Monday, February 2, 2015

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားပဲ့ကိုင်ရှင်ကြီး ဇာဂနာနှင့် စကားပြောခြင်း


ဗိုလ်ချုပ်အတ္ထုပ္ပတ်္တိရုပ် ရှင်ကားကြီး စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ စရိုက်တဲ့အခန်းတွေနဲ့ ရိုက်ကွင်းပေါ်ကအကြောင်း လေးပြောပြပါဦး။

- အောင်တိုဘာ ၂၁ ရက်က မင်းထင်ကို ကိုကြီးက ဂျပန်လက်အောက်ခံအဖြစ်ရှိနေချိန်၊ ဂျပန် ကိုတပ်ဖျောက်ကာ ပြန်လည်တော်လှန်ဖို့ စစ်ထွက် မိန့်ခွန်းမပြောမီ ဗိုလ်ချုပ်က သားနှစ်ယောက်နဲ့ တတိယ ကိုယ်ဝန်ဆောင်ထားနေပြီဖြစ်တဲ့ ဒေါ်ခင်ကြည်ကို အ စောင့်နှစ်ဦးနဲ့အတူ နယ်ဘက်မှာပုန်းရှောင်ဖို့ စေလွှတ် တဲ့အခန်းက စရိုက်နေပါပြီ။ နောက်ရိုက်မယ့်အခန်း တွေက ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်မင်္ဂလာဆောင်တဲ့ အခန်း။ သူတို့နှစ်ယောက်တည်း တော်လှန်ရေးကြားထဲက အချစ်ခန်းလေးကိုပြချင်တာ။ဒီဇာတ်ကား မရိုက်ဖြစ်တော့ဘူး၊ ပျက် သွားပြီလို့လည်း ကြားရတယ်။

- ၂၀၁၃တုန်းက ဒီဇာတ်ကားရိုက်ဖြစ်မှာ မဟုတ်တော့ဘူး။ ပျက်ပြီဆိုပြီး ဖြစ်သွားတာက၊ ကနေဒါက ပရိုဂျူဆာရောက်လာတော့ ကျွန်တော်တို့အဖွဲ့နဲ့ တွဲပြီး အလုပ်မလုပ်နိုင်ဘူးလို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကို သွားပြောတယ်။ ဗိုလ်ချုပ်ရုပ်ရှင် တဖွဲ့လုံးကို မလိုချင်ဘူးတဲ့။ အဲဒီအဖွဲ့ ဖျက်လိုက်တဲ့။ အကယ်၍ တယောက်တည်းနဲ့အလုပ်လုပ်ရရင် သူတို့က ငွေကြေးလည်း ထောက်ပံ့မယ်တဲ့။ ကျွန်တော်တို့ရေးထားတဲ့ ဇာတ်ညွှန်းကိုလည်း မသုံးတော့ဘူး။ ပထမတော့ အဲဒီလူပြောသလိုပဲ လုပ်ကြတာပေါ့ဆိုတော့ ကျွန်တော်တို့လည်းပက်လက်လန်ပြီ။ ကဲ၊ မလုပ်တော့ဘူးဆိုပြီး နေလိုက်တယ်။ နောက်ထပ် လေးငါးလလောက်ကြာတော့ အဲဒီဘက်က လူတွေ ဘာမှပြန်ပြီးမဆက်သွယ်တော့ဘူး။ အဲဒီကျမှ ကဲ၊ ဘယ်လိုလုပ်ကြမလဲ။ ဗိုလ်ချုပ်လည်း နှစ် ၁၀၀ ပြည့် တော့မယ်ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရိုက်ကြ မယ်ဆိုပြီးဖြစ်သွားတာ။

ဒီကားရိုက်ဖို့အတွက် နိုင်ငံတော်က ငွေရေးကြေးရေးအရ ထောက်ပံ့ပေးတာမျိုး ရှိပါသလား။

- ကျွန်တော်တို့ တိုင်းပြည်က မရောင်ရာဆီလူးတယ်လေ။ ကျွန်တော်တို့ရဲ့မူက One More ပဲ။ တနိုင်ငံလုံးက လူတွေတယောက်ကို တထောင် ထည့်ပေးကြပါ။ လူဦးရေ သန်းသုံးဆယ်လောက် ထည့်လိုက်ရင်ရသွားပြီ။ အဲလိုဆို ပြည်သူတရပ်လုံးလည်း ပါလာမယ်။ အားလုံးစိတ်ဝင်စားမယ်ဆိုပြီး တယောက်တထောင်နဲ့ တနိုင်ငံလုံး အလကားပြမယ်။ ခုတော့ နောက်ကျသွားတာပေါ့။

