UK နဲ့ သြစတြေးလျ တက္ကသိုလ်တွေဟာ အာရှက ပညာ/ဘွဲ့လက်မှတ် လောဘသားတွေကို မှီခိုနေရတာ ဆယ်စုနှစ်ကျော်ကြာပါပြီ။ အထူးသဖြင့် သြစတြေးလျပါ။ UK က အရှေ့အလယ်ပိုင်း ရေနံဒေသဆီက ဈေးကွက်ဝေစု ရပါသေးတယ်။ သြဇီကတော့ အာရှကို အဓိကမှီခိုရပါတယ်။ ဒါတောင်မှ အဲဒီလို ပိုက်ဆံတွေ အများကြီး ပေးထားတဲ့ ကျောင်းသားတွေကို သြဇီက ဘယ်လို ဆက်ဆံသလဲ နည်းနည်း ပြောကြည့်ချင်လို့။ အခြားနိုင်ငံတွေတော့ မရောက်ဖူးသေးလို့ မသိပါ။ သိတဲ့လူများ ပြောပြကြပါ။ကျောင်းမှာ ဆရာတွေကို သဘောမတူလို့ရပါတယ်။ အငြင်းသန်ရင် အချို့ဆရာတွေက အိမ်အထိ ဖိတ်ပြီး ပေးငြင်းပါတယ်။ ဒီလိုပြောလို့ ဆရာက ပိုက်ဆံပေးထားတာမို့ ကြောက်လို့ မဟုတ်ပါ။ အကြောင်းအရာကို ငြင်းခွင့် ရှိပေမယ့် စကားလုံး ယဉ်ကျေးရပါတယ်။ စာသင်ချိန် ၁၀ ပတ်စာကို မြန်မာငွေ သိန်း ၂၀ ကနေ ၄၀ကြားပေးထားရပေမယ့် ဆရာကို မခန့်လေးစား ပြုမူရင် ဆရာကိုယ်တိုင် ဖြစ်စေ၊ လုံခြုံရေးနဲ့ ဖြစ်စေ စာသင်ခန်းထဲက ဆွဲထုတ်လို့ရပါတယ်။ စကားပြော မကျွမ်းကျင်သူတွေက ငြင်းချက်ထုတ်ချင်ရင် ဆရာကို ပထမ ဘာသာစကား အခက်အခဲ အကြောင်း တောင်းပန်ပြီးမှ ဆက်ပြောရပါတယ်။
ဘွဲ့ကြိုတန်းတွေမှာ လွတ်လပ်ခွင့် ပိုများပေမယ့်၊ ဘွဲ့လွန်တမ်းတွေမှာ အဝတ်အစားကအစ ကန့်သတ်ပါတယ်။ ၄၀ ဒီကရီလောက် အထိ ပူတာမှန်ပေမယ့် စာသင်တန်းထဲမှာ Provocatively မဝတ်ဖို့ စာထုတ်ထားပါတယ်။ Presentation ရှိတဲ့ အခါမျိုးမှာ ဆိုရင် ကိုယ့်အခါလှည့် မဟုတ်ရင်တောင် ဘောင်းဘီတို၊ ခြေညပ်ဖိနပ် မဝတ်ပါနဲ့လို့ တောင်းဆိုပါတယ်။ ဝတ်ရင် အမှတ်လျော့ပါတယ်။ မကျေနပ်ရင် ကျောင်းကောင်စီကို တိုင်လို့ရပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကို သက်သေခေါ် အမှုစစ်ပါတယ်။ ၃ ပုံ ၂ ပုံ ထောက်ခံချက် မရလို့ တင်ပြသူ ရှုံးပါတယ်။
ဒီလို လုပ်ခွင့်ရှိတယ် ဆိုတာလဲ ကျောင်းစမအပ်ခင်ကတည်းက Academic Integrity ဆိုတာကို လက်မှတ်ထိုးရပါတယ်။ အလွယ်ပြောရင်တော့ တက္ကသိုလ် ပရဝဏ် အတွင်းမှာ ပညာသင်ကြားသူတို့ရဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီစွာ ကျင့်ကြံနေထိုင်ပါမည်လို့ ကနဦးတည်းက ဝန်ခံ ကတိပြုရတာပါ။
ဒါက ဥပမာလောက် ပြောတာ။ အခြား အသေးအဖွဲထဲက အရေးကြီးတာလေး ပြောဦးမယ်။
