Tuesday, May 5, 2015

“ ၀ ” က စိန်ခေါ်လာပြီ


“ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ၀ ပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ နေပြည်တော်အစိုးရကို တင်ပြထားပြီးဖြစ်ပြီး အခုညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကလည်း “ ၀ ” တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားကို စာနာ၊ နားလည်၊ ထောက်ခံပေးဖို့ သူ့အနေနဲ့ မျှော်လင့်တယ်” လို့ ၆ ရက်ကြာ ကျင်းပနေတဲ့ ညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပြောဆိုခဲ့ပါတယ်။“ ၀ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၂ဖွဲ့ ပါဝင်သော စတုတ္ထအကြိမ် မြောက် တိုင်းရင်းသားညီလာခံ ကျင်းပလျက်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်မှုနဲ့အတူ ဆက်လက်လုပ်ဆောင်မည့် အပစ်ရပ်ကိစ္စများအတွက် ဆွေးနွေးညှိနှိုင်းရန် “ ၀ ” ခေါင်းဆောင်များက လက်ခံကျင်းပပေးခြင်း ဖြစ်တယ်လို့သိရပါတယ်။

သို့သော် “ ၀ ” အနေနဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကို ကျင်းပပေးတာ ငြိမ်းချမ်းရေးလိုလားတာကြောင့်လို့ အသိ အမှတ်ပြုနိုင်ပေမယ့် ရာနှုန်းပြည့်ယုံကြည်ထောက်ခံဖို့တော့ စောနေသေးတယ်လို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံ သုံးကြိမ်စလုံးတွင် “ ၀ ” အဖွဲ့က တက်ရောက်ခြင်း မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

“ လောလောဆယ် ပန်ဆန်းမှာလုပ်နေတဲ့ တိုင်းရင်းသားညီလာခံဟာ အပစ်ရပ်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ သိရတယ်။ ဒါပေမယ့် “ ၀ ” က တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုခေါ်ပြီး ပူးပေါင်းလိုက်တဲ့သဘောပဲဗျ။ ပထမအကြိမ်ကို လိုင်ဇာမှာလုပ်တယ်၊ ဒုတိယအကြိမ်ကို လော်ခီးလာမှာလုပ်တယ်၊ တတိယအကြိမ်ကို လိုင်ဇာမှာပဲပြန်လုပ်တယ်၊ အဲဒီ သုံးကြိမ်စလုံး “ ၀ ” ကို ဖိတ်တာပဲ၊ သူမတက်ဘူးလေ၊ အခုလိုချက်ချင်းလက်ငင်းလက်ခံလိုက်တာ “ ၀ ” မှာ ရည်ရွယ်ချက် တစ်ခုခု တော့ရှိမှာသေချာတယ် ” ဟု “ ၀ ” အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

UWSA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်က ဗကပမှခွဲထွက်ပြီး နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သောကြောင့် ယင်းအဖွဲ့အား အကြမ်းဖက်အဖွဲ့စာရင်းကနေ နိုင်ငံတော်မှ ဖြေလျော့ပေးခဲ့ကြောင်း၊ သို့သော် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးခဲ့မှု ကို အခွင့်ကောင်းယူကာ လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ်ကနေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ထောက်ခံပေးဖို့ တောင်းခံလာတာပဲ ဖြစ်ပါတယ်။

" ၀ " က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းတာကြာပါပြီ၊ သူတစ်ဖွဲ့တည်းတောင်းလာတာမရတဲ့အတွက် ဟို ၁၂ ဖွဲ့ကို လူမိုက်ငှားတဲ့သဘောပါ၊ အဲဒီ ၁၂ ဖွဲ့ရဲ့ ထောက်ခံမှုကို ရချင်တာ၊ အစောကတည်းကပြောပါတယ်၊ “ ၀ ”က သူ့အတွက် အကျိုးမရှိဘဲနဲ့ သူ့ဒေသမှာ တိုင်းရင်းသားညီလာခံ ကျင်းပပေးမှာမဟုတ်ဘူးလို့လေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းတာဟာ နိုင်ငံတော်အတွက်အရမ်း အန္တရာယ်များပါတယ်၊ “ ၀ ” က စိန်ခေါ်လာတဲ့သဘောပါ ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ နှစ်ပေါင်းနှစ်ဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုပါ တယ်။

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့လုံးက ထောက်ခံခြင်း ရှိ၊မရှိ မသေချာသေးသော်လည်း တချို့တိုင်းရင်းသားအဖွဲ့များကမူ ယခင်ကတည်းက ပြည်နယ်တောင်းဆိုမှုကို ကန့်ကွက် ခဲ့ကြောင်း၊ “ ၀ ”ကိုသာ ကိုယ်ပိုင်ပြည်နယ်တည်ထောင်ခွင့်ပေးလိုက်လျှင် ပြည်ထောင်စုကြီး အစိတ်အစိတ် အမွှာမွှာပြိုကွဲ သွားနိုင်ကြောင်း၊ ယင်းလုပ်ရပ်ကို ရပ်တန်းကရပ်စေရန် အစိုးရက ကြည့်မနေသင့်ကြောင်း ဒေသခံရှမ်း တိုင်းရင်းသား ဦးစိုင်းဝေလင်းက ပြောပါတယ်။

“ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းတာကို အစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ မြင်တယ်၊ “ ၀ ” အဖွဲ့က တောက်လျှောက်တောင်းလာတာပါ၊ ရှမ်းတိုင်းရင်းသားတွေကလည်း တောက်လျှောက်ကန့်ကွက်လာကြတာ၊ ရှမ်း ပြည်နယ်ကို “ ၀ ” ပြည်နယ်အဖြစ်မခံနိုင်ပါဘူး၊ “ ၀ ” က အဲဒီကိစ္စရှေ့ဆက်တိုးမယ်ဆိုရင် အစိုးရအနေနဲ့ ထိထိရောက် ရောက်ကိုင်တွယ်ဖို့လိုတယ်၊ ရှင်းရှင်းပြောမယ်ဗျာ၊ “ ၀ ” ကို တိုက်သင့်ရင်တိုက်သာပစ်လိုက်တော့” ဟု ရှမ်းလူမျိုး စီးပွားရေးလုပ်ငန်းရှင် ကိုအိုက်ပီးကလည်း ပြောကြားသွားပါ တယ်။

“ ၀ ” ဒေသ ပန်ဆန်း၌ ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံသည် အပစ်ရပ်ကိစ္စများကို အသုံးချကာ “ ၀ ” အဖွဲ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ထူထောင်ရေးကြံစည်လာမှုအပေါ် KIO ဒုဥက္ကဋ္ဌ အင်ဘန်လနဲ့ UNFC လို အဖွဲ့ တွေကပါ မြှောက်ထိုးပင့်ကော်လုပ်နေတာကိုလည်း တွေ့ရတယ်လို့ သတင်းသွားရောက်ယူနေတဲ့ သတင်းထောက် အချို့ထံမှ သိရပါတယ်။

“ ၀ ” တွေ ဒီလိုလုပ်နေတာ အင်မတန်အန္တရာယ်များတယ်၊ CIA သတင်းထောက်တွေကလည်း အခုဆို ပန်ဆန်းအစည်း အဝေးအထိ ထိုးဖောက်သတင်းယူနေကြပါပြီ။ DEA ရဲ့ ၀ရမ်းနဲ့ တရားခံ ၈ ယောက် ဘယ်မှာနေတယ်ဆိုတာ စုံစမ်းနေ ကြတာပါ။ ဘယ်ပုံဘယ်နည်းနဲ့ ၀င်ဖမ်းမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ၀ ကလည်း မခေပါဘူး။ တရုတ်အားကိုးနဲ့ အခုဆိုရင် လက်နက်တွေတင်ဆောင်းထားတဲ့ ကွန်တိန်နာထရပ်ကား အစီး ၃၀၀ လောက်ကို တရုတ်ကနေတစ်ဆင့် ၀ယ်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့ကလည်း တစ်ချိန်မှာ သူတို့ဖက် ပြောင်းဝပြန်လှည့် လာမှာကို စိုးရိမ်တော့ `အကျ´ တွေပဲ ပေးမှာပေါ့။ ယခင်သတင်းများအရ ရဟတ်ယာဉ် ၄ စီး ၀ယ်ထားတယ်ဆိုတာ ကလည်း သူတို့ရဲ့ ပညာရှင်တွေလာနှိုးပေးမှ နှိုးလို့ရတယ်လို့ သိရတယ်။ ၀ ကတော့ Co.Pilot အနေနဲ့ လိုက်ရတယ်လို့ သိရတယ်။ ဒါတွေဟာ တကယ်တော့ တပ်ကို အံတုလာနေတဲ့ လုပ်ရပ်တွေပါ။ စဉ်းစားစရာက တပ်ကတိုက်နိုင်ရဲ့သားနဲ့ မတိုက်သေးတာပါဘဲ။ အစိုးရကလည်း မည်သည့် အရေးယူမှုမှ မလုပ်သေးတာ စဉ်းစားစရာ ပါဘဲ။

“ဒီကြားထဲမှာ သပ်လျှိုချင်နေတာက NCCT မှာ နေရာမရတဲ့ UNFC ဥက္ကဋ္ဌ အင်ဘန်လ ပါဘဲ။ အင်ဘန်လဆိုရင် “ ၀ ” ရဲ့ ကိုယ်ပိုင်ပြည်နယ်တောင်းတဲ့ကိစ္စ ထောက်ခံအားပေးနေတဲ့ သဘောပဲဗျ၊ သူတို့ KIO ကလည်း ၀မ်ပေါင်နိုင်ငံဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ရှိနေတော့ အားပေးအားမြှောက်ပြုတဲ့ သဘောပါ၊ UNFC ဆိုရင်လည်း သိသာလွန်းတယ်၊ တစ်ဖက်မှာတော့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေသလိုလိုနဲ့ တခြားတစ်ဖက်မှာ ကျတော့ “ ၀ ” ကို မြှောက်ပေးနေတယ်၊ ဒါတွေကမလုပ်သင့်တဲ့အရာတွေ၊ သူတို့မြှောက်ပေးတိုင်း “ ၀ ” က ကလာရင် ကမောက် ကမတွေ ဖြစ်လာနိုင်တယ်၊ အစိုးရက အချိန်မီသိဖို့နဲ့ ကိုင်တွယ်ဖို့လိုတာပေါ့ ” ဟု သတင်းဌာန တစ်ခုမှ အငယ်တန်းသတင်းထောက် တစ်ဦးကလည်း ပြောကြားသွားပါတယ်။

“ ၀ ”ဒေသ၊ ပန်ဆန်းက တိုင်းရင်းသားညီလာခံသည် တိုင်းရင်းသားအားလုံး၏ အကျိုးထက် “ ၀ ”၏ ကိုယ်ပိုင်ပြည်နယ် ထူထောင်ရေး အကျိုးဆီသို့သာ ဦးတည်လျက်ရှိရာ သူတော်ချင်းချင်းသတင်းလွေ့လွေ့ဖြစ်နေသော “ ၀”နှင့် အပေါင်းအပါ ၁၂ ဖွဲ့ကို အစိုးရအနေနဲ့ အချိန်မလွန်ခင် တိုင်းပြည်အကျိုးကို ရှေ့ရှုသောအားဖြင့် ထိရောက်ပြတ်သားစွာ ကိုင်တွယ် ဖြေရှင်း သင့်တယ်လို့ပဲ မြင်မိပါ တယ်။

နေမင်းဦး
နေစဉ်သတင်း

0 comments:

Post a Comment