ငွေရေးကြေးရေးအရ အခုလက်ရှိ ဘယ်လောက်ရှိလဲ၊ ဘယ်လောက်မှန်းထားလဲ။

- ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် သိန်းတထောင့်တရာ စွန်းစွန်းလေးပဲရှိတယ်။ ဗိုလ်ချုပ်က သီဟို၊ အင်္ဂလန်၊ ဂျပန်သွားတယ်။ အပျော်သွားတာ မဟုတ်ဘူး။ အရေးကြီးကိစ္စအတွက် သွားလာတဲ့နေရာတွေ။ အဲဒီတော့ သိန်းပေါင်းသုံးသောင်းကနေ ငါးသောင်းကြားထဲမှာ ကုန်မယ်။ ကျွန်တော်တို့တိုင်း ပြည်မှာ သိန်းပေါင်းသုံးသောင်းနဲ့ ငါးသောင်းတန်တဲ့ခြံတွေရှိနေတယ်။ ခြံတကွက်စာတောင်မရှိဘူး။ အဲဒီလူတွေကလှူချင်ပေမယ့် ကျွန်တော်တို့အဖွဲ့က ဘာမှလုပ်မပြနိုင်တဲ့အတွက် ဘယ်သူကယုံမှာလဲ။ အလကားသက်သက် ပိုက်ဆံဘယ်ထည့်ချင်ပါ့မလဲ။

လှူမယ့်သူတွေ လှူချင်လာအောင်ဘယ် လိုဆောင်ရွက်မှုတွေလုပ်ရင်ရမလဲ။

- အခု ဆုံးဖြတ်ထားတာက အစမ်း Teaser သဘောရိုက်ပြမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့။ အခု အခန်းလေးခန်းဆို အားလုံးကြည့်လို့ရအောင် Youtube ကနေပြမယ်။ ဒီလို ကြိုးစားပြီးရိုက်ထား ပါတယ်။ ကြည့်ကြည့်ပါ။ ဒါပေမဲ့ပိုက်ဆံတော့မရှိဘူး။ အဲတော့ ၀ိုင်းပြီးလှူကြပါလို့ မေတ္တာရပ်ခံရမှာပဲ။

ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် တော်လှန်ရေးပန်းခြံမှာ စစ်ထွက်မိန့်ခွန်းပြောတဲ့ အခန်း၊ နောက်လုပ်ကြံခံရတဲ့ အတွင်းဝန်ရုံး၊ နောက် ဂျူဗလီဟောကတော့ မရှိတော့ဘူး။ မြို့တော်ခန်းမ ပါမယ်။

အဲဒီအခန်းတွေအတွက် အစိုးရဆီက အ ကူအညီရပါသလား။

- သေချာတာကတော့ မရဘူးလို့ပဲ ကျွန်တော် ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့အဖွဲ့က တော်တော်များများက ရဦးမယ်လို့ မျှော်လင့်နေကြတယ်။ ဘာကြောင့်လဲဆိုတောာ့ ဒီဇာတ်ကားဟာ ၂၀၁၅အတွက် မဲဆွယ်စည်းရုံးတယ်လို့ အစိုးရဘက်က ထင်နေတဲ့ အတွက် ကျွန်တော်တို့အကူအညီမရဘူး။ တော်လှန်ရေးပန်းခြံဆက်တင် ဆင်ပြီးရိုက်ရင် ဘယ်လိုမှ တူအောင် ရိုက်လို့မရပါဘူး။ ဒါကြောင့် ဆက်တင်တွေကို မလေးရှားမှာသွားရှာထားတယ်။ ညှိလည်း ညှိ ထားတယ်။ ကုန်ကျစရိတ် တွက်ထားပြီးသား။ အတွင်းဝန်ရုံးအတွက် ကျွန်တော်တို့သိန်းငါးရာလောက် သုံးရမယ်။ ဆက်တင်တော့ ပျံနေအောင်ရမယ်။ လှေ ကားထစ်ကအစ အကုန်လုံး။ နောက်ယိုးဒယားက နရစွမ်ရိုက်တဲ့ Studio မှာလည်း အလုပ်ဖြစ်တယ်။ အဲဒီမှာပစ္စည်းတွေကော၊ အင်္ကျီတွေကော အကုန်ရှိတယ်။ ဂျပန်ကုမ္ပဏီတခုကလည်း ပစ္စည်း။ အ၀တ်အစား၊ ကင်မရာကအစ အကုန်ကူညီမယ်။ ဒါကတော့ အန်တီ့ဆီကရတာ။ သေချာတာကတော့ ဒီကဟာတွေကို ကျွန်တော်အားမကိုးချင်ဘူး။ ကျွန်တော်တို့ အဖွဲ့က လူတွေကတော့ရမယ်လို့မျှော်လင့်ပြီး စာတင် တာ။ ရရင်လည်းရမှာပေါ့လေ။ ကျွန်တော်ကတော့ မယုံလို့ကြိုပြင်ပြီးသား။

