မှ ဖြေရှင်းခဲ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်တိုက်ဂါးက မြ၀တီမြို့တွင် အစိုးရတပ်များ ယူနီဖောင်းဝတ်သွားလာခြင်းမပြုလုပ်ရန် သတိပေးစာထုတ်ပြန်ခဲ့သည်။

ဗိုလ်တိုက်ဂါး၏ သတိပေးစာမှာ KNU/ KNIA –PC ဗဟိုဌာနချုပ်နှင့် လုံးဝမသက်ဆိုင်ကြောင်း နယ်လုံဝန်ကြီးထံ အကြောင်းကြားစာပို့ခဲ့ရာမှ ဗိုလ်တိုက်ဂါးအရှက်ကွဲ ကာ ယင်းအဖွဲ့မှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
KNU/KNLA – PC အဖွဲ့မှ ဗိုလ်တိုက်ဂါး နုတ်ထွက်ပြီး DKBA အဖွဲ့သို့ ကူးပြောင်းဝင်ရောက်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း DKBA အဖွဲ့က ၎င်းသတင်းအားအတည်မပြုဘဲ အဖွဲ့ဝင်အဖြစ် လက်ခံမည်မဟုတ် ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပါသည်။
KNU/KNLA – PC အဖွဲ့မှာလည်း ဗိုလ်တိုက်ဂါး၏ ခွဲထွက်မှုကို အသိအမှတ် မပြုကြောင်း၊ ဗိုလ်တိုက်ဂါးသည် မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားကာ စီးပွားရှာနေသူဖြစ်ကြောင်း၊ ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် ကြောက်လန့် ကာ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း အမှတ် (၁၀၂၂) နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသွားခဲ့သည်။

စောအက်သာ
နေ့စဉ်သတင်း

0 comments:

Post a Comment