Tuesday, September 24, 2013

တရားရေးဆိုင်ရာ အားနည်းချက်များကြောင့် အုပ်ချုပ်ရေးမှူးများ အခက်တွေ့လာ


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ တရားစီရင်ရေးစနစ်၏ အားနည်း ချက်များကြောင့် အုပ်ချုပ်မှုအပိုင်း၌ အခက်တွေ့နေရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့စခန်းများနှင့်ဝေးကွာသော အရပ်ဒေသများ၌ရှိသည့် ကျေးရွာအချို့တွင် အုပ်ချုပ်ရေးပိုင်း တာဝန်ယူ ထားရသောသူများမှာ လူထု၏ အမြင်ဟောင်းများကြောင့် အခက်အခဲများဖြစ်ပေါ်နေရပြီး တရားရုံး ရောက်သည်အထိ ဖြစ်ပွား သော အမှုအခင်းများလည်း ပလပ်ခံရသည်ကသာ များပြားနေသည့်အပေါ်တွင် အုပ်ချုပ်မှုပိုင်း၌ အခက်အခဲများဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ဆိုသည်။ 

လွန်ခဲ့သည့်သြဂုတ်လအတွင်းက ဖုန်းဆင်းမ်ကတ်မဲနှိုက်ချထားပေးမှု၌ လိမ်လည်ချထားပေးသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက် ဒုတိယစည်းရုံးရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အား စော်ကားသည့် စကားလုံးများ ပြောဆိုခဲ့သဖြင့် ရိုက်မှုဖြစ်ပွား ခဲ့ကြောင်းကိုလည်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“အရင်ခေတ်အုပ်ချုပ်မှုတွေအရ ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းကို ပြည်သူတွေကမယုံသင်္ကာနဲ့ သံသယတွေရှိနေတယ်၊ ပြီးသွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲတွေကိုလည်း ပြည်သူတွေအနေနဲ့ ကျေနပ်မှုမရှိခဲ့ကြတော့ အုပ်ချုပ်ရေးမှူး တော်တော်များများ ကိုယ့်ရပ်ကွက်၊ ကျေးရွာနေလူထုရဲ့ ယုံကြည်မှုကိုတော်တော်ခက်ခက်ခဲခဲနဲ့ တည်ဆောက်ရလိမ့်မယ်”ဟု ပုသိမ်မြို့မှအငြိမ်းစား ကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးထွန်းရွှေက မှတ်ချက်ပြုသည်။

ပုသိမ်ခရိုင် ငပုတောမြို့နယ်၊သင်္ကန်းကုန်းကျေးရွာတွင် သံဃာတော်တစ်ပါးအား မထီမဲ့မြင်ပြောဆိုခဲ့သော ဒကာမတစ်ဦးကို အရေးယူပေးပါရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားခဲ့သဖြင့် ထိုအမျိုးသမီးအား မေးမြန်းရန် ရုံးသို့ခေါ်ဆောင်ထားစဉ် အခြားအမျိုးသမီးသုံးဦးမှ ရုံးရှေ့၌အုပ်ချုပ်ရေးမှူးအပါအ၀င် ရုံးတွင်းရှိ ရပ်မိရပ်ဖများကို ဂုဏ်သိက္ခာပိုင်းထိခိုက်စေသည့် စကားလုံးများဖြင့် အော်ဟစ်ပြောဆိုမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

“အဲဒီလို ပြောဆိုခဲ့တာကြောင့် ရွာထဲမှာလူကြီးတွေ မျက်နှာမပြရဲအောင်ဖြစ်နေလို့ တရားစွဲတော့ သူတို့ဘက်က ဘာတွေ လုပ်လိုက်လဲ မသိပါဘူးဗျာ၊ ရဲစစ်ချက်က အစတုန်းက တစ်မျိုး၊ အခုလ(၁၃) ရက်နေ့မှာ တရားရုံးက ပလပ်လိုက်တော့ ကျွန်တော်တို့တွေက ရွာကိုအုပ်ချုပ်ဖို့နေနေသာသာ ရွာကိုတောင်ဘယ်လိုမျက်နှာနဲ့ပြန်ရမှန်း မသိဖြစ်နေပြီ”ဟု သင်္ကန်းကုန်း ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောသည်။

ထို့အပြင် သာပေါင်းမြို့နယ်၊ဇီးဖြူကွင်းကျေးရွာတွင်လည်း စက်တင်ဘာ(၅)ရက်နေ့ညနေက သစ်ခိုး ထုတ်နေသော ဆယ်ဘီး ကားမှ အသက်(၇၈)နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးနေအိမ်အား ကြေမွအောင် ၀င်ရောက်တိုက်ခဲ့သည့် အဖြစ်အပျက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကတားမြစ်နေသည့် ကြားမှကား ပိုင်ရှင်က ငွေကြေးအားကိုးဖြင့် မထီမဲ့မြင်ပြုလုပ်၍ ကားကိုပြန်လည်မောင်းနှင်ကာ ရဲစခန်းနှင့်ကျေးရွာကို ထိပ်တိုက်ရှင်းလင်းစေခဲ့သည်။

“ရဲစခန်းက တာဝန်ရှိတဲ့သူတွေရောက်လာတော့လည်း အိမ်ကို ကားဝင်အတိုက်ခံရတဲ့ အမေအို ကြီးနဲ့ရွာကလူတွေကို တရားခံလို ပြန်စစ်တော့ ကျွန်တော်တို့ဒေသန္တရအုပ်ချုပ်ရေးအပိုင်းကို ကျေးရွာ လူထုရဲ့ယုံကြည်အားကိုးမှုပျက်ပြားစေပါတယ်”ဟု သာပေါင်း မြို့နယ်၊ ဇီးဖြူကွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးပေါင်း၂၁၆၅ရုံးရှိပြီး ယမန်နှစ်ကပြုလုပ်ခဲ့သော အုပ်ချုပ်ရေး မှူး ရွေးချယ်ပွဲများတွင်လည်း ယခင် အုပ်ချုပ်ရေးမှူး အများစု ကသာပြန်လည် အနိုင်ရခဲ့မှုကြောင့် တိုင်ကြားမှု များစွာဖြစ်ပွားခဲ့ သဖြင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ အုပ်ချုပ်ရေးမှူးကိစ္စအား အကြိတ်အနယ်ဆွေးနွေးရသည့် အခြေအနေသို့ ရောက်ရှိ ခဲ့ရသည် ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

Myit Ma Kha Media Group

0 comments:

Post a Comment