အားလုံးပဲ သိတဲ့ အတိုင်း သြဇီဟာ အစစအရာရာ ဈေးကြီးပါတယ်။ ကျောင်းစရိတ်ကလည်း သိကြတဲ့ အတိုင်းပါပဲ။ Bus စီးတဲ့အခါ Zone နဲ့ခွဲထားတယ်။ ကျောင်းနဲ့ အိမ်နဲ့ 2 zone ဆိုရင် ၅ ကျပ်လောက်ကျပါတယ်။ ဒါတကြောင်းစာထဲပါ။ အသွားအပြန် အနည်းဆုံး ၈ ကျပ်လောက်ပေးရပါတယ်။
Bus စစီးတော့ သင်ပေးတဲ့သူက မှာတယ်။ ကားပေါ်တက်ရင် အချိန်ကာလ အလိုက် ဒရိုင်ဘာကို နှုတ်ဆက်ရမယ်။ ကားပေါ်ကဆင်းရင် ကျေးဇူးတင်ပါတယ် ပြောရမယ်။ အံ့သြစရာပါ။ ရိုးရိုးလူတွေလည်း လိုက်နာကြပေမယ့် ဒီစည်းကမ်းချက်ကို အထူးသဖြင့် ကျောင်းသား/သူတွေ လိုက်နာရပါတယ်။ အခြေခံ အဆင့်ပဲ မဟုတ်။ တက္ကသိုလ် ပရဝဏ်ထဲ ရောက်တဲ့ ကားကို စီးရင် ကျောင်းသားဆိုရင် အသက် ၆၀ လည်း ကျေးဇူးတင်ပါတယ် ပြောရပါတယ်။ ပြောလည်း ပြောကြပါတယ်။ အထူးသဖြင့် ကျောင်းဖွင့်ကာစ ရာသီတွေဆို ပိုပြီး ချစ်ချစ်ခင်ခင် ရှိကြပါတယ်။ စာမေးပွဲ နီးလာရင်တော့ စိတ်နောက်ကုန်လို့ပါ။ တခါ စာမေးပွဲ ကာလမှာ ကျောင်းထဲဝင်တဲ့ ကားဆရာက ကျောင်းသားတွေကို Good Luck လို့ ဆုတောင်းပေးပါတယ်။
မပြောရင်ရော..... အနည်းနဲ့ အများတော့ ကားပေါ်ကျန်တဲ့ သူတွေက ပြူးပြဲ ကြည့်ကြပါတယ်။ အခြေခံ အဆင့် ကျောင်းသားလေးတွေဆို ကားဆရာက ဆူပါတယ်။ မင်းတို့ ဘာလို့ မနှုတ်ဆက်တာလဲ ဘာညာဆိုပြီး ကားရပ်ပြီး Lecture ရိုက်ပါတယ်။ ဒါက ကားဆရာရဲ့ လုပ်ပိုင်ခွင့်ပါ။ ကျောင်းဆရာ မဟုတ်သေးပါဘူး။
ခိုင်မာတဲ့ ဂုဏ်သိက္ခာဆိုတာ ထိုက်သင့်အောင် ကျင့်ကြံနေထိုင်မှု ဆီကပဲ ရနိုင်ပါတယ်။
**တနေ့က ကျောင်းသား ဆိုသူများက ကျောင်းဝင်းတွေကို ချိုးဖျက်တာ၊ ဆရာတွေကို ခင်ဗျား၊ ကျွန်တော် ခေါ်ရဲတာ၊ ကြက်သီးများတောင် ထမိပါတယ်။**
မြန်မာပြည် ပညာရေးမှာ အဓိက ပြုပြင်စရာ နှစ်ခု ရှိပါတယ်။ ပညာရပ် ဘွဲ့နဲ့ ထိုက်တန်တဲ့ အရည်အသွေး အဆင့်အတန်းမှီအောင် တက္ကသိုလ်တွေဖက်က ဖြည့်စည်းပေးဖို့။ နောက်တခုက Academic အနေနဲ့ မကျင့်ကြံနိုင်မယ့် အရည်အသွေး မပြည့်မှီသူများကို ပြတ်ပြတ်သားသား ဘွဲ့မချီးမြှင့်ဖို့ပါပဲ။
Credit>>>Khin Nyein Nyein
Sunday, February 1, 2015
အော်ဇီတက္ကသိုလ် အကြောင်းပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment