Wednesday, October 9, 2013

ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် အာမခံ အကာအကွယ်ထားရှိနိုင်

ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကာလအတွင်း အာမခံ အကာအကွယ် ထားရှိနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ထိုသို့ ထားရှိရာတွင် ခရီးသွား ကုမ္ပဏီများအနေဖြင့် မိမိကုမ္ပဏီအစီအစဉ်အရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများအတွက် အာမခံထားရှိနိုင်ပြီး အာမခံထားရှိရာတွင် ခရေီးသည်၏ အမည်၊ passport နံပါတ်၊ ခရီးစဉ်ဇယားတို့နှင့်အတူ သက်ဆိုင်ရာအေဂျင်စီမှ ခရီးစဉ် မစတင်မီ လာရောက်ထားရှိရမည် ဖြစ်ကြောင်း သိရသည်။

ယင်းကမ္ဘာလှည့် ခရီးသွား အာမခံကို မြန်မာကျပ်ငွေဖြင့် တစ်ယူနစ် ကျပ်ငါးသိန်းမှ ယူနစ် ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၀ အထိ ၀ယ်ယူနိုင်ကြောင်း သိရသည်။ တစ်ယူနစ် အာမခံတန်ဖိုး ကျပ်ငါးသိန်း ထားရှိခြင်းအတွက် တစ်ပတ်လျှင် အာမခံ ပရီမီယံကြေးကျပ် ၅၀၀၊ နှစ်ပတ်လျှင် အာမခံ ပရီမီယံကြေးကျပ် ၁၀၀၀၊ လေးပတ်လျှင် အာမခံပရီမီယံကြေး ကျပ် ၂၀၀၀ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွား အာမခံဝယ်ယူ ထားသူများအနေဖြင့် ခရီးသည်များ ယာဉ်စီးနင်း လိုက်ပါစဉ် ယာဉ်ကြောင့် သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သေဆုံး/ဒဏ်ရာရခြင်း အတွက် ၀ယ်ယူထားသည့် ယူနစ်အလိုက် လျော်ကြေး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ လျော်ကြေး အကျုံးမ၀င်သည့် အချက်များလည်းရှိပြီး ရူးသွပ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရရှိစေခြင်း စသည့် အချက်များအပါအ၀င် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မညီညွတ်ပါက ပေးလျော်မည် မဟုတ်ကြောင်း သိရသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့ မှတစ်ဆင့် ခရီးသွားကုမ္ပဏီများနှင့် ဆက်သွယ်၍ အာမခံထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု တစ်သန်းခန့်ရှိကြောင်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံကုမ္ပဏီများကို ယခုနှစ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့ကာ အဆိုပါ ကုမ္ပဏီများအား လုပ်ငန်းအမျိုးအစား ခြောက်မျိုးကိုသာ ကနဦးအနေဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းတို့ အခြေချခိုင်မာလာပါက လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ထပ်မံခွင့်ပြုသွားရန်ရှိကြာင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment