Wednesday, October 8, 2014

ရှမ်းပြည်တပ်မတော် SSA ဌာနချုပ်ကို သိမ်းပိုက်ရန် မရှိဟု ဦးအောင်မင်း ပြောကြား


အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းကို သိမ်းပိုက်ရန် အစိုးရအစီအစဉ် မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အောက်တိုဘာ ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း SSPP/SSA ဌာနချုပ်အနီး အစိုးရနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်က ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာတွင် ဦးအောင်မင်းက သိမ်းပိုက်မည် မဟုတ်ဟု ပြန်လည်ပြောဆိုကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတ အနေနဲ့ ဝမ်ဟိုင်းဌာနချုပ်ကို ဘယ်တော့မှ မသိမ်းခိုင်းပါဘူးလို့ ဦးအောင်မင်းက ပြောပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ စိန်ကျော့ဌာနေ ပြည်သူ့စစ် (SSA) တို့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ ဆွေးနွေးပွဲမှ အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

အစိုးရနှင့် SSPP/SSA ကြား အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့်

အောက်တိုဘာ ၃ ရက် နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင်တံတား အနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။

“အဲဒီဒေသမှာ ရှမ်းတပ်ရော၊ ဗမာတပ်ရော စစ်ကြောင်းလှုပ်ရှားမှုတွေ မလုပ်ဖို့ နိုင်ငံတော်သမ္မတက အရင်ကတည်းက အကြောင်းကြားထားပြီးသားပါ။ ကြားထဲက နားလည်မှု လွဲတာပါ။ အခုတော့ နှစ်ဖက်လုံး ပြန်ငြိမ်နေပါပြီ” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက မှတ်ချက်ပြုသည်။

ယင်းသို့ ရှမ်းပြည်နယ်အတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အင်အားစုများက စာပေးပို့ထားသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အင်အားထောင်ချီ အသုံးပြု တိုက်ခိုက်နေသည့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA က အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment