Tuesday, September 24, 2013

ကစားသမားများ ဒဏ်ရာရခဲ့ခြင်းကြောင့် နိုင်ပွဲအတွက် အပြည့်အဝ မပျော်နိုင်ခဲ့သည့် ချယ်လ်ဆီး

ချယ်လ်ဆီး အနေဖြင့် Capital One ပြိုင်ပွဲတွင် ဆွင်ဒန်ကို အနိုင်ရခဲ့သော်လည်း မာကိုဗန်ဂင်ကဲလ် ဒဏ်ရာ ရသွားခြင်းကြောင့် အပြည့်အဝ မပျော်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

နယ်သာလန် လူငယ် ကွင်းလယ် ကစားသမားသည် ဒူးအရွတ် ထိခိုက်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဗန်ဂင်ကဲလ်သည် ဆွင်ဒန်ကို အဝေးကွင်းတွင် (၂-၀)ဖြင့် အနိုင်ရသော ပွဲစဉ်၌ ပထမပိုင်း ကတည်းက ထိခိုက်မိခဲ့သည့်နောက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ရာမီရက်စ်နှင့် လူစားလဲခဲ့ရသည်။ သို့သော်လည်း အဆိုပါ ဘရာဇီးလ်သားသည်လည်း ထပ်မံထိခိုက်ခဲ့ပြီး တော့တင်ဟမ် ဟော့စပါးနှင့် ကစားမည့် လန်ဒန်ဒါဘီ ပွဲစဉ်အတွက် မရေမရာ ဖြစ်လာခဲ့သည်။

သတင်းများက ဗန်ဂင်ကဲလ်သည် နှစ်ကုန်ပိုင်းထိ အနားယူနေရလောက်အောင် ဒဏ်ရာ ပြင်းထန်နိုင်ကြောင်း ခန့်မှန်း ရေးသားခဲ့သည်။ ချယ်လ်ဆီး၏ လက်ထောက်နည်းပြ စတိဗ်ဟိုလန်းက "ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စကားတစ်ခွန်းကို လွယ်လွယ်နဲ့ မပြောချင်ဘူး။ ကြည့်ရတာတော့ အခြေအနေ သိပ်မကောင်းဘူး။ ကျွန်တော်တို့ Scanဖတ်တဲ့ ရလဒ်တွေကို စောင့်ရပါမယ်။ စိတ်ပျက်စရာ တစ်ခုကတော့ ဒီတစ်ပွဲမှာ ကစားသမားနှစ်ယောက် ဒဏ်ရာရသွားတာပါပဲ"ဟု ပြောကြားခဲ့သည်။

ဗီတက်ဆီ အန်ဟမ်းအသင်းမှ ပြောင်းရွှေ့လာသော ဗန်ဂင်ကဲလ် အနေဖြင့်လည်း လပေါင်းအတော်များများ အနားယူရမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ရာမီရက်စ် အနေဖြင့်မူ တင်ပါးထိခိုက်ထားသော်လည်း စပါးနှင့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေဆဲဟု သတင်းများက ဖော်ပြသွားသည်။

Ref : http://www.soccermyanmar.com/

Yatanarpon Call Center

0 comments:

Post a Comment