ကြယ်စင်မော်ကွန်းကျတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်တံဆိပ်တွေ၊ ခေါင်းကနေခြေထောက်အထိ အားလုံးရတယ်။ ကျွန်တော်တို့ ကျတော့မရဘူးဆိုတော့ စဉ်းစားလို့မရတော့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်မယ်လို့ ဆုံးဖြတ်ပြီး နိုင်သလောက်တော့ လုပ်သွားမယ်။ ပိုက်ဆံကုန်သွား ရင်တော့ ကျွန်တော်တို့မရိုက်တော့ဘူး။

ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး ပြောပြပါဦး။

- ပထမအဆင့်က ဇာတ်ညွှန်းကို ချစ်ဦးညို၊ ဆရာကြည်စိုးထွန်းနဲ့ ဆရာငြိမ်းမင်း သုံးယောက်ကို ကမ်းလှမ်းတယ်။ စရေးတော့မယ်ဆိုတော့ ဆရာငြိမ်းမင်းက အလုပ်များနေတဲ့အတွက် နုတ်ထွက်သွားတယ်။ အဲဒီမှာ မြမြင့်မိုရ်ကို အစားထိုးလိုက်ရပါတယ်။ ဆရာသုံးယောက်ကရေးပြီးတော့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကို ပေးဖတ်တယ်။ ဖတ်ပြီးတော့ ဇာတ်ညွှန်းအတိုင်း ရိုက်မယ်ဆိုရင် ၆ နာရီလောက်ကြာမှာမို့ များနေတယ်။ ၃ နာရီဆို အလွန်ဆုံးပဲလေ။ ဒါကြောင့် ဆရာတွေဆီခွင့်တောင်းပြီး ကျွန်တော်မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်၊ အိအိခိုင်၊ ကိုမျိုးမင်းတို့ Edit လုပ်ပြီး ဘယ်အခန်းယူမယ်။ ဘယ်အခန်းမယူဘူးတိုင် ပင်တာ ရက်ပေါင်း၄၀လောက်ကြာပါတယ်။ နောက် အန်တီ့ကိုထပ်ပြတယ်။ ပြင်ပြီးတော့ ဒီအတိုင်းထားလို့ မရဘူး။ အင်္ဂလိပ်လို ဘာသာပြန်ရတယ်။ ဘာသာ ပြန်ပြီး ဇာတ်ညွှန်းကို သူများခိုးမှာစိုးလို့ အမေရိကား ကို မူပိုင်ခွင့်မှတ်ပုံတင်ရတယ်။ မှတ်မိသလောက် ဒေါ် လာ ၂၅၀၀ နဲ့ ၃၀၀၀ ကြားကုန်တယ်။ မှတ်ပုံတင်ပြီးမှ ရုပ်ရှင်ရိုက်လို့ ရမှာကိုး။ အဲဒီမှာနိုင်ငံခြားက ဒါရိုက် တာတွေ၊ ထုတ်လုပ်သူတွေဝင်လာပြီး ကကျိုးကကြောင်တွေ ဖြစ်တယ်။ အတိုချုပ်ပြောရရင် အခုကျွန်တော်တို့ပဲပြန်လုပ်ရတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ ကြာမြင့်ချိန်နဲ့ ဘယ်သူတွေက ဘယ်လိုတာဝန်ယူတယ်ဆို တာကိုလည်းသိပါရစေ။

- ရိုက်ကူးချိန် (၈)လနဲ့ (၁၄) ရက်လောက် ကြာလိမ့်မယ်။ ပြည်သူ့အရေးဂျာနယ်က ကိုမော်လင်း၊ သူ့ကို သမိုင်းဘက်မှာ တာဝန်ပေးထားတယ်။ ဇာတ်ညွှန်းပိုင်းကတော့ ကျွန်တော်နဲ့မင်းထင်ကိုကိုကြီး။ အ၀တ်အစားပိုင်းက ကြည်ဖြူသျှင်၊ အရိုင်း၊ ဝေဠု ကျော်၊ သရုပ်ဆောင်ရွေးချယ်တာနဲ့ လေ့ကျင့်သင်ကြားဖို့က ကိုမျိုးမင်း၊ လူမင်း၊ ကိုဝိုင်းတို့က တာဝန်ယူတယ်။ ငွေရေးကြေးရေးကိစ္စကို ဒေါ်အိအိခိုင်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့က တာဝန်ယူတယ်။ ကိုယ့်ဟာကိုယ်ပြန် ခွဲပြီးပြန်စရအောင်ဆိုပြီး လုပ်ခဲ့ကြတယ်။

ဖြည့်စွက်ပြောချင်တာများရှိရင်။

- ဗိုလ်ချုပ်မွေးနေ့မှာ အဲဒီဇာတ်ကားကြီးပြမယ်ဆိုပြီး မလုပ်နိုင်ခဲ့တာ၊ မမီခဲ့တာ တနိုင်ငံလုံးကို တောင်းပန်ချင်တယ်။ အခုစလုပ်နေပါပြီလို့။

သတင်းချစ်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment